မန်စီးတီး ကစားသမားဟောင်း ဖြစ်သူ ထရီဗော်ဆင်ကလဲယားက ဂျက်ဂရီလစ်ချ်ဟာ သူ့ရဲ့ အသင်းဟောင်းမှာ တောက်ပနိုင်လိမ့်မယ်လို့ ထောက်ခံလိုက်ပြီး ဒီလို အရည်အသွေး ပြည့်ဝတဲ့ ကစားသမားမျိုးကို ခေါ်ယူဖို့ နီးစပ်နေတဲ့ အတွက် ဝမ်းမြောက်မိတယ်လို့ ဝန်ခံလိုက်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂရီလစ်ချ် အတွက် အက်စတွန်ဗီလာ အသင်းထံ ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး အဆိုပါ အပြောင်းအရွေ့ဟာ ဖြစ်ပေါ်လာဖို့ နီးစပ်လျက် ရှိနေပါတယ်။

ဆင်ကလဲယား ကလည်း ဂရီလစ်ချ်နဲ့ ပက်သက်ပြီး လုံး၀ သံသယ မဖြစ်မိဘူးလို့ ဆိုလိုက်ပြီး အင်္ဂလန် စတားဟာ စီးတီးနဲ့ အထူး အံဝင်မယ့် ကစားသမားလို့ ထောက်ခံ သွားပါတယ်။

မန်စီးတီး ကြယ်ပွင့်ဟောင်းက “ဂရီလစ်ချ်လို ကစားသမားမျိုးကို ဘယ်သူ မဆို ကိုယ့်ရဲ့ အသင်းမှာ ရှိစေချင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ပက်ဂွာဒီယိုလာ အလိုရှိတဲ့ ကစားဟန်ကို ကြည့်လိုက်ပါ။ အပြန်အလှန် ချိတ်ဆက် ကစားတာတွေ ၊ passing တွေ ၊ ဘောလုံး မရှိချိန် ရွေ့လျားမှုနဲ့ ကစားတာပါ။ သူဟာ မန်စီးတီးရဲ့ ကစားဟန်မှာ အထူး အံဝင်မယ့် ကစားသမား ဖြစ်ပါတယ်။ ဘယ်သူ မဆို ဂရီလစ်ချ်ကို နှစ်သက်ကြမှာပါ။ သူဟာ ဘောလုံး ကိုင်ကစားတာ ကောင်းမွန်ပြီး သူနဲ့ တွဲဖက် ကစားတဲ့ သူတွေကို တောက်ပအောင် လုပ်ပေးနိုင် ပါတယ်။” လို့ ဆိုခဲပါတယ်။

ဒါပေမယ့်လည်း ဆင်ကလဲယားက မန်စီးတီးဟာ အထောင်တိုက်စစ်မှုး တစ်ဦး လိုအပ်နေတာကြောင့် ဂွာဒီယိုလာ အနေနဲ့ အပြောင်းအရွေ့ ဈေးကွက်မှာ အဆိုပါ နေရာကို ဦးစားပေး အားဖြည့်ရန် တိုက်တွန်း သွားခဲ့ပါတယ်။ စီးတီးဟာ ပြီးခဲ့တဲ့ ရာသီရဲ့ ကာလအများစုကို အထောင် တိုက်စစ်မှုး စစ်စစ် မပါဘဲ ကစားခဲ့ကာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း ဆင်ကလဲယားက ချန်ပီယံလိဂ် ဖိုင်နယ် အပါအဝင် ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့တဲ့ ၃ ပွဲမှာ စီးတီးဟာ နောက်ထပ် နည်းဗျူဟာ တစ်ခု လိုအပ်ခဲ့တယ်လို့ ယုံကြည် နေပါတယ်။

၎င်းက “မန်စီးတီး ပရိတ်သတ် တစ်ဦး အနေနဲ့ ပြောရမယ် ဆိုရင် ကျွန်တော်တို့ အသင်းဟာ အထောင်တိုက်စစ်မှုး တစ်ဦး လိုအပ်နေဆဲလို့ ထင်ပါတယ်။ ကျွန်တော်တို့ဟာ အထောင် တိုက်စစ်မှုး စစ်စစ် မပါဘဲ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်တယ် ဆိုတာ ပြသနိုင်ခဲ့ပေမယ့် ချဲလ်ဆီးဟာ ကျွန်တော်တို့ရဲ့ အားနည်းချက်ကို ၃ ကြိမ်တိုင်တိုင် အသုံးချသွား ခဲ့ပါတယ်။

ပက်ရဲ့ စွမ်းဆောင်မှုတွေဟာ အရမ်းကို ကောင်းမွန်ပေမယ့် အကယ်၍ အထောင် တိုက်စစ်မှုး စစ်စစ် မပါဘဲ အသုံးပြုတဲ့ ဗျူဟာဟာ တစ်ခါတစ်ရံ အလုပ် မဖြစ်ခဲ့ဘူး ဆိုရင် ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့ အခါ ဆွဲထုတ်ပေးနိုင်မယ့် အထောင် တိုက်စစ်မှုး တစ်ဦးကို လိုအပ်မှာပါ။ ကျွန်တော် ကတော့ ဒါဟာ မန်စီးတီးတို့ လိုအပ်နေတဲ့ အရာလို့ ထင်ပါတယ်။” လို့ ပြောလိုက်ပါတယ်။

မန်စီးတီးဟာ တော့တင်ဟမ် တိုက်စစ်မှုး ဟယ်ရီကိန်းကို ဒီနွေရာသီမှာ ခေါ်ယူရန် အထူး စိတ်ဝင်စားနေပေမယ့်လည်း ဥက္ကဋ္ဌ ဒန်နီရယ်လီဗီရဲ့ ပေါင်သန်း ၁၆၀ ဆိုတဲ့ ပမာဏကြောင့် လက်ရှိမှာ ဒီအပြောင်းအရွေ့က အနည်းငယ် အေးစက်နေပါတယ်။

SM