လီဗာပူး ဂန္ထဝင် ဂျွန်ဘန်းက နှစ်ဦးပေါင်း ပေါင် ၁၁၄ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ဂျေဒွန်ဆန်ချို နဲ့ ဂျွန်ဘန်း တို့ဟာ ဒီရာသီ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အကြီးမားဆုံး ပြသနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ အိုလီဂန်နာဆိုးရှားဟာ လာမည့် ရာသီမှာ သူ့ရဲ့ ပွဲထွက် ကစားသမား စာရင်းကို ကစားသမားသစ်တွေနဲ့ ပိုမို အားကောင်းသွားအောင် ပြုလုပ်သွားမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပြီး ဒေါ့မွန်ကနေ ပေါင် ၇၃ သန်းနဲ့ ရောက်လာခဲ့တဲ့ ဆန်ချို နဲ့ ရီးရဲယ်မက်ဒရစ် ကနေ ပေါင် ၄၁ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ဗာရန်း တို့ဟာ ယူနိုက်တက်ရဲ့ Starting XI ကို ပိုမို အင်အားကောင်းသွားစေတာတော့ အမှန်ပါပဲ။

ဒါဟာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးကို စိန်ခေါ်နိုင်ဖို့ အတွက် ယူနိုက်တက်ရဲ့ ရည်မှန်းချက်ကို ပြသလိုက်တာ ဖြစ်ပြီး ဆိုးရှားရဲ့အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဇန်နဝါရီလ အစပိုင်းမှာ ဇယားထိပ်မှာ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ရာသီကုန်မှာတော့ ဂွာဒီယိုလာရဲ့ အသင်းနဲ့ ၁၂ မှတ် ပြတ်ကျန်ခဲ့ကာ ဒုတိယနေရာ ရခဲ့ပါတယ်။

လီဗာပူး ကြယ်ပွင့်ဟောင်း ဘန်းက ယူနိုက်တက်ရဲ့ အဓိက ပြသနာဟာ အသင်းသားတွေရဲ့ ခြေစွမ်းတည်ငြိမ်မှု ကင်းမဲ့ခြင်း ဖြစ်တယ်လို့ ယုံကြည်နေပြီး ဆန်ချို နဲ့ ဗာရန်း တို့ကလည်း ဒီပြသနာကို ကူညီ ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

ဘန်းက “ဟာမိုနီ ဖြစ်မှု ၊ ခြေစွမ်းပိုင်း တည်ငြိမ်မှု နဲ့ ဟန်ချက်ဟာ မန်ချက်စတာယူနိုက်တက်တို့ ဒယိမ်းဒယိုင် ဖြစ်ခဲ့တဲ့ အရာတွေပါ။ သူတို့ဟာ ထိပ်တန်း အသင်းကြီးတွေနဲ့ ရင်ဆိုင် ကစားရတဲ့ အခါ ကောင်းကောင်း ကစားနိုင်ပေမယ့် သူတို့ဟာ ခြေစွမ်းပိုင်းမှာ တည်ငြိမ်မှု မရှိပါဘူး။ ကျွန်တော် ကတော့ ဒါဟာ လာမည့် ရာသီ သူတို့ အတွက် ကြီးမားတဲ့ ပြသနာ တစ်ခု ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆန်ချို နဲ့ ဗာရန်း တို့ကို ခေါ်ယူထားခဲ့ပြီးနောက် ဆုဖလားတွေ ရယူရန် အသင်းမှာသာမက နည်းပြမှာလည်း ဖိအားတွေ ရှိလာပါပြီ။

မန်နေဂျာ အပေါ် ဖိအားတွေ ရှိလာပြီး အသင်း ကောင်းကောင်း မကစားနိုင်တဲ့ အချိန်ကို ရောက်ရင် လူတွေဟာ များသောအားဖြင့် မန်နေဂျာကိုပဲ အပြစ်တင်ကြ ပါတယ်။ အိုလီ အတွက် ကံမကောင်းတာကတော့ ဒီလို ဖြစ်လာနိုင်ခြေ ရှိနေလို့ပါ။”

