ချဲလ်ဆီး အသင်းရဲ့ အကယ်ဒမီထွက် အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား ရူဘင် လော့ဖ်တပ်စ်ချိခ် ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ပိတ်သိမ်းခါနီးမှာ ဖူလ်ဟမ် အသင်းသို့ အငှားထွက်ခဲ့ပြီး ၊ အခုအခါမှာတော့ မိခင် ကလပ်ရဲ့ ရာသီကြို ပြင်ဆင်မှု အစီအစဉ်မှာ လာရောက် ပူးပေါင်းနေပါတယ် ။

ဒီတကြိမ် အငှား ခရီးဟာ လော့ဖ်တပ်စ်ချိခ် အတွက် ခရစ်စတယ် ပဲလေ့စ်တုန်းကလောက် အပေါင်း လက္ခဏာ မဆောင်ခဲ့ပါဘူး ။ ပြီးခဲ့တဲ့ တရာသီလုံး ပရီးမီးယားလိဂ် သွင်းဂိုး တဂိုးသာ ရခဲ့တဲ့ ယင်း အသက် ၂၅နှစ် အရွယ် အင်္ဂလန် ကြယ်ပွင့် အတွက် ဒီရာသီဟာ ချဲလ်ဆီး ပထမ အသင်းမှာ နေရာရဖို့ တိုက်ပွဲဝင်ရမယ့် နောက်ဆုံး အခွင့်အရေးလို့တောင် ဆိုနိုင်ပါတယ် ။

ယခင်က ချဲလ်ဆီး အတွက် တောက်မယ့်မီးခဲ တရဲရဲ ဖြစ်ခဲ့တဲ့ လော့ဖ်တပ်စ်ချိခ် ဟာ ဒဏ်ရာ ပြဿနာ ၊ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် ၎င်းရဲ့ တိုးတက်မှု ဖြစ်စဉ်တွေမှာ မကြာခဏ အဟန့်အတား ဖြစ်စေခဲ့ကာ ၊ အချိန်ကုန် ၊ အရာမရောက်သာ ဖြစ်ခဲ့ရပါတယ် ။

အထူးသဖြင့် ၂၀၁၉ ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်မီမှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ် အရွတ် ဒဏ်ရာ ဟာ လော့ဖ်တပ်စ်ချိခ် ကို နာလန် ပြန်မထူလောက်အောင် အထိ ဆိုးရွားတဲ့ ထိုးနှက်မှုမျိုး ပေးစေခဲ့ပါတယ် ။ ဒီ ဒဏ်ရာကြောင့် ၎င်းဟာ တနှစ်ကျော်ကြာ အနားယူခဲ့ရပြီး ၊ အခုအချိန် အထိ ပုံမှန် စွမ်းဆောင်ရည်မျိုး ရဖို့ ရုန်းကန်နေရပါတယ် ။ ထိုမတိုင်ခင် က ၎င်းဟာ ချဲလ်ဆီး ကစားသမား ဘဝ အကောင်းဆုံး ပုံစံကို ရရှိခဲ့ပါတယ် ။

ဖူလ်ဟမ် မှာတော့ လော့ဖ်တပ်စ်ချိခ် ဟာ အဓိက ကစားသမား အဖြစ် ပရီးမီးယားလိဂ် ပွဲပေါင်း ၂၂ပွဲ အထိ ပွဲထွက်ခွင့် ရခဲ့လို့ ၊ ဒီပွဲ အတွေ့အကြုံတွေက ၎င်းကို လာမယ့် ရာသီသစ် ချဲလ်ဆီး အသင်းရဲ့ အပြီးသတ် ကစားသမား စာရင်းမှာ ပါဝင်ခွင့် ရဖို့ သွယ်ဝိုက် အထောက်အကူ ပြုကောင်း ပြုနိုင်ပါတယ် ။

နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ကတော့ အခုအချိန် အထိ အငှားက ပြန်လာတဲ့ အချို့သော ကစားသမားတွေ အတွက် ပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုး မချရသေးတာကြောင့် ၊ လက်ကျန် ခြေစမ်းပွဲ ၂ပွဲမှာ လော့ဖ်တပ်စ်ချိခ် အနေနဲ့ တူချယ် မျက်စိကျစေလောက်မယ့် စွမ်းဆောင်ရည်မျိုး ပြသဖို့ လိုနေပါတယ် ။

ချဲလ်ဆီး တီဗွီနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ လော့ဖ်တပ်စ်ချိခ် က လာမယ့် ရာသီသစ်ကို ချဲလ်ဆီး အသင်းနဲ့ အတူ စတင်နိုင်မယ်လို့ ယုံကြည်ထားကြောင်းနဲ့ ပြီးခဲ့တဲ့ ရာသီကို ဒဏ်ရာ ပြဿနာ ကင်းစင်စွာ ကျော်ဖြတ်ထားခဲ့ဲခြင်း က လာမယ့် ရာသီသစ် အတွက် အထောက်အကူ ဖြစ်နိုင်ကြောင်း ချဲလ်ဆီး ပရိသတ်တွေထံ မက်ဆေ့ချ် ပေးခဲ့ပါတယ် ။

လော့ဖ်တပ်စ်ချိခ် က ” ပြီးခဲ့တဲ့ ဘောလုံး ရာသီမှာ ကျွန်တော် ဟာ အရင်က ကိုယ့်ရဲ့ ခြေစွမ်း အရိပ်အယောင်တွေကို ပြန်လည် ပိုင်ဆိုင်ခွင့် ရခဲ့ပါတယ် ။ အစပိုင်းမှာတော့ ကျွန်တော် ဟာ စိတ်ပိုင်းဆိုင်ရာ အရ ရုန်းကန်ခဲ့ရပြီး ၊ လေ့ကျင့်ရေး အစီအစဉ်တွေမှာကအစ အာရုံစိုက်မှု အပြည့်နဲ့ အရဲစွန့်ရင်း ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်လာဖို့ ကြိုးစားခဲ့ရပါတယ် ။ ”

” တဖြည်းဖြည်းနဲ့ ကြံ့ခိုင်မှု ပုံစံကောင်းတွေ ရခဲ့ပြီး ၊ ကစားခွင့် ရခဲ့တဲ့ ပွဲတွေမှာ ကျွန်တော် ကောင်းကောင်း စွမ်းဆောင်ပြခဲ့ပါတယ် ။ အရင်က ပြင်းထန်တဲ့ ဒဏ်ရာ ရခဲ့ပေမယ့် ၊ ပြီးခဲ့တဲ့ တရာသီလုံးကိုတော့ ကျွန်တော် ဟာ ကြံ့ခိုင်မှု အပြည့် ၊ ဒဏ်ရာ ကင်းစင်မှုတွေနဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ် ။ ”

” ဒီရာသီ ကတော့ ခြေစွမ်းကောင်းတွေနဲ့ ပြန်လာရမယ့် နှစ်ပါပဲ ။ အခုအခါမှာ ကျွန်တော် ကိုယ့်ကိုယ်ကို ပိုပြီး ကြံ့ခိုင်လာတယ် ၊ သန်မာလာတယ်လို့ ခံစားရပါတယ် ။ ပြီးခဲ့တဲ့ နှစ်တလျှောက်လုံး ဒဏ်ရာ ကင်းစင်ခဲ့တဲ့ အချက်က အပေါင်း လက္ခဏာ ဆောင်ခဲ့ပါတယ် ။ ဘာလို့လဲ ဆိုတော့ အရင်က ကျွန်တော် ဟာ မကြာခဏဆိုသလို ဒဏ်ရာ အသေးစားလေးတွေ ရတတ်လို့ပါ ။ ”

” ဘယ်လောက်ပဲ ကြံ့ခိုင်ခဲ့တယ်ပြောပြော ၊ အရင်ကဆို ကျွန်တော် ဟာ နည်းနည်းလောက် ထိခိုက်မိတာနဲ့ ရက်အနည်းငယ် ၊ တပတ်လောက် အနားယူရတာတို့ ၊ ပွဲ၁ပွဲ ၊ ၂ပွဲလောက် လွဲချော်ရတာတို့ ဖြစ်စမြဲပါ ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ကျွန်တော် ဟာ လေ့ကျင့်ရေး အစီအစဉ်တိုင်း ၊ ကစားဖို့ အသင့်ရှိနေတဲ့ ပွဲတိုင်းမှာ ကြံ့ခိုင်မှု ပြည့်နေခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။