ကမ္ဘာကျော် ဘောလုံးသမားကြီး မာရာဒိုနာ သေဆုံးလို့ 2 ပတ် ဝန်းကျင် ရောက်ရှိလာချိန်မှာပဲ ၊ သူ့ရဲ့ ပုံရိပ်ကို ငွေ စက္ကူထဲမှာ ထည့်သွင်း ပုံနှိပ်ဖို့ နဲ့ အစိုးရသုံး တံဆိပ်ခေါင်းတွေမှာ ထည့်သွင်း အသုံးပြုဖို့ အတွက် အဆိုကို လွှတ်တော်မှာ တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

ဒီအဆို ကို လွှတ်တော် အမတ်တစ်ဦး ဖြစ်သူ နော်မာ ဒူရန်ဂို က တင်သွင်းလိုက်တာပါ။

“ အာဂျင်တီးနား ဗဟိုဘဏ် ကနေ 2021 ခုနှစ် အတွင်းမှာ ထုတ်လုပ်မယ့် 1000 ပီဆို နဲ့ အထက် တန်ဖိုးရှိတဲ့ ငွေစက္ကူတွေ စုစုပေါင်းရဲ့ 50% မှာ မာရာဒိုနာ ရဲ့ ပုံရိပ်တွေ ကို ထည့်သွင်းဖို့ တောင်းဆိုပါတယ်။ ငွေ စက္ကူရဲ့ တစ်ဖက်ခြမ်းမှာ မာရာဒိုနာ ရဲ့ ကို ထည့်သွင်းသင့်ပြီး ၊ အခြား တစ်ဖက်မှာတော့ 1986 ခုနှစ် ကမ္ဘာ့ဖလားမှာ အင်္ဂလန် အသင်းဘက်ကို သွင်းယူခဲ့တဲ့ ဒုတိယဂိုး သွင်းယူနေတဲ့ ပုံကို ဖော်ပြထားသင့်ပါတယ်။

တစ်ဆက်တည်းမှာပဲ စာတိုက် ဆိုင်ရာ အသုံးပြုတဲ့ တံဆိပ်ခေါင်းတွေမှာလဲ သူ့ရဲ့ ပုံတွေကို ထည့်သွင်း ဖော်ပြဖို့ တောင်းဆိုပါတယ်” လို့ တင်သွင်း သွားခဲ့တာ ဖြစ်ပါတယ်။

ဒီယေဂို အာမန်ဒို မာရာဒိုနာ ဟာ အာဂျင်တီးနား နိုင်ငံ ရဲ့ ပြယုဂ် တစ်ခုဖြစ်ပြီး ၊ တစ်နိုင်ငံလုံးက အချစ်ခံရတဲ့ ထူးခြားလွန်းတဲ့ ဘောလုံးသမားကြီးလဲ ဖြစ်ပါတယ်။

1986 ခုနှစ် မက္ကဆီ ကိုမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နာမည်ကြီး အသင်းတွေ ဖြစ်တဲ့ အင်္ဂလန် ၊ ဂျာမဏီ ၊ ဥရုဂွေး အသင်းတွေကို ကျော်ဖြတ်ကာ ကမ္ဘာ့ဖလားကြီး ဆွတ်ခူးခဲ့တဲ့ နေရာမှာ အဓိက နေရာကနေ စွမ်းဆောင်ပြခဲ့သူပါ။

ကွာတား ဖိုင်နယ် အဆင့်မှာ ဆိုရင် လက်ရှိ နာမည်ကြီး ဘောလုံးရုပ်သံ တင်ဆက်သူ ဂယ်ရီလိုင်နီကာ ဦးဆောင်လာတဲ့ အင်္ဂလန် အသင်းကို သူ့ရဲ့ သွင်းဂိုး 2 ဂိုး နဲ့ ကျော်ဖြတ်ပြခဲ့တာ ဖြစ်ပါတယ်။ ဂယ်ရီလိုင်နီကာ ဟာ အဲဒီ ပြိုင်ပွဲမှာ ရွှေဖိနပ်ဆု ရတဲ့အထိ ဂိုးသွင်း ကောင်းမွှန်ခဲ့သူ ဖြစ်သော်လဲ ၊ အာဂျင်တီးနား နဲ့ တွေ့ဆုံစဉ်မှာတော့ နောက်ကျ ချေပဂိုး တစ်ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။

