လီဗာပူး ဟီးရိုး ဂျေဆင်မက်အားတီးယားဟာ အသင်းရဲ့ လူငယ်ကြယ်ပွင့် ဟာဗေးအယ်လီယော့ကို ဘာစီလိုနာ ဂန္ထဝင်တွေ ဖြစ်ကြတဲ့ ဇာဗီ ၊ အန်ဒရီအင်နီယေစတာ တို့နဲ့ ခိုင်းနှိုင်းကာ ချီးကျူး သွားခဲ့ပါတယ်။ အယ်လီယော့ဟာ အသက် ၁၆ နှစ် အရွယ်မှာတင် ဖူဟမ်ကနေ လီဗာပူးကို ပြောင်းလာခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ချန်ပီယံရှစ် ကလပ် ဘလက်ဘန်းမှာ အငှားထွက်ကစားခဲ့ပါတယ်။

အသက် ၁၈ နှစ် အရွယ် ကစားသမားဟာ ဘလက်ဘန်းအတွက် ချန်ပီယံရှစ်မှာ ၇ ဂိုးသွင်းကာ ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး ခြေစွမ်းပြ ကစားခဲ့ကာ လက်ရှိမှာတော့ လာမည့် ရာသီသစ် အတွက် ကလော့ရဲ့ first team plan မှာ ပါဝင်နေပါတယ်။ အယ်လီယော့ဟာ ရာသီကြို ကာလမှာ သူ့ရဲ့ အရည်အသွေးကောင်းတွေကို ပြသလျက် ရှိနေပြီး မနေ့ညက ဟာသာဘာလင်ကို လီဗာပူးတို့ ၄-၃ နဲ့ အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာလည်း စိတ်လှုပ်ရှားစရာ စွမ်းဆောင်ရည်ကို ထုတ်ပြခဲ့ပါတယ်။

လီဗာပူး ကစားသမားဟောင်း ဖြစ်သူ မက်အာတီးယားက “သူ့ရဲ့ ကစားပုံကို စတင် မြင်တွေ့ ခဲ့ရတဲ့ အချိန်က စပြီး ကျွန်တော်ဟာ သူ့ရဲ့ အမာခံ ပရိတ်သတ် ဖြစ်သွားခဲ့ ပါတယ်။ ဆွစ်ဇာလန်မှာ ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ ကျွန်တော် သူ့ရဲ့ ကစားပုံကို စောင့်ကြည့် ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ဘောလုံးပေးပို့မှုတွေ ၊ ဘောလုံး ထိချက်တွေဟာ တကယ့်ကို ကောင်းလှ ပါတယ်။

ဘလက်ဘန်းမှာ အငှား ထွက်ကစားခဲ့တာဟာ သူ့ရဲ့ ကစားသမား ဘ၀ အတွက် အဓိက ကျခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ အနည်းငယ် ပိုပြီး ကြံ့ခိုင်လာသလို ပါပဲ။ သူဟာ ဘလက်ဘန်း ကနေ အများကြီး လေ့လာ သင်ယူ နိုင်ခဲ့ပါတယ်။ သူဟာ အသင်းမှာ ပိုမို သက်တောင့်သက်သာ ဖြစ်လာပါတယ်။ သူဟာ ကောင်းမွန်တဲ့ အတွေ့အကြုံနဲ့ ပြန်လာခဲ့သူ ဖြစ်တာကြောင့် ဒါဟာ သူ့ကို ကောင်းကောင်း အကျိုး ပြုနိုင်ပါလိမ့်မယ်။

သူ့ရဲ့ အကောင်းဆုံး နေရာ ကတော့ တကယ့်ကို ကြီးမားတဲ့ မေးခွန်း ဖြစ်ပါတယ်။ ကျွန်တော် ကတော့ သူ့ဆီမှာ ဂန္တဝင် ကစားသမားတွေရဲ့ အရည်အသွေး ရှိတယ်လို့ မြင်မိပါတယ်။ သူ့ဆီမှာ ဇာဗီနဲ့ အင်နီယေစတာ တို့ရဲ့ အရည်အသွေးတွေကို ကျွန်တော် မြင်နေပါတယ်။ ပြီးတော့ သူဟာ တီယာဂိုအယ်ကန်တာရာလို ပုံစံမျိုး ဖြစ်လာမယ့် ကစားသမားပါ။

ကျွန်တော် ဒီလို ပြောရတဲ့ အကြောင်းရင်းက သူဟာ ဘောလုံး ပေးပို့တဲ့ နေရာမှာ အကွက်မြင်ပြီး ဘောလုံးကို သက်တောင့်သက်သာ ကိုင်ကစားနိုင်လို့ ဖြစ်ပါတယ်။ သူဟာ အမြဲတမ်း အဆင်သင့် ဖြစ်ဖို့ ကြိုးစားလေ့ ရှိပြီး အမြဲတမ်း ကွင်းရဲ့ အခြေအနေကို ပတ်ကြည့်နေကာ pass တွေနဲ့ ပြိုင်ဘက်ကို အသေသတ်နိုင်ပါတယ်။” လို့ ပြောလိုက်ပါတယ်။

အယ်လီယော့ဟာ အလားအလာရှိတဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားပေမယ့်လည်း ဘာကာ ဂန္ထဝင်တွေရဲ့ ခြေရာကို နင်းနိုင်ဖို့ အတွက် အများကြီး ကြိုးစားရအုံးမှာ ဖြစ်ကာ ပထမဦးဆုံး လီဗာပူးရဲ့ ပုံမှန် ပွဲထွက်ခွင့် ရတဲ့ ကစားသမား ဖြစ်လာဖို့ အရင်လုပ်ရအုံးမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး မက်အာတီးယားက “ကျွန်တော် သူ့ကို ကွင်းလယ် အထိုင်နေရာမှာ ကစားစေချင်ပေမယ့် လီဗာပူးရဲ့ system အရ ဒီနေရာဟာ ခံစစ်ကို ပိုမို အားစိုက်ရပြီး ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းကို ဖြတ်တောက်ရတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ လီဗာပူး အသင်းမှာ တောင်ပံနေရာတွေ ဒါမှမဟုတ် ကွင်းလယ်တိုက်စစ်မှာ နေရာရအောင် လုပ်သွားရမှာပါ။ မာနေး နဲ့ ဆာလား တို့ကို ကျော်ပြီး သူနေရာရနိုင်မလား? လောလောဆယ်တော့ မဖြစ်နိုင်သေးပါဘူး။

သူ့အနေနဲ့ ကွင်းလယ် တစ်နေရာစာတော့ ရနိုင်ခြေ ရှိပါတယ်။ ဒီလို လုပ်နိုင်ဖို့ အချိန် အနည်းငယ်တော့ ယူရမှာပါ။ ဒါပေမယ့် သူဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပြီး အနာဂတ်မှာ စူပါစတား ဖြစ်လာမယ့်သူပါ။” လို့ ဆိုလိုက်ပါတယ်။

SM