တော့တင်ဟမ် ကွင်းလယ်လူဟောင်း ဂျေမီအိုးဟားရားက လီဗာပူး အနေနဲ့ ဒီနွေရာသီမှာ နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူသွားဖို့ လိုအပ်တယ်လို့ ဆိုလိုက်ပြီး ဒီလိုမှ မဟုတ်ရင် ယာဂန်ကလော့ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် title race ကနေ လွင့်စင်သွားလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

လီဗာပူးဟာ ဒီနွေရာသီမှာ အပြောင်းအရွေ့ အစမှာ RB လိုက်ပ်ဇစ်နောက်ခံလူ အေဗရာဟီမာကိုနာတေးကို ပေါင် ၃၄ သန်း ခေါ်ယူထားခဲ့ပြီး လက်ရှိမှာ ဈေးကွက်ထဲ ငြိမ်သက်လျက် ရှိနေပါတယ်။ ၂၀၁၉-၂၀ ပရီးမီးယားလိဂ် ချန်ပီယံဟာ ဝက်ဟမ်းရဲ့ ဘိုဝင် ၊ မွန်ချင်ဂလာဘတ် ရဲ့ ဖလော်ရီယန်နွမ်းဟော့စ် အစရှိတဲ့ သူတွေကို ချိတ်ဆက်နေတယ်လို့ သတင်းကြီးနေပေမယ့်လည်း ပရီးမီးယားလိဂ် ပြိုင်ပွဲစတင်ရန် တစ်ပတ်သာ လိုတော့တဲ့ အချိန်ထိ နောက်ထပ် ကစားသမားသစ် ခေါ်ယူခြင်း မရှိသေးပါဘူး။

လီဗာပူးဟာ ပြီးခဲ့တဲ့ ရာသီက ဒဏ်ရာ ပြသနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ကြားထဲကနေ ရာသီကုန်မှာ အဆင့် ၃ နေရာ ရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း အရန်အင်အား မတောင့်တင်းမှုကြောင့် ဒုက္ခရောက်ခဲ့ရပြီး အန်ဖီးမှာ ၈ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပါသေးတယ်။ အိုဟားရားက အကယ်၍ လက်ကျန် အပြောင်းအရွေ့ ကာလမှာ အသင်းကို အင်အားဖြည့်တင်းမှု မလုပ်ဘူးဆိုရင် ကလော့ရဲ့ အသင်းဟာ ဒီလိုမျိုး အရာကို ထပ်မံ ကြုံတွေ့ရနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

အိုဟားရားက “သူတို့ဟာ ကိုနာတေး ပြီးနောက် အခြား ဘယ်သူ့ကိုမှ ထပ်မခေါ်တော့ပါဘူး။ သူတို့ရဲ့ အဓိက ကစားသမားတွေ ဒဏ်ရာ ကနေ ပြန်လာကြပြီ ဆိုတာ ကျွန်တော် သိပါတယ်။ ဗာဂျယ်ဗန်ဒိုက် ပြန်လာတာဟာ သူတို့အတွက် တအားကို ကောင်းပါတယ်။ ဒါပေမယ့် သူတို့ဟာ ဗန်ဒိုက်ကို ကူညီဖို့နဲ့ အကယ်၍ သူ ဒဏ်ရာ ပြသနာတွေနဲ့ ရုန်းကန် နေရမယ် ဆိုရင် ဒါကို ဖာထေးသွားဖို့ အတွက် အခြား ဗဟိုနောက်ခံလူ တစ်ဦး ဖြစ်တဲ့ ကိုနာတေး ကိုပဲ ခေါ်ယူထားပါတယ်။
အဲဒီနောက်ပိုင်း သူတို့ ဘယ်သူ့ကိုမှ ထပ်မခေါ်ထားပါဘူး။ အပြောင်းအရွေ့ ဈေးကွက်မှာ သူတို့ရဲ့ လှုပ်ရှားမှု ကင်းမဲ့ နေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း လီဗာပူး ပရိတ်သတ်တွေဟာ အသင်းပိုင်ရှင်နဲ့ ပက်သက်ပြီး မပျော်မရွှင် ဖြစ်နေကြတာပါ။ ဘာလို့လဲဆိုတော့ သူတို့ အသင်းဟာ ရင်းနှီးမြှပ်နှံဖို့ လိုအပ်နေလို့ပါ။ သူတို့ အပြောင်းအရွေ့ ဈေးကွက်ထဲ ထပ်မံ လှုပ်ရှား သွားဖို့ လိုအပ်နေပါတယ်။

သူတို့ အောင်မြင်မှုတွေ ရခဲ့တဲ့ အကြောင်းရင်းက ဗန်ဒိုက် နဲ့ အလီဆွန် တို့ကို ခေါ်ယူလိုက်ချိန်မှာ သူတို့ဟာ အသင်းကောင်း တစ်သင်းကို တည်ဆောက်ထားခဲ့ပြီး ဖြစ်လို့ပါ။ အခုဆိုရင် သူတို့ဟာ ပြိုင်ဘက် အသင်းကြီးတွေနဲ့ ယှဉ်မယ်ဆိုရင် အရန်အင်အား နည်းပါးနေပါတယ်။ နေရာတစ်နေရာ အတွက် ပြိုင်ဆိုင်မှု ပေးဖို့ နဲ့ အဓိကဆုဖလားတွေ စိန်ခေါ်နိုင်ဖို့ အတွက် သူတို့ ကစားသမားသစ်တွေ ခေါ်ယူဖို့ လိုအပ်နေပါတယ်။ သူတို့ ဒါကို မလုပ်ရသေးပါဘူး။ မဟုတ်ရင်တော့ လာမည့်ရာသီ သူတို့ဟာ ပရီးမီးယားလိဂ် title race ကနေ လွင့်စင်သွားဖို့ အခြေအနေ ရှိနေပါတယ်။” လို့ ပြောလိုက်ပါတယ်။