မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ရီယို ဖာဒီနန် က ဝက်စ်ဟမ်း အသင်း နဲ့ ပွဲစဉ် မှ လှပ သေသပ်တဲ့ ကန်ချက် နဲ့ အတူ ယူနိုက်တက် အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးနိုင် ခဲ့တဲ့ တိုက်စစ် ကစားသမားလေး မေဆွန် ဂရင်းဝုဒ်ဟာ လာမယ့် နှစ် အနည်းငယ် အတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထွန်းတောက်လာလိမ့်မယ်လို့ မှတ်ချက် ပေးခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကယ်ဒမီထွက် လူငယ် ကြယ်ပွင့် ကစားသမား ဖြစ်တဲ့ မေဆွန် ဂရင်းဝုဒ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက အသင်း အတွက် ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့်တွေ ပိုင်ဆိုင် နိုင်ခဲ့ပြီး အဲ့ဒီ ရာသီ မှာပဲ ပြိုင်ပွဲစုံ 17 ဂိုး အထိ သွင်းယူကာ အသင်းရဲ့ တတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ပြီးခဲ့တဲ့ နွေတုန်းက အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ရွေးချယ်ခံရချိန်မှာ ပြသနာ အနည်းငယ် ဖြစ်ပွားခဲ့တဲ့နောက် ရာသီ အသစ်မှာ ယခင်လို ခြေစွမ်းကောင်း တွေကို ပြန်လည် ပြသ နိုင်ဖို့ အတွက် အတော်လေး ရုန်းကန် ခဲ့ရသလို ဒဏ်ရာ ပြသနာ တွေလည်း ရရှိ နေခဲ့တဲ့ အတွက် ဂရင်းဝုဒ် ဟာ ခက်ခဲတဲ့ ရာသီ အစကို ပိုင်ဆိုင် သွားခဲ့ရ ပါတယ် ။

ဒါပေမယ့် ဝက်စ်ဟမ်း အသင်းနဲ့ ရင်ဆိုင်ခဲ့ ရတဲ့ ပွဲစဉ်မှာတော့ သူဟာ ဘောလုံး တစ်ချက်ထိန်း ၊ ခန္ဓာကိုယ် တစ်ချက် လှည့်ပြီး အသင်း အတွက် သေသပ်တဲ့ ဦးဆောင်ဂိုး သွင်းယူ ပေးသွားနိုင်ခဲ့တာက အဆုံးသတ် ကောင်းမွန်သူ အဖြစ် ရှိနေသေးကြောင်း သက်သေ ဖြစ်ခဲ့တဲ့ သတင်း သုံးသပ်သူတွေ ရဲ့ ချီးကျူးမှု တွေကို ပိုင်ဆိုင် သွားခဲ့ရ ပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန်က လူငယ် တိုက်စစ် ကစားသမားလေးဟာ လာမယ့်နှစ် အနည်းငယ်အတွင်းမှာ အသင်း အတွက် အားကိုးရတဲ့ နံပါတ် 9 ကစားသမားကောင်း တစ်ဦး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ၊ ကစားသမားလေးရဲ့ အရည်အသွေး အပေါ် သံသယ မဖြစ်မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” မေဆွန်ဟာ စပါယ်ရှယ် ကစားသမားလေး တစ်ဦးပါပဲ ။ သူဟာ တောက်ပ နိုင်ပါလိမ့်မယ် ။ ကျွန်တော် သူ့ကို ထူးထူးကဲကဲ ချီးမြှောက် နေမိတယ် ဆိုတာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် လူတွေ ဘာပြောကြမလဲ ဆိုတာကိုတော့ ကျွန်တော် ဂရုမစိုက် ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ တောက်ပ နိုင်မယ့် စပါယ်ရှယ် အရည်အသွေးတွေ ရှိနေတယ် ဆိုတာ ကျွန်တော် သိနေလို့ ပါပဲ ”

” သူဟာ သိပ်မကြာခင် နှစ် အနည်းငယ် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတွေ အတွက် အထူး ကောင်းမွန်တဲ့ နံပါတ် 9 ကစားသမား တစ်ယောက် ဖြစ်လာ နိုင်ပါ လိမ့်မယ် ။ ကျွန်တော့်ကို ယုံလိုက်ပါ ။ ကျွန်တော် ဒီအတွက် ယုံကြည်မှု အပြည့် ရှိပါတယ် ။ ဒါက သေချာပေါက် ဖြစ်လာလိမ့်မယ်လို့ အရာရာ ပုံပြီး ပြောရဲ ပါတယ် ”

” ကျွန်တော် အရင်ကလည်း ဒါကို ပြောခဲ့ဖူး ပါတယ် ။ ဒါပေမယ့် သူဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကိုလည်း ကျွန်တော်တို့ အားလုံး တွေ့မြင်ခဲ့ကြ ပါတယ် ။ ကျွန်တော် အခု နောက်တစ်ကြိမ် ဒီစကားပဲ ပြောလိုက် ပါပြီ ။ မေဆွန်ဟာ နှစ်တွေ အကြာကြီးထိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နံပါတ် 9 ကစားသမား တစ်ယောက် အဖြစ် ထွန်းတောက် နေပါ လိမ့်မယ် ” လို့ ဖာဒီနန် က အခိုင်အမာ ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar