လီဗာပူး နောက်ခံလူဟောင်း ဟိုဆေးအန်နရီကေးက သူ့အသင်းဟောင်းရဲ့ အပြောင်းအရွေ့ ဈေးကွက်မှာ ငြိမ်သက်နေမှု အပေါ် မေးခွန်းထုတ် သွားခဲ့ပြီး အန်ဖီးကလပ်ဟာ သူတို့ရဲ့ ခါးသီးပြိင်ဘက် မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ကို ပြန်ရောက်သွားမှာ စိုးရိမ်မိတယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ မေလက အေဗရာဟီမာကိုနာတေးကို RB လိုက်ပ်ဇစ် အသင်းထံမှ ပေါင် ၃၄ သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက် အပြောင်းအရွေ့နဲ့ ပက်သက်ပြီး နောက်ထပ် လှုပ်ရှားမှု မရှိ ဖြစ်နေပါတယ်။

ကလပ်ဟာ ဒီနွေရာသီမှာ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်သူ ဝိုင်နယ်ဒန်ကို လက်လွှတ်ထားခဲ့ပေမယ့် လက်ရှိ အချိန်ထိ အဆိုပါ နေရာကို ပြန်လည် အစားထိုးဖို့ ကြိုးစားနေခြင်း မရှိသေးပါဘူး။ လီဗာပူးရဲ့ ခါးသီး ပြိုင်ဘက် ကတော့ အပြောင်းအရွေ့ ဈေးကွက်မှာ ခြေသွက်လက်သွက် လှုပ်ရှားနေပြီး ဂျေဒွန်ဆန်ချိုကို ဒေါ့မွန် ကနေ ပေါင် ၇၃ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရီးရဲယ်မက်ဒရစ် နောက်ခံလူ ရာဖေးဗာရန်းကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တာကြောင့် ဒါဟာ လာမည့် ရာသီ ယူနိုက်တက်ရဲ့ ဖလား မျှော်လင့်ချက် အတွက် ကြီးမားတဲ့ အင်အား ဖြစ်ခဲ့ ပါတယ်။

ရီးရဲယ်မက်ဒရစ်ရဲ့ အရေးပါဆုံး ကစားသမားတွေ ထဲက တစ်ဦးကို ယူနိုက်တက်တို့ ခေါ်ယူနိုင်ခဲ့တာကို မြင်တွေ့ ခဲ့ပြီးနောက် အန်နရီကေးက လီဗာပူး အသင်းပိုင်ရှင် FSG ဟာ ဗာဂျယ်ဗန်ဒိုက် နဲ့ အလီဆွန် တို့ကို ခေါ်ယူပြီးကတည်းက အပြောင်းအရွေ့ ဈေးကွက်မှာ လှုပ်ရှားမှု နည်းပါးပြီး ယူနိုက်တက်လိုမျိုး ရည်မှန်းချက် ကြီးမားတာကို မပြသခဲ့ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

အန်နရီကေးက “လက်ရှိ အပြောင်းအရွေ့ ဈေးကွက်မှာ လီဗာပူးရဲ့ ငြိမ်သက်နေမှု အပေါ် ကျွန်တော် စိုးရိမ်မိပါတယ်။ ကျွန်တော်တို့ရဲ့ ပြသနာက အသင်းပိုင်ရှင်တွေဟာ ဟိုးအရင်ကတည်းက ကစားသမားသစ် မဝယ်ယူမီ အသင်းမှာ ရှိတဲ့သူတွေကို အရင် ရောင်းထုတ်ခဲ့ရပါတယ်။ အခုလည်း ဒီလိုမျိုး ဗျူဟာကို ဆက်လက် သုံးစွဲ နေတဲ့ ပုံစံပါပဲ။

ကျွန်တော်တို့ အလီဆွန် နဲ့ ဗာဒိုက် တို့ကို ခေါ်ယူနိုင်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းပြချက် ကတော့ ဖီလစ်ပီကော်တင်ညိုကို ဘာစီလိုနာ အသင်းထံ ငွေကြေး အမြောက်အမြားနဲ့ ရောင်းထုတ် နိုင်ခဲ့လို့ပါ။ ဒီအပြောင်းအရွေ့ မရှိဘဲ ကျွန်တော်တို့ ဒီကစားသမားတွေကို ရဖို့ မဖြစ်နိုင်ပါဘူး။ ဒီအပြောင်းအရွေ့ဟာ ကျွန်တော်တို့ကို ဆုဖလားတွေ ရအောင် အကူအညီ ဖြစ်စေခဲ့ ပါတယ်။

ကိုနာတေးကို ခေါ်ယူနိုင်ခဲ့တာဟာ တအားကို ကောင်းတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ လီဗာပူးဟာ သူ့ကို မှန်ကန်တဲ့ ဈေးနှုန်းနဲ့ ခေါ်ယူနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ထိပ်တန်း ကစားသမားတွေ အတွက် ငွေကြေး များစွာ သုံးစွဲပြီး ခေါ်ယူတာမျိုး လုပ်သင့်ပါတယ်။

အလီဆွန်နဲ့ ဗန်ဒိုက် တို့ မရောက်လာမီ ကျွန်တော်တို့ဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အဆင့်မှာ ရှိနေခဲ့ပါတယ်။ သူတို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ကျွန်တော်တို့ဟာ ဆုဖလားတွေ ရခဲ့ပါတယ်။ ဒါ့ကြောင့် ဒီလိုမျိုး ကစားသမားတွေကို လိုအပ်တာ အသေအချာ ပါပဲ။ မန်ချက်စတာယူနိုက်တက်ဟာ ရီးရဲယ်မက်ဒရစ် အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်တဲ့ ရာဖေးဗာရန်းကို ခေါ်ယူနိုင်ခဲ့ပြီး ကျွန်တော်တို့က ဒီလို ကစားသမားမျိုး ဘာကြောင့် မခေါ်ယူနိုင်ရမှာလဲ?” လို့ ဆိုလိုက်ပါတယ်။