ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ပြောင်းရွှေ့ကြေး အသုံးစရိတ် ပေါင်သန်း ၂၂၀ ဝန်းကျင် အသုံးပြုကာ ၊ ကစားသမားသစ် ခေါ်ယူမှု ၇ခု အထိ ပြုလုပ်ခဲ့တဲ့ ချဲလ်ဆီး အသင်း ဟာ ဒီဇင်ဘာ ပွဲကြပ် ကာလ ကို စတင် ဝင်ရောက်လာချိန်မှာတော့ အမြင့် ပျံသန်းလျက် ရှိနေပါတယ် ။

ပရီးမီးယားလိဂ် ရဲ့ အမှတ်ပေးဇယား အဆင့် ၃ မှာ ရပ်တည်နေတဲ့ ချဲလ်ဆီး အသင်း ဟာ တမြန်နေ့ကပဲ ဆီဗီးလား အသင်း ကို အဝေးကွင်း မှာ ပြင်သစ် ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ရဲ့ ပြီးပြည့်စုံတဲ့ စူပါဟက်ထရစ် နဲ့ အတူ ၄ဂိုးပြတ် အနိုင်ရခဲ့ကာ ၊ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် သို့ အုပ်စုဗိုလ် အဖြစ် နဲ့ တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ် ။

ပြည်တွင်းလိဂ် ချန်ပီယံဆု ကို စိန်ခေါ်ဖို့ လက်ရှိ ချန်ပီယံ လီဗာပူး နဲ့ ဇယား ထိပ်ဆုံး က တော့တင်ဟမ် အသင်းတွေ နည်းတူ ချဲလ်ဆီး ဟာလည်း အထူး ရေပန်းစားလျက် ရှိနေပါတယ် ။ ခေါ်ယူထားတဲ့ ကစားသမားသစ် တွေဟာ ချဲလ်ဆီး အသင်း မှာ မထင်မှတ်ထားလောက်အောင် လျင်လျင်မြန်မြန် နဲ့ အထိုင်ကျလာခဲ့ပါတယ် ။

ပေါင်သန်း ၇၀ နဲ့ ခေါ်ယူထားတဲ့ ကိုင်ဟာဗက်ဇ် က လွဲရင် ၊ ကျန်တဲ့ ကစားသမားသစ် တွေဟာ အဓိက ပွဲထွက် နေရာတွေနဲ့ ထိုက်တန်ကြောင်း ကို ကစားခွင့် ရတဲ့ အခါတိုင်း သက်သေပြထားကြပြီး ဖြစ်ပါတယ် ။ အထူးသဖြင့် ခံစစ်ပိုင်း အတွက် ဖြည့်တင်းမှု ၃ခု ဖြစ်တဲ့ ဘန်ချေဝဲလ် ၊ သီယာဂို ဆေးလ်ဗား ၊ အက်ဒိုဝါ့ဒ် မန်ဒီ တို့ရဲ့ သက်ရောက်မှု က အထူး ကြီးမားခဲ့ပါတယ် ။

တော့တင်ဟမ် ဂိုးသမားဟောင်း ပေါလ် ရော်ဘင်ဆင် ကတော့ လစ်ပ်ဇစ် အသင်း ကနေ ယူရိုသန်း ၅၀ နဲ့ ပြောင်းရွှေ့လာတဲ့ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ၊ ရန်းနက်စ် အသင်း ကနေ ပေါင် ၂၂ သန်း နဲ့ ပြောင်းရွှေ့လာတဲ့ ဆီနီဂေါ လက်ရွေးစင် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီ တို့ကသာ ၎င်းကို အထူး အထင်ကြီးစေပြီး ၊ ချဲလ်ဆီး အသင်း ဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်တယ် လို့ ခန့်မှန်းလာပါတယ် ။

LadBrokes နဲ့ တွေ့ဆုံခဲ့ရာမှာ ရော်ဘင်ဆင် က ” ပြီးခဲ့တဲ့ နွေတတွင်း မှာ ဖရန့် လမ်းပတ် ဟာ ကစားသမားသစ် ခေါ်ယူမှုကောင်း တွေကို လုပ်ဆောင်နိုင်ခဲ့တယ် လို့ ထင်ပါတယ် ။ သူဟာ တချို့သော ကြီးကျယ်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ခဲ့ပါတယ် ။ အထူးသဖြင့် ဂိုးသမား နေရာ အတွက်ပါ ။ ”