မာရာဒိုနာ ကတော့ 51 မီးနစ် နဲ့ 55 မီးနစ် တွေမှာ ဂိုးတွေ ဆက်တိုက် သွင်းယူရင်း ၊ အာဂျင်တိုင်းတွေ ရဲ့ အိပ်မက်ကို ဆက်လက် ရှင်သန်စေခဲ့သူပါ။ အဲဒီပွဲမှာ သူ သွင်းယူခဲ့တဲ့ ဒုတိယ ဂိုးဆိုရင် ဘုရားပေးတဲ့ လက်နဲ့ သွင်းယူခဲ့တာလို့တောင် နာမည်ကျော်ခဲ့ပါတယ်။

အာဂျင်တီးနား ဟာ ဆီမီးဖိုင်နယ် အဆင့်မှာတော့ ဘယ်လ်ဂျီယံ ကို မာရာဒိုနာ ရဲ့ သွင်းဂိုးတွေ နဲ့ပဲ 2-0 ရလာဒ် နဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲကြီးဆီ တက်ရောက်နိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲမှာတော့ အာဂျင်တီးနား ဟာ အဲဒီ အချိန်က ဥရောပ ရဲ့ အင်အား အတောင့်တင်းဆုံး အသင်းဖြစ်တဲ့ ဂျာမဏီ နဲ့ ရင်ဆိုင် ကစားခဲ့ရပါတယ်။ ဂျာမဏီ အသင်းကို နည်းပြ ဘက်ကင်ဘောင်ဝါ က ဦးဆောင်လာခဲ့တာ ဖြစ်ပြီး ၊ ကစားသမားတွေ အဖြစ်နဲ့တော့ ရူမင်နစ် (ဘိုင်ယန် ဥက္ကဌဟောင်း) ၊ လိုသာမားသပ် (ဘိုင်ယန် ကစားသမားဟောင်း) ၊ ဖီးလစ် မာဂတ် (နည်းပြဟောင်း) ၊ ရူဒီ ဗောင်လာ တို့ ပါဝင်ခဲ့ပါတယ်။

ဘက်ကင်ဘောင်ဝါ ဟာ ကမ္ဘာ့ဖလားကြီးကို ကစားသမား အဖြစ်နဲ့ရော ၊ နည်းပြ အဖြစ်နဲ့ပါ သိမ်းပိုက်နိုင်ဖို့ ပစ်မှတ်ထားနေသူ ဖြစ်ပါတယ်။

ဂျာမဏီ ဟာ တစ်ပွဲလုံး တောက်လျှောက် ခြေစွမ်းပြနေတဲ့ မာရာဒိုနာ ကို လုံး၀ အလွတ်မပေးပဲ ၊ အပိုင် လူကပ်ကာ ကစားခဲ့ပါတယ်။ ဒါကြောင့် မာရာဒိုနာ ဟာ ကွင်းလယ်နေရာမှာသာ အချိန်ကုန်ရင်းနဲ့ ဖန်တီးမှုတွေပဲ အားပြု လုပ်ဆောင်ခဲ့ရတာပါ။

အာဂျင်တီးနား က 2-0 နဲ့ ပွဲကို ဦးဆောင်ပါတယ်။ သို့သော် 81 မီးနစ် အရောက်မှာတော့ ဂျာမဏီ က ရူမင်နစ် နဲ့ ရူဒီ ဗောင်လာ တို့ကို ချေပဂိုးတွေ သွင်းယူပြီး 2-2 ပြန်ဖြစ်စေခဲ့ပါတယ်။

ပွဲပြီးဖို့ 6 မီးနစ် အလိုအရောက်မှာတော့ မာရာဒိုနာ ကွင်းလယ် ကနေ ခင်းပေးလိုက်တဲ့ ဘောလုံးကို အာဂျင်တီးနား တိုက်စစ်က သယ်သွားပြီး နောက်တစ်ကြိမ် ပြန်ခင်းပေးလိုက်ရာ ၊ ဘာရူချာဂါ က အနိုင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ စွမ်းဆောင်ရည်ကြောင့်ပဲ မာရာဒိုနာ ကို အာဂျင်တီးနား တစ်နိုင်ငံလုံးက နိုင်ငံ့ ရတနာ တစ်ပါးအဖြစ် သတ်မှတ်ကာ ၊ လေးစား တန်ဖိုးထားကြတာ ဖြစ်ပါတယ်။