စနေနေ့ ညနေ ရဲ့ အစောပိုင်း ပွဲစဉ် တပွဲ ဖြစ်တဲ့ နောဝှစ်ခ်ျ – ချယ်လ်ဆီး အသင်း တို့ရဲ့ ပွဲစဉ်မှာ အပြန်အလှန် သွင်းဂိုး တွေနဲ့ အတူ ၂ – ၃ နဲ့ ဧည့်သည် ချယ်လ်ဆီး တို့ ဒီရာသီ အတွက် ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ ကို စတင် ရှာဖွေ သွားခဲ့ပါတယ် ။ ဒါဟာ နည်းပြသစ်လဖရန့် လမ်းပတ် အတွက် ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ လည်း ဖြစ်ပါတယ် ။ ၂သင်းလုံး ဟာ တိုက်စစ် အားသန် အသင်း ဖြစ်လို့ တိုက်စစ်ပိုင်း ဖျော်ဖြေမှု အရမ်း ပေးခဲ့တဲ့ ပွဲကောင်း တပွဲ ဖြစ်ခဲ့ပါတယ် ။

ပထမပိုင်း ကစားပုံ အရ ၂သင်းလုံး တိုက်စစ် ဖွင့်ကစား နေခဲ့တာကြောင့် ပွဲအစ ၁၀ မိနစ် အတွင်းမှာပဲ သွင်းဂိုး၂ဂိုး ကို မြင်တွေ့ ခဲ့ရပါတယ် ။ ပွဲအစ အစောပိုင်း မှာပဲ တရစပ် တိုက်စစ် ဆင်နေတဲ့ ချယ်လ်ဆီး က အဖွင့်ဂိုး ကို စရခဲ့ပြီး အက်ဇ်ပီလီကွီတာ ရဲ့ ဖြတ်တင်ဘော က တဆင့် အေဘရာဟမ် က ဝေ့ဝိုက် ကန်ချက် နဲ့ ဦးဆောင်ဂိုး ကို စတင် ရယူ ခဲ့ပါတယ် ။ ထုံးစံ အတိုင်း ခံစစ် ကစားပုံ အတော် ဆိုးရွား နေတဲ့ ချယ်လ်ဆီး အသင်း ဟာ နောက် ၃မိနစ် အကြာမှာပဲ ချေပဂိုး ပေးခဲ့ရပါတယ် ။

ဒီ ချေပဂိုး ဟာ နောဝှစ်ခ်ျ ရဲ့ လှပတဲ့ တိုက်စစ် တွဲလုံး ကနေ တဆင့် တောင်ပံ ကစားသမား ကန့်ဝဲလ် က လက်ရှိ ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး ကစားသမား ပူကီ ရဲ့ ဖန်တီး ပေးမှု ကို အကောင်းဆုံး အဆုံးသတ် နိုင်ခဲ့ပါတယ် ။ ချေပဂိုး ပြန်ပေး ခဲ့ရပြီးနောက် ဦးဆောင်ဂိုး ကို အသည်းအသန် ရှာဖွေ လိုနေတဲ့ ချယ်လ်ဆီး တို့ ဦးဆောင်ဂိုး ကို ပွဲချိန် ၁၇ မိနစ် မှာ ရရှိ ခဲ့ပါတယ် ။

ဒီဂိုး ကို လမ်းပတ် ရဲ့ အချစ်တော် ကစားသမား မေဆင်မောင့်တ် က ပူလီဆစ် ရဲ့ ဖန်တီး ပေးမှု က တဆင့် နောဝှစ်ခ်ျ နောက်တန်း ကို လှလှပပ ကျော်ဖြတ်ပြီး ချယ်လ်ဆီး အတွက် ဒုတိယမြောက် ဂိုးကို သွင်းပေး ခဲ့ပါတယ် ။ တမှ တဖန် နောဝှစ်ခ်ျ ဖက်က ကစားအား ပြန်တင် လာခဲ့ပြီး ချေပဂိုး ရရှိ ဖို့ အတော်လေး ကြိုးစား လာခဲ့ပါတယ် ။ ပွဲချိန် ၃၁ မိနစ် မှာတော့ ဘူဝမ်ဒီယာ ရဲ့ ဖန်တီးမှု ကို သွင်းဂိုး အများဆုံး ပူကီ က သူ့ရဲ့ ဂိုးလာဘ် ရှိမှု နဲ့ အတူ ချေပဂိုး အတွက် အဆုံးသတ် နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဒီဂိုး မှာ ချယ်လ်ဆီး ဂိုးသမား ကီပါ အနေနဲ့ ကာကွယ် နိုင်သင့်တဲ့ အနေအထား မှာ ရှိခဲ့ပါတယ် ။