” ဂိုးသမား နေရာ ဟာ ချဲလ်ဆီး အသင်း အပေါ်မှာ ကြီးကြီးမားမား သက်ရောက်မှု ရှိနေလို့ ၊ အက်ဒိုဝါဒ် မန်ဒီ ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ် ။ သူဟာ နောက်ဆုံး ဖမ်းခဲ့တဲ့ ၇ပွဲမှာ ၅ပွဲ အထိ Clean Sheet ရခဲ့ပါတယ် ။ သူရဲ့ လက်စွမ်း က အထူး ကောင်းမွန်ပါတယ် ။ တီမို ဗာနာ လိုပဲ ဒီရာသီ ချဲလ်ဆီး အသင်း ရဲ့ အကောင်းဆုံး ခေါ်ယူမှု တခုပါပဲ ။ ”

” အင်္ဂလန် လက်ရွေးစင် အသင်း မှာ ဖရန့် နဲ့ အတူ တသင်းတည်း ကစားခဲ့ဖူးလို့ ၊ ကျွန်တော် ဟာ သူ မန်နေဂျာ လောကထဲကို ဝင်ရောက်မယ် ဆိုတာ အမြဲ ခန့်မှန်းမိနေခဲ့ပါတယ် ။ ဒါပေမယ့် ကစားသမား ဘဝ က အနားယူပြီး သိပ်မကြာခင်မှာပဲ ချက်ချင်းဆိုသလို မန်နေဂျာ လောကထဲ ရောက်လာတော့ ကျွန်တော် နည်းနည်း အံ့သြခဲ့မိပါတယ် ။ ”

” ပထမဆုံး အနေနဲ့ ဖရန့် ဟာ ဒါဘီ အသင်း ကို စတင် ကိုင်တွယ်ခဲ့တယ် ၊ အဲ့ဒီမှာ သူဟာ ကြီးကြီးကျယ်ကျယ် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။ ချဲလ်ဆီး မန်နေဂျာ ဖြစ်လာတာနဲ့ ပတ်သက်ပြီး ပြောရရင် သူဟာ ဖရန့် လမ်းပတ် ဖြစ်နေသလို ၊ ဒီ ကလပ် ရဲ့ ဂန္တဝင် တဦးပါ ။ ဒီတော့ အရေးကြုံတဲ့ အချိန် သူဟာ မန်နေဂျာ ရာထူး ကမ်းလှမ်းခံရတာ ဖြစ်ပါတယ် ။ ”

” ကစားသမား ဘဝတုန်းက သူဟာ ချဲလ်ဆီး အသင်း မှာ အံ့သြဖွယ် အောင်မြင်မှုတွေ ရရှိခဲ့ပါတယ် ။ ကလပ် ဂန္တဝင် တယောက် က အဲ့ဒီ ကလပ် ရဲ့ မန်နေဂျာ တာဝန် ကို ယူထားရတာ အမြဲတမ်း ခက်ခဲပါတယ် ။ ဘာလို့လဲ ဆိုတော့ အခြေအနေ တွေက ထင်ထားသလို ဖြစ်မလာရင် ၊ ရာထူး က ဖယ်ရှားဖို့က အင်မတန်မှ ကြပ်တည်းတဲ့ အခြေအနေ ဖြစ်လာနိုင်လို့ပါ ။ ”

” ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကတော့ ချဲလ်ဆီး အသင်း ရဲ့ Transfer ban ကြောင့် ဖရန့် အတွက် သိပ်ပြီး ဖိအားမရှိခဲ့ပါဘူး ။ ဒီတော့ သူဟာ အကယ်ဒမီ က လူငယ် တချို့ နဲ့ အသင်း ကို စိတ်ကြိုက် တည်ဆောက်ခွင့် ရခဲ့ပါတယ် ။ အခုတော့ သူဟာ ဒီ လူငယ်တွေ အကြားကို ငွေကြေး မြောက်မြားစွာ အသုံးပြုပြီး ခေါ်ယူထားတဲ့ ထိပ်တန်း ကစားသမား တွေကို ထည့်သွင်းလိုက်ပါပြီ ။ ”

” ဒီ ပေါင်းစပ်မှု က ဘာကို ဆိုလိုတာလဲ ဆိုတော့ ကျွန်တော့ အတွက် ချဲလ်ဆီး အသင်း ဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို ကြီးကြီးကျယ်ကျယ် ခြိမ်းခြောက်နိုင်တယ် ဆိုတာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR