Spotify ပိုင်ရှင် ဒန်နီရယ်အက် ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ ဥရောပ စူပါလိဂ် ပြဿနာ ပေါ်ပေါက်ပြီးနောက် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားကြောင်း တရားဝင် ထုတ်ဖော် ပြောကြား ထားခဲ့သူ ဖြစ်ပါတယ် ။

Spotify ရဲ့ CEO ဒန်နီရယ် ဟာ မေလ အတွင်းမှာ အာဆင်နယ် အသင်းကို ဝယ်ယူဖို့ ပထမအကြိမ် ပေါင် ၁.၈ ဘီလီယံ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီး Kroenke Sports & Entertainment က ပယ်ချ ခဲ့ပါတယ် ။

ဒန်နီရယ်အက်ဟာ အာဆင်နယ် အသင်းကို ငယ်စဉ်ကတည်းက အားပေးတဲ့ အမာခံ ပရိသတ် တစ်ဦး ဖြစ်ပါတယ် ။ အက် ဟာ အာဆင်နယ် အသင်းကို ဝယ်ယူချင်ကြောင်းကို ခုလို ထုတ်ဖော် ပြောကြား ထားခဲ့ဖူးသူ ဖြစ်ပါတယ် ။

” ကျွန်တော် အသက် ၈ နှစ် အရွယ်ကတည်းက အာဆင်နယ် အသင်းကို အားပေး လာခဲ့တာပါ ။ ကျွန်တော် အသင်းရဲ့ သမိုင်းကြောင်းကော ၊ ကစားသမားတွေကိုပါ ချစ်ပါတယ် ၊ ဒါပေါ့ဗျာ ပရိသတ်တွေကိုလည်း ချစ်ပါတယ် ။ “

” အသင်းကို အရင်တုန်းက အောင်မြင်မှုတွေဆီ ပြန်ပို့ပေးနိုင်ဖို့ရာ မဟာဗျူဟာတွေ ချမှတ်ပြီး လုပ်ဆောင်ဖို့ အခွင့်အရေး ရချင်ပါတယ် ၊ ပရိသတ်တွေနဲ့ ယုံကြည်မှု ပြန်လည် တည်ဆောက်ချင်ပါတယ် ၊ ထိတွေ့ ဆက်ဆံချင်ပါတယ် ၊ ကျွန်တော် အတည် ဝယ်ယူဖို့ ကြိုးစားမှာပါ ။ “

” ကျွန်တော့်မှာ လုံလောက်တဲ့ ငွေကြေး အင်အားလည်း ရှိပါတယ် ၊ ပိုင်ရှင်တွေ လက်မခံဘဲ မနေနိုင်လောက်တဲ့ ကမ်းလှမ်းမှုမျိုး ပြုလုပ်သွားဖို့ စီစဉ် ထားပါတယ် ၊ ကျနော် ပြောတာတွေ သူတို့ ပြန်ကြားသိဖို့ မျှော်လင့်ပါတယ် ။ ” လို့ ဆိုခဲ့ပါတယ် ။

နောက်ဆုံး ထွက်ပေါ် လာတဲ့ သတင်းတွေ အရတော့ ခရွန်ကီ ဟာ သူ့ရဲ့ NFL အသင်း The Rams ကို St Louis ကနေ လော့အိန်ဂျလစ် မြို့ထံပြောင်းရွှေ့ဖို့ လုပ်ဆောင်ရာမှာ မသမာမှုတွေ ရှိခဲ့တာကြောင့် St Louis မြို့တာဝန်ရှိသူတွေရဲ့တရားစွဲဆိုမှု နဲ့ ရင်ဆိုင် နေရတယ်လို့ သိရပါတယ် ။

အဆိုပါ အမှုမှာ ရှုံးနိမ့်ပါက ခရွန်ကီ မိသားစု ဟာ လျော်ကြေးငွေ ပေါင် သန်း ၇၀၀ ဝန်းကျင် အထိ ပေးချေ ရဖွယ် ရှိနေပါတယ် ။ ဒန်နီရယ်အက် နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ အဆိုပါ အခြေအနေတွေကြောင့် ခရွန်ကီ ဟာ အာဆင်နယ် အသင်းကို ထုတ်ရောင်းလာဖွယ် ရှိတယ်လို့ ယုံကြည်ထားကြောင်း The Sun က ရေးသား ဖော်ပြ လိုက်ပါတယ် ။

ဒန်နီရယ်အက် တစ်ယောက် အာဆင်နယ် အသင်းကို ဝယ်ယူ နိုင်ဖို့ရာ ဂန်းနား ဂန္တဝင် ကစားသမားတွေ ဖြစ်ကြတဲ့ အွန်နရီ ၊ ဘားကမ့် နဲ့ ဗီအဲရာ တို့က အကူအညီ ပေးလျက် ရှိနေကြပါတယ် ။

SM