အေးဂျင့် ရွိုင်း အိုလာ ကတော့ သူ နဲ့ ပေါ့ဘာ တို့အကြား ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ဆက်ဆံရေတွေ ဆိုးရွား လျှက်ရှိနေတယ်လို့ ဖော်ပြလိုက်တဲ့ ဂျာမန် သတင်း Bild ဟာ အလိမ်အညာ သတင်းဌာန တစ်ခုသာ ဖြစ်ကြောင်း တုန့်ပြန်လိုက်ပါတယ်။

ပေါ့ဘာ ဟာ ယူနိုက်တက် အတွက် အရေးပါတဲ့ သွင်းဂိုး တစ်ချို့ ကို ပြန်လည် သွင်းယူပြနိုင်ခဲ့သည့် တစ်ပြိုင်နက် ၊ ရာသီအကုန်ရောက်ရင် ယူနိုက်တက် နဲ့ လမ်းခွဲမှာ ဖြစ်တဲ့ အကြောင်းကို အေးဂျင့် ရွိုင်းအိုလာ ဘက်က အံ့အားသင့်ဖွယ်ရာ ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တကယ်ဆိုရင် စာချုပ်သက်တမ်း က 18 လ ကြီးများတောင် ကျန်နေသေးတဲ့ ကာမျိုးမှာ ၊ အခုလို ပြောဆိုခဲ့တာတော့ ယူနိုက်တက် ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ် ဆိုတာ သိသာလွန်းခဲ့ ပါတယ်။

“ ပေါလ် ဟာ ယူနိုက်တက် မှာ မပျော်တော့ ပါဘူး။ သူ မျှော်လင့်ထားသလိုလဲ ခြေစွမ်းပြခွင့်တွေ သိပ်မရတော့ပါဘူး။ ဒါကြောင့် အသင်းသစ် ပြောင်းကစားဖို့ လိုလာပါပြိ။ လက်ရှိ စာချုပ်သက်တမ်း က 18 လ ကျန်သေးတယ် ဆိုပေမယ့် ၊ 2022 ခုနှစ် ရောက်ရင် ကုန်ဆုံးတော့မှာပါ။

ဂျူဗင်တပ် နဲ့ သူတို့ဟာ နောက်တစ်ကြိမ် ပြန်လည် ပေါင်းစပ်ဖို့ ဖြစ်နိုင်ပါသေးတယ်။ အဲဒီ အထဲမှာ အသင်းနဲ့ ကစားသမား အကြား က ဆက်ဆံရေးတွေ ၊ ကစားဖော်ဟောင်းတွေ နဲ့ ဆက်ဆံရေးတွေက ကောင်းမွန်နေဆဲပါ။ ကိုဗစ် ကာလကြီးမှာ ပေါလ် ကို ခေါ်ယူနိုင်တဲ့ ကလပ်အသင်းတွေက အများကြီး မရှိပါဘူး။ တကယ် လိုလိုချင်ချင် နဲ့ ခေါ်မယ့် ကလပ်တွေ အတွက်ပဲ အခွင့်အရေး ရှိမယ် ထင်ပါတယ်” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ပြောဆိုမှုဟာ ရာသီ ကုန်တာ နဲ့ တစ်နှစ် စာချုပ် သက်တမ်းပဲ ကျန်တော့တာမို့ ၊ ထုတ်ရောင်းဖို့ ဖိအားပေးလိုက်တာ ဖြစ်သလို ၊ ယူနိုက်တက် ဘက်က ဈေးကိုင်ခဲ့မယ် ဆိုရင်လဲ စာချုပ်သစ် ချုပ်ဖို့ အကြောင်းအရင်း မရှိတော့ဘူးလို့ အချက်ပြလိုက်တာ ဖြစ်လို့ အလကား နဲ့ လက်လွတ်လိုက်ရမယ်လို့ သတိပေးသွားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် အတွက်တော့ ရွိုင်းအိုလာ ရဲ့ စကားတွေဟာ အသင်းရဲ့ ဂုဏ်ပုဒ် တစ်ခုကို တိုက်ခိုက်သလိုကို ခံစားလိုက်ရမှာပါ။

