ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု E အတွက် အုပ်စုဗိုလ် အဆုံးအဖြတ် ပေးခဲ့တဲ့ ဆီဗီးလား နဲ့ ပွဲမှာ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ရဲ့ ပြီးပြည့်စုံတဲ့ စူပါဟက်ထရစ် နဲ့ အတူ ၀ – ၄ ရလဒ် နဲ့ အနိုင်ရခဲ့ကာ ၊ ၁၆ သင်း အဆင့် ကို အုပ်စုဗိုလ် နဲ့ တက်ရောက်နိုင်ခဲ့ပါတယ် ။

ဂျရူး အတွက်တော့ ဒီရာသီ ဒုတိယ အကြိမ် ပွဲထွက်ခွင့် ရခဲတဲ့ အနေအထား မှာ ချဲလ်ဆီး အသင်း အတွက် ချန်ပီယံလိဂ် သွင်းဂိုး ၅ဂိုး အထိ ရရှိထားပြီး ဖြစ်ကာ ၊ အဆုံးအဖြတ် ပေးတဲ့ ပွဲတွေမှာ အနီးကပ် ပြိုင်ဖက် အသင်းဖော် တမ်မီ အေဘရာဟမ် ထက် ပိုပြီး အကျိုးပြုပေးကြောင်း သက်သေပြထားနိုင်ခဲ့ပါတယ် ။

ယင်း ပြင်သစ် တိုက်စစ်မှူး ဟာ ချဲလ်ဆီး အသင်း ကို ၂၀၁၈ – ၂၀၁၉ ဘောလုံး ရာသီတုန်း ကလည်း ယူရိုပါလိဂ် ပြိုင်ပွဲ တလျှောက် သူ့ရဲ့ သွင်းဂိုး အများစု နဲ့ ဆွဲတင်ပေးခဲ့ပြီး ၊ ယူရိုပါလိဂ် ရွှေဖိနပ်ဆု ကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ် ။ ဒါ့အပြင် မနေ့ည က ၄ဂိုး သွင်းခဲ့တဲ့ အတွက် ရီးရဲလ်မက်ဒရစ် ဂန္တဝင် ဇီဒန်း ရဲ့ ချန်ပီယံလိဂ် သွင်းဂိုး မှတ်တမ်း ကို ဂျရူး တယောက် ကျော်ဖြတ်နိုင်ခဲ့ပါတယ် ။

ဂျရူး ဟာ အာဆင်နယ် အသင်း ကနေ ချဲလ်ဆီး အသင်း သို့ ၂၀၁၈ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ပေါင် ၁၈ သန်း နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ၊ ပေးခဲ့ရတဲ့ တန်ကြေးထက် ပိုလွန်တဲ့ ပေးဆပ်မှုတွေနဲ့ ချဲလ်ဆီး အသင်း ကို အရန် တိုက်စစ်မှူး အဖြစ် နှစ်တိုင်း အကျိုးပြုခဲ့ပါတယ် ။

မနေ့ည က ဂျရူး ရဲ့ ဟက်ထရစ် ကို ကြည့်မိတဲ့ အာဆင်နယ် ပရိသတ်တွေ အနေနဲ့ လက်ရှိ ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ အူဘားမီးယန်း ၊ လာကာဇက် တို့ကို ကျော်ပြီး ၎င်းတို့ ဘာကြောင့် ဂျရူး ကို လက်လွှတ်ခဲ့လဲ ဆိုတာနဲ့ ပတ်သက်ပြီး ခံစားနေရလိမ့်မယ် လို့ ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဂျိုကိုးလ် က အခုလို သုံးသပ်ခဲ့ပါတယ် ။

BT Sport ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ် မှာ ဂျိုကိုးလ် က ” လုံးဝ အပြစ် အနာအဆာ ကင်းစင်တဲ့ စွမ်းဆောင်ရည်ပါပဲ ။ ကျွန်တော် တို့ဟာ ဒီနေ့မှာ သူ့ရဲ့ လှပ ညက်ညောတဲ့ ကစားဟန် ကို မြင်တွေ့လိုက်ရတာ ဖြစ်ပါတယ် ။ သွင်းဂိုး အားလုံး ကို သူဟာ သွေးအေးအေး အဆုံးသတ်နဲ့ သွင်းယူခဲ့တာပါ ။ ”

” ဒါကို ကျွန်တော်တို့ သူ့ရဲ့ သွင်းဂိုးတွေကို ပြန်ပြခြင်း နဲ့သာ သက်သေပြလို့ ရပါမယ် ။ ဂျရူး ရဲ့ သွင်းဂိုး တွေကို ကြည့်မိတဲ့ အာဆင်နယ် ပရိသတ်တွေ ကတော့ ‘ ငါတို့ ဘာလို့ ဂျရူး လက်လွှတ်ခဲ့မိပါလိမ့် ‘ လို့ တွေးကောင်းတွေးမိနေကြမှာပါ ။ သူဟာ ကြီးကျယ်တဲ့ ပရော်ဖက်ရှင်နယ် တယောက် ၊ ကြီးကျယ်တဲ့ တိုက်စစ်မှူး တယောက်ပါ ။ ”