ဒုတိယပိုင်း မှာလည်း ဦးဆောင်ဂိုး ရှာဖွေ ဖို့ အတွက် ကြိုးစား လာတဲ့ လမ်းပတ် ရဲ့ ချယ်လ်ဆီး အသင်း ဟာ တိုက်စစ် တွဲလုံး ၊ တကိုယ်တော် ထိုးဖောက်မှု အများအပြား ပြုလုပ် လာခဲ့ပါတယ် ။ အိမ်ရှင် နောဝှစ်ခ်ျ ဖက်ကတော့ သရေ တမှတ် ကို ဦးတည် လာခဲ့တဲ့ ပုံစံမျိုး ကို မြင်တွေ့ ခဲ့ရပြီး ချယ်လ်ဆီး အသင်း က ဦးဆောင်ဂိုး ပြန်သွင်းမှသာ ပြန်တိုက်မယ့် သဘောမျိုး ကို တွေ့ခဲ့ ရပါတယ် ။

နိုင်ပွဲ ဆာလောင် နေတဲ့ ချယ်လ်ဆီး တို့ဟာ တတိယမြောက် ဂိုးမရခင် အထိ သွင်းဂိုး နဲ့ နီးစပ် နိုင်မယ့် အနေအထား တချို့ ကို ရရှိ ခဲ့ပါတယ် ။ အဖိုးတန် အနိုင်ဂိုး ကိုတော့ ပွဲချိန် ၆၉ မိနစ် မှာ တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ရဲ့ အကွက်မြင်မြင် ပြေးထွက် ၊ ဘောလုံး ထိန်းပြီး နောဝှစ်ခ်ျ ဂိုးသမား တင်မ် ကရူလ် ရဲ့ ညာဖက်ခြမ်း ကို အဆုံးသတ် ကန်သွင်းယူ နိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် မှာ နောဝှစ်ခ်ျ တို့ ချက်ချင်း တိုက်စစ် ပြန်ဖွင့် ကစား ခဲ့ပြီး ထောင့်ကန်ဘော က တဆင့် နောက်ခံလူ ဂေါ့ဖရီ ခေါင်းတိုက် အဆုံးသတ် ခဲ့ပေမယ့် ဘားထိ ထွက်ခဲ့လို့ ချေပဂိုး နဲ့ ဝေးခဲ့ ရပြန်ပါတယ် ။

ဒါ့အပြင် ချယ်လ်ဆီး အသင်း ဖက်ကလည်း နောက်ထပ် ဦးဆောင်ဂိုး တွေ ရမယ့် အခွင့်အရေး တချို့ ဖန်တီး နိုင်ခဲ့ပေမယ့် ဘာကလေ ရဲ့ အဆုံးသတ် ကို တင်မ်ကရူလ် ကာကွယ် နိုင်ခဲ့သလို ၊ ဝီလီယံ ရဲ့ ကန်ချက် ကလည်း ဘားထိ ထွက်ခဲ့ ရပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ၊ လိုအပ်ချက် တွေ ရှိနေတယ် လို့ ဆိုပေမယ့် လမ်းပတ် ဟာ ချယ်လ်ဆီး အသင်း နဲ့ အတူ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ ကို ရှာဖွေ သွားနိုင်တာကတော့ ၄င်း အတွက် ဖိအား အနည်းငယ် လျော့ကျ ခဲ့ရပြီ ဖြစ်ပါတယ် ။

နောဝှစ်ခ်ျ ( ၄-၂-၃-၁ )

ဂိုးသမား – တင်မ်ကရူးလ်
နောက်တန်း – မက်စ်အာရွန် ၊ ဟန်လေ ၊ ဂေါ့ဖရီ ၊ ဂျမယ် လူးဝစ် ။
ကွင်းလယ် – လေတ်နာ ၊ ထရိုင်ဘူးလ် ၊ ဘူဝမ်ဒီယာ ၊ စတိုင်ပါမန်း ၊ ကန့်ဝဲလ် ။
တိုက်စစ် – ပူကီ ။

ချယ်လ်ဆီး ( ၄-၂-၃-၁ )

ဂိုးသမား – ကီပါ ။
နောက်တန်း – အက်ဇ်ပီလီကွီတာ ၊ ခရစ်တန်ဆန် ၊ ဇူးမား ၊ အီမာဆင် ။
ကွင်းလယ် – ကိုဗာဆစ် ၊ ဂျော်ဂျင်ဟို ၊ မေဆင်မောင့်တ် ၊ ပူလီဆစ် ၊ ပတ်ဒရို ။
တိုက်စစ် – အေဘရာဟမ်

SPORTS MYANMAR