ချဲလ်ဆီး အသင်း နည်းပြ သောမတ်စ် တူချယ် ဟာ မနေ့ည က ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ခြေစမ်းပွဲမှာ ယခင် အသုံးပြုနေကျ ၃ယောက်တန်း ခံစစ်ကြောင်းကိုပဲ ဆက်လက် အသုံးပြုခဲ့ပေမယ့် ၊ wing-back နေရာမှာ တောင်ပံ ကစားသမား ၂ဦးကို အံ့အားသင့်ဖွယ် ထားကစားစေခဲ့ပါတယ် ။

အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ တူချယ် ချဲလ်ဆီး အသင်းကို စတင် ကိုင်တွယ်ခဲ့ကတည်းက ၊ wing-back နေရာမှာ ကစားခဲ့ဖူးပေမယ့် ၊ ခရစ်တီယန် ပူလီဆစ် ကတော့ wing-back နေရာနဲ့ သိပ်ပြီး မရင်းနှီးသေးပါဘူး ။

ဒါဟာ ပူလီဆစ် အတွက် ပွဲထွက်ခွင့် ကနေ wing-back နေရာနဲ့ နဖူးတွေ့ဒူးတွေ့ စတင် ကစားရခြင်း ဖြစ်ပါတယ် ။ ခံစစ်ပိုင်း ပံ့ပိုးမှုမှာတော့ ပူလီဆစ်ရဲ့ စွမ်းဆောင်ရည်က သာမန် အဆင့်သာ ရှိခဲ့ပါတယ် ။ ဒါဟာလည်း တူချယ်ရဲ့ စမ်းသပ်မှုတွေထဲက တခုလို့ ဆိုရမှာ ဖြစ်ပါတယ် ။

ဒဏ်ရာ အသေးစား တခု ရထားတဲ့ မားကို့စ် အလွန်ဆိုနဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ချဲလ်ဆီး အသင်းရဲ့ ရာသီကြို ပြင်ဆင်မှုမှာ ပြန်လည် ပူးပေါင်းခဲ့တဲ့ အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာ တို့ဟာ မနေ့ညက ပွဲအတွက် ကစားသမား စာရင်းမှာ မပါဝင်ခဲ့သလို ၊ ဇာပါကော်စတာ ကိုလည်း တူချယ် က ပွဲမထုတ်ခဲ့ပါဘူး ။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ တူချယ် က ပူလီဆစ်ကို wing-back နေရာမှာ ထားကစားစေခဲ့ခြင်းနဲ့ ပတ်သက်ပြီး ” ခရစ်တီယန်ကို လာမယ့် ရာသီမှာ wing-back နေရာနဲ့ စမ်းသပ်ဖို့ အစီအစဉ် ရှိသလား ? ရှိကောင်းရှိနိုင်ပါတယ် ။ ဒေါ့မွန်မှာတုန်းက သူဟာ ဒီနေရာမှာ ကစားခဲ့ဖူးပါတယ် ။ ”

” ကော်လမ် ကတော့ ကျွန်တော် ရောက်လာပြီးကတည်းက wing-back ပုံစံနဲ့ အကြိမ်များစွာ ကစားခဲ့ဖူးပါတယ် ။ ဒီနေ့ပွဲမှာ မားကို့စ် ( အလွန်ဆို ) မကစားပေးနိုင်တာကြောင့် ၊ ကျွန်တော့ အနေနဲ့ ကော်လမ်ကို ဘယ် wing-back နေရာ ပို့ဖို့ ဖြစ်လာခဲ့ပါတယ် ။ ဒါကို ကျွန်တော် အရင်ကတည်းက စိတ်ကူးထားခဲ့တာပါ ။ ”

” ကော်လမ် ဟာ တောင်ပံ တိုက်စစ်ကနေ ပြိုင်ဖက် ပင်နယ်တီ ဧရိယာ အတွင်း ချိုးဝင် ထိုးဖောက်တဲ့ ပုံစံနဲ့ဆို ပိုပြီး အန္တရာယ် ရှိပါတယ် ။ အဲလို ပုံစံကိုလည်း သူ ကိုယ်တိုင် သဘောကျသလို ၊ ဒီနေ့ပွဲရဲ့ အခိုက်အတန့် အချို့မှာလည်း သူ ဒါမျိုး လုပ်ပြနိုင်ခဲ့ပေမယ့် ၊ လက်ရှိ ကြုံနေရတဲ့ အနေအထားကို ခင်ဗျားတို့လည်း သိမှာပါ ။ ”

” ကျွန်တော်တို့မှာ ညာဖက်ခြမ်း wing-back အတွက် ကစားပေးမယ့် ရိစ်ဂျိမ်းစ်နဲ့ အက်ဇ်ပီတို့ ရှိပေမယ့် ၊ အက်ဇ်ပီ ဟာ ကျွန်တော်တို့နဲ့ ပြန်ပြီး ပူးပေါင်းထားတာ ၂ရက်ပဲ ရှိပါသေးတယ် ။ ရိစ် ဆိုရင် ပြန်တောင်မရောက်လာသေးပါဘူး ။ ”

” ဒီတော့ ကျွန်တော် တို့ဟာ လာမယ့် ၁၁ရက်နေ့မှာ ကစားမယ့် ဗီလာရီးရဲလ်နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ ၊ ၁၄ရက်နေ့မှာ စတင်မယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲ အတွက် ရွေးချယ်စရာ ၊ ဖြေရှင်းစရာ နည်းစနစ် တခုခု ကြိုပြင်ထားဖို့ လိုပါတယ် ။ ”

” အဲဒီအခါကျမှ ကျွန်တော်တို့ လောလောနဲ့ သွားပြီး စမ်းသုံးနေလို့ မရပါဘူး ။ ဒီတော့ အခု ခြေစမ်းနေတဲ့အခါမှာ ဒီနည်းစနစ်ကို စမ်းသုံးဖို့ အသင့်လျော်ဆုံးပါပဲ ။ ဒီနေ့ပွဲမှာ ခရစ်တီယန် အတွက် wing-back နေရာမှာ မိနစ်အနည်းငယ် ပေးကစားဖို့ ဖြစ်လာခဲ့ပြီး ၊ ဒီကနေ တဆင့် ကျွန်တော်တို့ ရှေ့ဆက် စောင့်ကြည့်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။