” ပွဲအပေါ် မှာ သူ့ရဲ့ သက်ရောက်မှု က အတော်လေး ကြီးမားပါတယ် ။ ပွဲထွက် တိုက်စစ်မှူး ရွေးချယ်မှု နဲ့ ပတ်သက်ပြီး ဂျရူး ဟာ ဖရန့် ကို အကြီးအကျယ် ခေါင်းခဲစေပါပြီ ။ ကျွန်တော် ကတော့ ဒီတပတ် လိဒ်စ် နဲ့ ပွဲအတွက် ဂျရူး ကို ပွဲထုတ်စေချင်ပါတယ် ။ ”

” ပွဲအပြီး အဝတ်လဲခန်းထဲ သွားပြီး ၊ ဖရန့် ကိုယ်တိုင်ကလည်း ‘ ဂျရူး ရဲ့ ခံယူချက် ကို ကြည့် ၊ အရန်ခုံကနေ ထလာတယ် ၊ ဂိုးတွေ သွင်းသွားတယ် ၊ ဒီတော့ လာမယ့် စနေနေ့ ပွဲအတွက် သူ ပွဲထွက် ကစားရမယ် ‘ လို့ ပြောပါလိမ့်မယ် ။ ဒါဟာ အသင်းသား တွေကို ပိုပြီး တစုတစည်းတည်း ဖြစ်စေပါတယ် ။ ဒီနေ့လို စွမ်းဆောင်ရည်မျိုး ပြသနိုင်ရင် ၊ ပွဲထွက် စာရင်း မှာ ဝင်ကို ဝင်ရမယ် ဆိုတာ ခင်ဗျား သိနေလောက်မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး မန်နေဂျာဟောင်း တဦး ဖြစ်တဲ့ ဂလင်း ဟော်ဒယ် ကလည်း ” ဒီနေ့ပွဲက ဂျရူး ရဲ့ စွမ်းဆောင်ရည် ဟာ လန်ပျံထွက်နေတာပါပဲ ။ ပွဲမစတင်ခင် ကတည်းက ဂျရူး ဟာ ပွဲထွက်ခွင့် တချို့ ရဖို့ ထိုက်တန်တဲ့ အကြောင်း ကျွန်တော်တို့ ပြောခဲ့ကြပါသေးတယ် ။ ဒီနေ့ပွဲက ဟက်ထရစ် က သူ ဘာကြောင့် ပွဲထွက်ခွင့် ရသင့်လဲ ဆိုတာ ပြသနေပါတယ် ။ ”

” ဆီဗီးလား နဲ့ ပွဲမျိုးမှာ ၄ဂိုး သွင်းနိုင်ခဲ့တဲ့ ခြေစွမ်းမျိုးနဲ့ ဆိုရင် ၊ လာမယ့် စနေနေ့ပွဲ အတွက် ဂျရူး တယောက် ပွဲထွက်ခွင့် ရဖို့ အပြည့်အဝ ထိုက်တန်ပါတယ် ။ ဖရန့် ဖက်က လာမယ့် လိဒ်စ် နဲ့ ပွဲအတွက် သူ့ကို အခွင့်အရေး ပေးဖို့ စဉ်းစားနေပြီလား ဆိုတာ ကျွန်တော် မသိပေမယ့် ၊ ကျွန်တော် ကတော့ ဒီနေ့ သူ့ရဲ့ စွမ်းဆောင်ရည် ကို ကမ္ဘာ့ အဆင့် အဖြစ်သာ သတ်မှတ်ပေးပါတယ် ။ ”

” ဒီနေ့ သွင်းဂိုး ၄ဂိုး ကို ခဏ ဖယ်ထားဦး ။ ဂျရူး ရဲ့ ပွဲချိန် အတွင်း ကြိုးစားအားထုတ်မှု တွေက လုံးဝ ကောင်းမွန်ခဲ့ပါတယ် ။ ဒါပေမယ့် ဒီလို ပြီးပြည့်စုံတဲ့ ဟက်ထရစ် ရလာချိန်မှာတော့ ခင်ဗျား ဟာ ကြိုက်သည် ဖြစ်စေ ၊ မကြိုက်သည် ဖြစ်စေ ၊ ဂျရူး ကို လိဒ်စ် နဲ့ ပွဲမှာ ပွဲထုတ်မှ ကို ရပါတော့မယ် ။ သူ့ကို ကြည့်ရတာ ဘောလုံးကွင်းထဲမှာ ပြန်ကစားခွင့် ရဖို့ အထူး ဆာလောင်နေပုံပါ ။ ”

” ချဲလ်ဆီး အသင်းဖော်တွေဟာ ဘောလုံး ရတိုင်း ၊ သူ့ကိုပဲ ရှာဖွေ ပေးနေကြပါပြီ ။ ရလာတဲ့ အခွင့်အရေးတိုင်း ကိုလည်း ဂျရူး ဟာ ဂိုးအဖြစ် ပြောင်းလဲပေးဖို့ အချိန်တိုင်း ကြိုးစားနေခဲ့တာပါ ။ ဒီနေ့ သွင်းဂိုးတွေက သူ့ရဲ့ ယုံကြည်မှု ကို ၂ဆ တိုးစေပါတယ် ။ အခုဆို သူ့ကို ပွဲထွက် စာရင်း က ချန်လှပ်ဖို့ တကယ် ခက်သွားပါပြီ ။ ဂျရူး ဟာ ပွဲထွက်ခွင့် ကို ကိုယ်တိုင် ရှာဖွေ တိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR