အန်ဖီး ဂိုးသမားဟောင်း ဂျာဆီဒူးဒက်က စတီဗင်ဂျာရတ်ဟာ လီဗာပူး ရဲ့ မန်နေဂျာ အဖြစ် ယာဂန်ကလော့ ရဲ့ နေရာမှာ အစားထိုးနိုင်မယ့် တစ်ဦးတည်းသောသူ ဖြစ်တယ်လို့ ထောက်ခံ သွားခဲ့ပါတယ်။ ဂျာမန် နည်းပြဟာ အန်ဖီးမှာ လာမည့် ၂၀၂၂ ခုနှစ်ထိ စာချုပ် သက်တမ်း ရှိနေပြီး လက်ရှိ အချိန်ထိ စာချုပ်သစ် နဲ့ ပက်သက်ပြီး တစ်စုံတစ်ရာ ထူးခြားခြင်း မရှိသေးပါဘူး။

ကလော့ ဘက်ကတော့ စာချုပ်သက်တမ်း ၃ နှစ် ကျန်နေသေးတာကြောင့် ဒီကိစ္စကို အလောတကြီး ဆွေးနွေးသွားဖို့ မလိုသေးဘူးလို့ ယူဆထားပြီး လူတော်တော် များများ ကတော့ ကလော့ အနေနဲ့ အန်ဖီးမှာ နောက်ဆုံး စာချုပ် ချုပ်ဆိုပြီးပြီလို့ မြင်ထားကြ ပါတယ်။

ကလော့ဟာ အသင်းဟောင်းတွေ ဖြစ်တဲ့ မိန့်ဇ်နဲ့ ဒေါ့မွန် တို့မှာ ၇ နှစ်စီ နည်းပြ လုပ်ခဲ့တာကြောင့် လာမည့် ၂၀၂၂ ခုနှစ် လီဗာပူးနည်းပြ ဘ၀ ၇ နှစ်တာ ကာလအပြီးမှာလည်း အသင်းကနေ ထွက်ခွာ သွားဖို့ ရှိနေပြီး ဂျာမန်နည်းပြ ဘက်ကလည်း လီဗာပူးနည်းပြ ဘ၀ ပြီးဆုံးပါက အနားယူသွားဖို့တောင် ရှိကြောင်း အရိပ်အမြွက် ပြောသွားပါတယ်။

တစ်ချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ၂၀၁၈ က ရိန်းဂျားအသင်းနဲ့ လေးနှစ် စာချုပ်ချုပ်ဆိုခဲ့တဲ့ ဂျာရတ်ဟာ စကော့တလန် ကလပ်မှာ ၎င်းရဲ့ မန်နေဂျာဘ၀ ၂ နှစ်တာ ကာလကို ဖြတ်သန်းနေပြီး လီဗာပူး ဂန္တ၀င် ကိုယ်တိုင်ကလည်း သူဟာ တစ်နေ့မှာ လီဗာပူး အသင်းကို ကိုင်တွယ် သွားဖို့ ဆန္ဒ ရှိကြောင်း ၀န်ခံခဲ့ဖူးပါတယ်။

လီဗာပူးနဲ့ အတူ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ် အောင်ပွဲမှာ ပါဝင်ခဲ့တဲ့ ဂျာဆီဒူးဒက်က “ကျွန်တော် ဂျာရတ်နဲ့ အ၀တ်လဲခန်း တစ်ခုထဲမှာ အချိန် အတော်ကြာ ဖြတ်သန်း ခဲ့ပါတယ။် ကစားသမား ဘ၀ ပြီးဆုံးပြီးနောက် သူမန်နေဂျာ တစ်ဦး လျှင်လျှင်မြန်မြန် ဖြစ်လာတာကို အံ့သြမိတယ်လို့ ကျွန်တော် ၀န်ခံရမှာပါ။ ကျွန်တော် သူနဲ့ အပြင်ဘ၀မှာလည်း အချိန်တွေ အများကြီး တွဲခဲ့ပါတယ်။ သူမန်နေဂျာ တစ်ဦး ဖြစ်ချင်တယ် ဆိုတာကို ကျွန်တော့်ကို သူတစ်ကြိမ်မှ မပြောဖူးခဲ့ ပါဘူး။

ဒါပေမယ့် သူဟာ ဒီအလုပ်နဲ့ အတော် အံကိုက်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ကြီးကြယ်တဲ့ ဦးဆောင်သူ နဲ့ ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်ပြီး သူဟာ ကျွန်တော်တို့ရဲ့ အ၀တ်လဲခန်းကို ကောင်းစွာ စီမံခန့်ခွဲ ခဲ့ပါတယ်။ ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် သူ မန်နေဂျာ တစ်ဦး ဖြစ်လာမယ်လို့ ခင်ဗျားတို့ ကျွန်တော့်ကို အရင်က ပြောခဲ့မယ် ဆိုရင် ရယ်မောမိမှာ သေချာပါတယ်။

အကောင်းဆုံး ကစားသမား အများစုဟာ ကစားသမား ဘ၀ ပြီးဆုံး သွားကြတဲ့ အခါ ခဏ အနားယူတဲ့ ဘက်ကို ရွေးချယ်ကြပြီး သူတို့ရဲ့ ကစားသမား ဘ၀ အတွင်း အများကြီး ပေးဆပ် ထားခဲ့ကြတဲ့ မိသားစုဘက်ကို ပိုမို အချိန်ပေးကြ ပါတယ်။ ဒါပေမယ့် ဂျာရတ်ဟာ လျှင်မြန်စွာ လီဗာပူး လူငယ်နည်းပြ ဖြစ်လာခဲ့ပြီး အဲဒီနောက် ရိန်းဂျားကို ရောက်သွား ခဲ့ပါတယ်။

ဒါဟာ ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူဟာ ခက်ခဲတဲ့ အလုပ်ကို ရွေးချယ် ခဲ့လို့ပါ။ ရိန်းဂျားဟာ ဘဏ္ဍရေး အကျပ်အတည်းက ရုန်းထွက်လာ ခဲ့ပြီး ဘုတ်အဖွဲ့မှာ မတည်ငြိမ်မှုတွေ ရှိနေခဲ့ကာ ထိပ်တန်းလိဂ်ကို ပြန်ရောက်လာတာလည်း မကြာသေး ပါဘူး။ ဒါပေမယ့် သူ့လက်အောက်မှာ ဒီအသင်းရဲ့ တိုးတက်မှုဟာ မြန်ဆန်လွန်းပါတယ်။ ဘာလို့လဲ ဆိုတော့ အမှတ်ပေးဖလားကို ခြိမ်းခြောက်တဲ့ အခြေအနေ ရောက်လာမယ်လို့ ဘယ်သူမှ ထင်မထား ခဲ့ဘဲ သူဟာ မျှော်လင့်တာထက် ပိုမို စွမ်းဆောင် ထားခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ဒူးဒက်က “သူ့ရဲ့ အောင်မြင်မှုတွေမှာ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ စတီဗင်ဟာ ကစားသမားကောင်းကို မြင်တက်ပါတယ်။ သူဟာ ခက်ခဲတဲ့ အခြေအနေတွေကို ကိုင်တွယ် ဖြေရှင်း နိုင်ပါတယ်။ သူ့ရဲ့ ပတ်ဝန်းကျင်မှာ ဂယ်ရီမက်အလစ္စတာလို မှန်ကန်တဲ့ လူတွေ ၀န်းရံ နေပြီး ဒီလူဟာ ဆိုရင် ဂျာရတ်ရဲ့ ဆရာလို့တောင် ပြောလို့ ရပါတယ်။ ဘာလိုလဲဆိုတော့ သူဟာ စတီဗင်ကို လီဗာပူးမှာ အများကြီး ကူညီ ပေးခဲ့လို့ပါ။

စတီဗင်ဟာ ယာဂန်ကလော့ရဲ့ အိုင်ဒီယာတွေကိုလည်း အသုံးချနိုင်မယ့် အခွင့်အရေး ပိုင်ဆိုင် ခဲ့ပါတယ်။ စတီဗင်ဟာ ယာဂန်ကလော့ အန်ဖီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချမှတ်တဲ့ အချိန်မှာ ၎င်းရဲ့ နေရာကို အစားထိုးဖို့ အတွက် အသင့်တော်ဆုံး လူပဲ ဖြစ်ပါတယ်။ အန်ဖီးရဲ့ ကြီးကြယ်တဲ့ အသင်းခေါင်းဆောင်ဟောင်းဟာ အနှေးနဲ့ အမြန် ပြန်လာမယ် ဆိုတာ အားလုံး သိထားကြပါတယ်။” လို့ ဆိုသွားပါတယ်​။

SM