မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေမှာတော့ ဂျေဒန် ဆန်ချို ကို ပေါင် 73 သန်းနဲ့ ခေါ်ယူ ၊ ရာဖေးလ် ဗာရာနီ ကို ပေါင် 43 သန်းနဲ့ ခေါ်ယူရရှိဖို့ ရီးယဲ မက်ဒရစ် အသင်းနဲ့ ကြိုတင် သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီး စျေးကွက်ထဲ လှုပ်ရှားပုံ ကောင်းမွန်နေခဲ့ ပါတယ် ။

ဒါ့အပြင် ယူနိုက်တက် တို့ဟာ ကွင်းလယ် ခံစစ် နေရာ အတွက် ကစားသမားသစ် ထပ်မံ ခေါ်ယူချင်သေးသလို ညာခံစစ် နေရာ အတွက် အက်သလက်တီကို မက်ဒရစ် အသင်းမှ ကီရန် ထရစ်ပီးယားကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့လည်း သတင်းတွေ ထွက်နေခဲ့ ပါတယ် ။

အခုလို လိုအပ်တဲ့ ကစားသမားတွေကို ခေါ်ယူခြင်းက အသင်းအတွက် ကောင်းမွန်ပေမဲ့ အသင်းမှာ ရှိနေသေးတဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ ကလည်း တကယ့်ကို အရေးကြီးလှ ပါတယ် ။ ယူနိုက်တက် တို့ဟာ အခုထိ စီနီယာ ကစားသမား လျှော့ချရေး မလုပ်ဆောင်ရသေးပါဘူး ။

ယူနိုက်တက် တို့ဟာ ဗဟို ခံစစ် နေရာ အတွက် ဗာရာနီကို ရရှိတော့မှာ ဖြစ်တာကြောင့် လာမယ့် ဘောလုံး ရာသီ အတွင်း ယူနိုက်တက် ခံစစ်မှာ ဗာရာနီ + မက်ဂွားယား တို့ကို မြင်တွေ့ရဖို့ ရှိနေပါတယ် ။ အဲ့ဒီနောက် မှာတော့ လင်ဒီလော့ဖ် ၊ ဘိုင်လီ နဲ့ တွမ်ဇီဘီ တို့က အစဥ်လိုက် ပွဲထွက်ခွင့် ရနိုင်ခြေ ရှိနေကြ ပါတယ် ။

ဒီအတွက် အဲရစ် ဘိုင်လီဟာ ဦးစားပေး နံပါတ် 4 နေရာကို ရောက်သွားပါလိမ့်မယ် ။ ဒါဟာ ကစားသမား ဖြစ်သူ အတွက်တော့ လက်ခံချင်စရာ မဟုတ်ပါဘူး ။ သူဟာ ပြီးခဲ့တဲ့ မေလကပဲ ပွဲထွက်ခွင့် ရရှိရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ ခံယူချက်ကို ထုတ်ပြောခဲ့ဖူးပါသေးတယ် ။

” ပွဲထွက်ခွင့် အတွက် ယှဥ်ပြိုင်ရေး ဆိုတာက အမြဲတမ်း ကောင်းတဲ့ အရာ တစ်ခုပါ ။ ကျွန်တော်ကတော့ ပွဲထွက်ခွင့် ရမယ်ဆိုရင် နေချင်တယ်လို့ ပြောဖူးပါတယ် ။ တစ်ပွဲလောက် ပွဲထွက် ကစားခွင့် ရရှိပြီး လေး ၊ ငါး ပွဲလောက် အရံလူ အဖြစ်နဲ့ ကစားရတာမျိုး ကျွန်တော် မလိုချင် ပါဘူး ”

” အဲ့ဒီလို ဖြစ်လာခဲ့ရင်တော့ ကျွန်တော် အခြား အဖြေ တစ်ခု ရှာရပါလိမ့်မယ် ။ စာချုပ်သစ် ချုပ်ဆိုတယ် ဆိုတာက အဆင်ပြေပါတယ် ။ ဒါပေမဲ့ ကျွန်တော် ပွဲ ကစားခွင့်တွေ မရဘူးဆိုရင် အခြား ကမ်းလှမ်းမှုတွေကို နားစွင့် သွားမှာပါ ” လို့ ဘိုင်လီ က ပြောခဲ့ဖူးပါတယ် ။

အခြားတဖက်မှာတော့ ယူနိုက်တက် ကွင်းလယ်လူ အန်ဒရိစ် ပါရဲရားက သူဟာ ပွဲထွက်ခွင့်တွေ ရရှိချင်ကြောင်း ၊ ကွင်းထဲ အနည်းဆုံး မိနစ် 30 ခန့် ကစားရမှသာ ယုံကြည်မှု အားကောင်းလေ့ ရှိကြောင်း မကြာသေးခင်ကပဲ ပြောခဲ့ပါသေးတယ် ။