ဖာဂူဆန် လက်ထက်က အလွတ်ကြေး နဲ့ ထွက်ခွာသွားခဲ့တဲ့ ချာတိတ် တစ်ယောက်ကို ယူရို သန်း 100 အထိ ပေးပြီး ပြန်လည် ခေါ်ယူခဲ့ပေမယ့် ၊ ပြန်လည် ရောင်းချတဲ့ အချိန်ရောက်ရင်လဲ စိတ်ကြိုက်ဈေး ခေါ်ခွင့်ရဖို့ မသေချာတော့တာမို့ အက်ဒ်ဝပ် အနေနဲ့ ရွိုင်းအိုလာ အပေါ် တော်တော်ကြီး ဒေါသ ဖြစ်နေမယ် ဆိုတာလဲ မှန်းကြည့်ရုံနဲ့ သိသာနေပါတယ်။

ပေါ့ဘာ ကိုယ်တိုင် ကတော့ အဲဒီ အကြောင်းအရာတွေ နဲ့ ပတ်သက်လို့ အခုလိုပဲ ပြန်လည် ဖြေရှင်းကာ ၊ လူမှု ကွန်ယက် စာမျက်နှာပေါ်မှာ ရေးလာခဲ့ပါတယ်။

” ကျွန်တော် အမြဲတမ်း တိုက်ပွဲဝင်ခဲ့ ပါတယ် ။ ရှေ့ဆက်ပြီး မန်ချက်စတာ ယူနိုက်တက် ၊ ကျွန်တော့် ရဲ့ အသင်းဖော် တွေနဲ့ ပရိသတ်တွေ အတွက် အမြဲတမ်း တိုက်ပွဲဝင် နေမှာပါ ။ ဘလာ ဘလာတွေက အရေး မကြီးပါဘူး ။ အနာဂတ် ဆိုတာ အဝေးကြီးမှာ ရှိနေပါ သေးတယ် ”

” ဒီနေ့ အတွက် အရေး အကြီးဆုံးက ကျွန်တော်ဟာ ပွဲစဉ်ထဲမှာ 1000 % ပါဝင် ပတ်သက် နိုင်ခဲ့တာ ပါပဲ ။ ကျွန်တော်တို့က အမြဲတမ်း သန်မာကြ ပါတယ် ။ ကျွန်တော် နဲ့ အသင်း အကြားမှာလည်း အရာရာ တိုင်းက ရှင်းလင်း နေပါတယ် ။ အဲ့တာက ဘယ်တော့မှ ပြောင်းလဲ သွားမှာ မဟုတ် ပါဘူး ”

” အတွင်းစည်း ထဲမှာ ဘာတွေ ဖြစ်ပျက် နေသလဲ ဆိုတာကို မသိရင် ဘာစကားမှ မပြောပါနဲ့ ။ #အမှန်တရားကိုပြော မဟုတ်ရင် #ပါးစပ်ပိတ်နေလိုက် ”

အဲဒီလို ရေးသားပြီး နောက်ပိုင်းမှာတော့ ဂျာမန် သတင်းစာ Bild က ပေါ့ဘာ နဲ့ ရွိုင်းအိုလာ တို့ အကြားမှာ ဆက်ဆံရေးတွေ မကောင်းတော့ဘူး ဆိုပြီး ရေးသားလာခဲ့တာပါ။

အေးဂျင့်ကြီးကလဲ အဲဒီ ရေးသားမှုတွေကို လုံး၀ ငြိမ်ကြည့် မနေပဲ အခုလို တုန့်ပြန်သွားခဲ့ ပါတယ်။

“ Bild က သတင်းအမှားတွေ ရေးရမယ် ဆိုရင် ချန်ပီယံ ပါပဲ။ အမြဲတမ်း အဲဒီလို သတင်းတွေကိုပဲ ရေးနေတာပါ။ သူတို့ ကိုယ်တိုင်လဲ စိတ်မပျက်ကြသေးဘူး ထင်ပါတယ်။ အံ့အားသင့်ဖို့ ကောင်းတာက ၊ အဲဒီ လို သတင်းအမှားတွေက အမြဲတမ်း ပျံ့နေတာပါ” လို့ တုန့်ပြန်သွားခဲ့ ပါတယ်။