ဆက်လက်ပြီး လီဗာပူး တောင်ပံကစားသမားဟောင်းက “စာရွက်ပေါ်က လူစာရင်းကို ကြည့်လိုက်မယ် ဆိုရင် သူတို့ဟာ အရမ်းကောင်းတဲ့ အသင်းကို ပိုင်ဆိုင် ထားပါတယ်။ ကျွန်တော် ပြောနေတာက အသင်းတွင်း စည်းလုံး ညီညွှတ်မှု မဟုတ်ပါဘူး။ ဒါဟာ ပေါ့ဘာ နဲ့ အခြား ကစားသမား တစ်ချို့ရဲ့ အခြေအနေပေါ်မှာ မူတည်နေကာ အသင်းရဲ့ ဟာမိုနီကို ထိခိုက်စေပါတယ်။

အသင်းဟာ အကောင်းဆုံး ကစားပြဖို့ အတွက် ဖိအားတွေ ရှိနေပါတယ်။ မန်နေဂျာဟာ ဖိအားတွေအောက် ရောက်နေပြီ ဆိုရင်…အာဆင်ဝင်းဂါးဟာ ဒီလို ကာလကို ကျော်ဖြတ် ခဲ့ရပါတယ်။ လီဗာပူးရဲ့ မန်နေဂျာ အများအပြားလည်း ဒါကို ကျော်ဖြတ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ခြေစွမ်း တည်ငြိမ်မှု ပျောက်ဆုံးတာကို မြင်တွေ့ရမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ဆန်ချိုဟာ မားကပ်ရပ်ဖို့ဒ် ၊ မေဆင်ဂရင်းဝုဒ် ၊ အက်ဒီဆင်ကာဗာနီ ၊ အန်သိုနီမာစီရယ် တို့နဲ့ အတူ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းမှာ ပူးပေါင်းသွားမှာ ဖြစ်ပြီး ဘန်းက ဒီနေရာဟာ ယူနိုက်တက်တို့ အမှန်တကယ် အားဖြည့်ဖို့ လိုအပ်တဲ့ နေရာ ဟုတ်ရဲ့လား ဆိုပြီး မေးခွန်း ထုတ်သွားပါတယ်။

ဘန်းက “ဆန်ချိုဟာ အရမ်းကို ကောင်းတဲ့ ကစားသမား ဖြစ်ပြီး ဒီအပြောင်းအရွေ့ဟာ အင်္ဂလန် လူငယ် ကစားသမား တစ်ဦးရဲ့ အနာဂတ် အတွက် ကောင်းပါတယ်။ ဒါပေမယ့် ဒီနေရာဟာ သူတို့ အားဖြည့်ဖို့ လိုအပ်တဲ့ နေရာလို့ ကျွန်တော် မထင်ပါဘူး။ သူဟာ ရပ်ဖို့ဒ် ဒါမှမဟုတ် ဂရင်းဝုဒ် တို့ကို အစားထိုးသွားမှာလား? ဟယ်ရီကိန်းကို ခေါ်ယူခြင်းကသာ ယူနိုက်တက် အတွက် ပိုမို လက်တွေ့ကျပါတယ်။ ဒါပေမယ့် သူဟာ အိုးထရပ်ဖို့ဒ်ကို ရောက်လာမှာ မဟုတ်ပါဘူး။

ယူနိုက်တက်ဟာ ကွင်းလယ် ခံစစ် ကစားသမား တစ်ဦး နဲ့ နောက်ခံလူ တစ်ဦး လိုအပ်နေခဲ့တာပါ။ ဗာရန်းဟာ အရမ်းကောင်းတဲ့ ခေါ်ယူမှုပါ။ မက်ဂွိုင်းယားနဲ့ တွဲဖက်လိုက်ခြင်းကြောင့် သူတို့ ခံစစ်ဟာ အရင်တုန်းကထက် ပိုမို လုံခြုံလာမှာပါ။” လို့ ပြောလိုက်ပါတယ်။