” ကျွန်တော် ကစားဖို့ အသင့်ဖြစ်နေပါပြီ ။ ကျွန်တော်က ကောင်လေး တစ်ယောက် မဟုတ်တော့ပါဘူး ။ တာဝန်ယူနိုင်စွမ်း ရှိတဲ့ ယောကျာ်း တစ်ဦး ဖြစ်နေပါပြီ ။ ပွဲကစားခွင့် ၊ ပုံမှန် ပွဲထွက်ခွင့်တွေ ရနိုင်မယ်ဆိုရင် ကျွန်တော် လုပ်ပြခဲ့တာတွေ သေချာပေါက် လုပ်ပြနိုင်စွမ်း ရှိနေပါတယ် ။ ကျွန်တော် ဂိုးတွေသွင်းနိုင်သလို ဖန်တီးမှုတွေလည်း လုပ်ပေးနိုင်ပါတယ် ”

” မန်ချက်စတာမှာပဲ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် အခြား နေရာမှာပဲ ဖြစ်ဖြစ် ကွင်းထဲ အနည်းဆုံး နာရီဝက်လောက် ရှိနေခွင့်ရရှိမယ်ဆိုရင် ပွဲကစားရင်း ယုံကြည်မှုတွေကို ဖြစ်ပေါ်စေပါတယ် ။ ကျွန်တော် ​ပျော်ရွှင်ချင်ပါတယ်၊ အရေးကြီးသူ တစ်ဦးဖြစ်တယ်လို့ ခံစားချင်ပါတယ် ” လို့ ပါရဲရားက ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါးလော့ဟာ ပြီးခဲ့တဲ့ ရာသီက အေစီ မီလန် အသင်းမှာ အငှား သွားရောက်ကစားခဲ့ပြီး အခုတော့ အသင်းဆီ ပြန်ရောက်ခဲ့ပါပြီ ။ ဒါပေမဲ့ သူဟာ ဆိုးလ်ရှားရဲ့ plan ထဲမှာ ပါဝင်သူ မဟုတ်ပါဘူး ။ ပြီးတော့ ထရစ်ပီးယား ရောက်ဖြစ်ခဲ့ရင် ဒါးလော့ရဲ့ ပွဲကစားခွင့် မိနစ်တွေဟာ မရေရာတော့ ပါဘူး ။ ဒါနဲ့ ပတ်သက်လို့ …

” ကျွန်တော် ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကလို ရာသီမျိုး ပိုင်ဆိုင်ခဲ့ခြင်းအားဖြင့် ဒီနှစ် အခွင့်အရေးတွေ ပိုလိုချင်မိ ပါတယ် ။ ကျွန်တော် ပွဲတွေ ကစားချင်ပါတယ် ။ ရှိသမျှ အကုန် ပေးဆပ် ကစားရင်း ပိုမို တိုးတက်ချင်ပါတယ် ။ ပြီးခဲ့တဲ့ ရာသီက ကောင်းခဲ့တယ်ဆိုတာ ကျွန်တော် သိပေမဲ့ ဒီထက် ပိုကောင်းနိုင်ပါသေးတယ် ” လို့ ဒါးလော့ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်တိုက်စစ် နဲ့ တိုက်စစ် နေရာတွေ အတွက် ဘရူနို ဖာနန်ဒက်စ် ၊ ပေါ့ဂ်ဘာ ၊ ဆန်ချို ၊ ရပ်ရှ်ဖို့ ၊ မာရှယ် ၊ ဂရင်းဝုဒ် နဲ့ ကာဗာနီ တို့ ရှိ​နေကြပါတယ် ။ ဒါ့အပြင် လျင်မြန်တဲ့ ဒန်နီယယ် ဂျိမ်းစ် ကလည်း ဆိုးလ်ရှား နှစ်ခြိုက်တဲ့ ကစားသမားမျိုးပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဝက်စ်ဟမ်း အသင်းမှာ တောက်ပနိုင်ခဲ့တဲ့ ဂျက်စီ လင်ဂတ်ဟာ ဒီမြေမှာ ပွဲကစားခွင့်တွေ ရနိုင်ဖို့ မသေချာလှ ပါဘူး ။ လက်ရှိ အချိန်ထိတော့ သူဟာ ပွဲထွက်ခွင့် ၊ အနာဂတ်နဲ့ ပတ်သက်လို့ ဘာမှ ပြောဆိုခြင်း မရှိသေးပါဘူး ။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ သူလည်း ပွဲထွက်ခွင့် မရရင် အနာဂတ် အကြောင်း တွေးတောမှာ ပါပဲ ။

ဒါ့ကြောင့် ဆိုးလ်ရှား အနေနဲ့ အဲရစ် ဘိုင်လီ ၊ အန်ဒရိစ် ပါရဲရား ၊ ဒီယိုဂို ဒါးလော့ နဲ့ ဂျက်စီ လင်ဂတ် တို့တွေကို ပွဲထွက်ခွင့်တွေ ပေးမလား ၊ ဒါမှမဟုတ် ရောင်းထုတ်မလားဆိုတဲ့ ပြသနာကို မကြာမီမှာပဲ ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်ရပါတော့မယ် ။

#Sports_Myanmar