ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေ စျေးကွက်ထဲမှာတော့ လှုပ်ရှားမှုတွေ အတော်လေး အားရဖို့ ကောင်းနေခဲ့ပါတယ် ။ သူတို့ဟာ ကနဦးမှာ အသက်အရွယ် ရရှိပြီဖြစ်တဲ့ ဂိုးသမားဟောင်း တွမ်ဟီတန်ကို ခေါ်ယူခဲ့ကြတဲ့အတွက် ပရိသတ်တွေဟာ စိတ်ပျက်ခဲ့ကြပါသေးတယ် ။

ဒါပေမဲ့ မကြာမီမှာပဲ သူတို့ဟာ ဒေါ့မွန် ကြယ်ပွင့် ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ အတွက် ကြိုတင် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း ၊ အင်္ဂလန် လက်ရွေးစင်ကို ပေါင် 72.9 သန်းနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေငြာရင်း ပရိသတ်တွေကို ပျော်ရွှင် စေခဲ့ကြပါတယ် ။

အခုတော့ ယူနိုက်တက် တို့ဟာ ရီးယဲ မက်ဒရစ် အသင်းမှ ပြင်သစ် လက်ရွေးစင် ဗဟိုနောက်ခံလူ ရာဖေး ဗာရာနီကို ပေါင် 43 သန်း (+ အပိုဆုကြေး) နဲ့ ခေါ်ယူဖို့ ကြိုတင် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက အတည်ပြု သွားခဲ့ကြပါတယ် ။

ဒါဟာ ယူနိုက်တက် ပရိသတ်တွေအတွက်တော့ တကယ့် သတင်းကောင်း တစ်ခုပါပဲ ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးဆုံးခဲ့တဲ့ ဘောလုံး ရာသီတွေတုန်းက ဗဟို ခံစစ် နေရာနဲ့ ညာ တောင်ပံ နေရာမှာ အားနည်းချက်တွေ ရှိနေခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ် ။

အခုတော့ အဆိုပါ လိုအပ်ချက်တွေကို မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူတွေက ဖြည့်စွက်ပေးနိုင်ခဲ့ကြပါပြီ ။ ဒါပေမဲ့ ယူနိုက်တက် အသင်းမှာ လိုအပ်ချက်တွေ ရှိနေသေးဆဲ ပါပဲ ။ အထူးသဖြင့် စာချုပ် သက်တမ်း မတိုးခဲ့သေးတဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့ အနာဂတ်ဟာ မရေရာသေးပါဘူး ။

ဒါ့အပြင် ဖရက်ဒ် နဲ့ တော်မီနေး တို့ရဲ့ ကွင်းလယ်ပိုင်းက ရာနှုန်းပြည့် ယုံကြည် စိတ်ချလို့ မရတဲ့ အတွက် အဆိုပါ နေရာကို ယူနိုက်တက်တို့ အင်အား ဖြည့်တင်းဖို့ လိုအပ်နေပါသေးတယ် ။ ဒီနေရာ အတွက် ယူနိုက်တက်တို့ လူခေါ်လိုက်မယ်ဆိုရင် ဆုဖလားကို စိန်ခေါ်နိုင်လိမ့်မယ်လို့ သုံးသပ်သူတွေလည်း များနေခဲ့ ပါတယ် ။

အခြားတစ်ဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်တို့ ခေါ်ယူသင့်တဲ့ ကစားသမား အမည်တွေကို အကြံပေးသူတွေ ရှိခဲ့ကြသလို ယူနိုက်တက်တို့ ပစ်မှတ် ထားနေကြပြီ ဆိုပြီး ကောလဟာလ သတင်းတွေ ဖြန့်နေခဲ့တဲ့ သတင်းတွေလည်း များခဲ့ပါသေးတယ် ။

အခုတော့ မန်ချက်စတာ ညနေခင်း သတင်းမှ ဖော်ပြပေးလိုက်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ရောက်လာနိုင်ဖွယ် ရှိတဲ့ ကစားသမား လေးဦး နဲ့ ရောက်နိုင်ခြေ အလေးပေးမှု ဘယ်လောက် ရှိနေသလဲ ဆိုတာတွေကို ဖော်ပြပေးလိုက် ပါတယ် ။

အက်ဒွါဒို ကာမာဗင်ဂါ ( ရင်းနစ် )

မန်ချက်စတာ ယူနိုက်တက် – 4/1
PSG – 4/1
အာဆင်နယ် – 10/1

လီယွန် ဂေါ်ရက်ဇ်ကာ ( ဘိုင်ယန် မြူးနစ် )

မန်ချက်စတာ ယူနိုက်တက် – 6/1
ချဲလ်ဆီး – 10/1

ရူဘင် နီဗတ်စ် ( ဝုလ်ဗ် )

မန်ချက်စတာ ယူနိုက်တက် – 2/1
အာဆင်နယ် – 5/1
တော့တင်ဟမ် ဟော့ စပါး – 12/1

ဒီကလန် ရိုက်စ် ( ဝက်စ်ဟမ်း )

မန်ချက်စတာ ယူနိုက်တက် – 3/1
ချဲလ်ဆီး – 3/1
အာဆင်နယ် – 14/1

#Sports_Myanmar