ယနေ့ည မှာ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် ၅ ကို ဆက်လက် ကျင်းပသွားဖို့ ရှိနေရာ ၊ တချို့ ပွဲအနည်းငယ် က စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။ အုပ်စု E မှာတော့ ၁၆ သင်း အဆင့် ကို တက်ရောက်သွားတဲ့ အသင်း ၂သင်း က ပြီးခဲ့တဲ့ အပတ် ကတည်းက အဖြေပေါ်ခဲ့လို့ ၊ လက်ကျန် ပွဲစဉ် ၂ပွဲက ဆွဲဆောင်မှု သိပ်မရှိတော့တာ အမှန်ပါပဲ ။

သို့ပေမယ့် အုပ်စုဗိုလ် နဲ့ ဘယ်အသင်း က ၁၆ သင်း အဆင့် ဆီ တက်လှမ်းနိုင်မလဲ ဆိုတာ ကိုတော့ ယနေ့ည စပိန်မြေမှာ ကစားမယ့် ဆီဗီးလား – ချဲလ်ဆီး ပွဲက သေချာပေါက် အဆုံးအဖြတ်ပေးဖို့ ရှိနေပါတယ် ။ လက်ရှိ အချိန်မှာ ၎င်းတို့ ၂သင်း ဟာ ရမှတ် ၁၀ မှတ် နဲ့ အဆင့် ၁ နဲ့ ၂နေရာမှာ ရပ်တည်နေကြပါတယ် ။

ပထမ အကျော့ ၊ အင်္ဂလန်မြေ ၊ စတမ်းဖို့ဒ်ဘရစ်ချ် မှာ ထိပ်တိုက် ရင်ဆိုင်ခဲ့စဉ် ကတော့ ဂိုးမရှိ သရေ ရလဒ် နဲ့သာ ပြီးဆုံးခဲ့လို့ ၊ ချဲလ်ဆီး အသင်း ဟာ Head-to-Head သဘောတရား အရ ဇယားထိပ် ကို လောလောဆယ် ဦးဆောင်နေတာ ဖြစ်ပါတယ် ။

ယနေ့ည ပွဲမှာ နိုင်တဲ့ အသင်း က အုပ်စုဗိုလ် နဲ့ ၁၆ သင်း အဆင့်ကို တက်လှမ်းမှာ ဖြစ်လို့ ၊ ခြေကုန် မထုတ်ရင်တောင် ၊ အဓိက ကစားသမား တချို့ ကို ဆက်လက် အသုံးပြုရဖွယ် ရှိနေပါတယ် ။ ဆီဗီးလား မန်နေဂျာ ဂျူလန် လိုပတ်တီဂွီ ကတော့ ပထမ အကျော့ က အတိုင်း ၊ ပြိုင်ဖက် ချဲလ်ဆီး အသင်း ကို ပွဲမစတင် ကြိုတင် ချီးကျူးမှုတွေ လုပ်ခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ လိုပတ်တီဂွီ က ” ချဲလ်ဆီး အသင်း ဟာ ဒီရာသီ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်တဲ့ ၊ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အင်အားကြီး ကလပ် တသင်း ဖြစ်ပါတယ် ။ လောလောဆယ် မှာ သူတို့ဟာ အင်္ဂလန် ရဲ့ တိုက်စစ် အကောင်းဆုံး အသင်း ဖြစ်ပြီး ၊ ကြီးကျယ်တဲ့ ကစားသမားကောင်း တွေကိုလည်း ပိုင်ဆိုင်ထားပါတယ် ။ ”

” သူတို့နဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာ ကျွန်တော်တို့ အတွက် တကယ် ရင်ခုန် စိတ်လှုပ်ရှားစရာပါ ။ ဒါဟာ ကျွန်တော် တို့ကို အကောင်းဆုံး အရည်အသွေးတွေ ထုတ်ပြ ကစားဖို့ စိတ်ဓာတ် လှုံ့ဆော်မှု ပေးစေပါတယ် ။ ကျွန်တော် ကတော့ ဒီပွဲဟာ ရှုပ်ထွေးမှု ရှိမယ် လို့ မျှော်မှန်းထားပါတယ် ။ ”

” ချဲလ်ဆီး အသင်း ဟာ များစွာသော အရည်အချင်းရှိ ထိပ်တန်း ကစားသမားကောင်း တွေနဲ့ ပြည့်နှက်နေတဲ့ အသင်းပါ ။ ဒါဟာ ကျွန်တော် တို့ကို ပွဲကောင်း တပွဲ ယှဉ်ပြိုင် ရစေဖို့ ၊ အားထုတ်မှု ကို ၂ဆ တိုးစေမယ့် အနေအထားလည်း ဖြစ်ပါတယ် ။ ကျွန်တော် တို့ဟာလည်း အုပ်စုဗိုလ် နေရာ အတွက် စိန်ခေါ်မှု အပေါ် စိတ်လှုပ်ရှားနေကြပါတယ် ။ ”

” ချန်ပီယံလိဂ် ဖလား စိန်ခေါ်ဖို့ ကြိုးစားနေတဲ့ ကလပ် တသင်း ကို အိမ်ကွင်းမှာ လက်ခံ ကစားရမယ့် အပေါ်လည်း စိတ်လှုပ်ရှားနေပါတယ် ။ ကျွန်တော် တို့ဟာ အသင်း တသင်း အဖြစ် ဆက်လက် ကြီးထွား တိုးတက်လိုပြီး ၊ မနက်ဖြန်မှာ အုပ်စုဗိုလ် နေရာ အတွက် အထူး ယှဉ်ပြိုင်ရခက်တဲ့ အင်အားကြီး ကလပ် တသင်း နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ ”

” ကျွန်တော် ဟာ ကိုယ့် အသင်းသားတွေ တနေ့ထက် တနေ့ အင်တိုက်အားတိုက် ကြိုးစားနေကြတာကို တွေ့ထားရပါတယ် ။ ဒီရာသီ အတွင်း ဒဏ်ရာ ပြဿနာ နဲ့ အခြားသော အခက်အခဲ မျိုးစုံ ရှိနေတဲ့ အနေအထားမှာတောင် အသင်းသားတွေဟာ သူတို့ရဲ့ အကောင်းဆုံး ပုံစံ နဲ့ ပေးဆပ်ဖို့ ကြိုးစားနေကြတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR