ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ ယူနိုက်တက် နောက်တန်း ကစားသမားဟောင်း တစ်ယောက် က အင်္ဂလန်ရဲ့ အကောင်းဆုံး ညာနောက်ခံလူ ဟာ ဘစ္စဆာကာ လို့ ပြောဆိုလိုက်ချိန်မှာတော့ ၊ သူ့ရဲ့ ပြောစကား အပေါ် အငြင်းပွားမှုတွေ တော်တော်လေး များခဲ့ပါတယ်။

 

အဲဒီလို ပြောကြားမှုဟာ သူ ကိုယ်တိုင်က နောက်တန်း ကစားသမား တစ်ဦး ဖြစ်ခဲ့ဖူးတာမို့ ၊ အဖျက် အားသန်တဲ့ အပေါ်ကို ကိုးကားပြီး ပြောခဲ့တာ ဖြစ်နိုင်သလို ၊ အလန်ရှီးယားလို တိုက်စစ်မှုးဟောင်း ကတော့ သူ့အတွက် အာနိုးလို နောက်တန်း ကစားသမားမျိုးနဲ့သာ တွဲပြီး ကစားချင်တယ်လို့ ထပ်မံ ပြောဆိုခဲ့တာ တွေ့ရပါတယ်။

ချဲဆီး ကစားသမားဟောင်းကြီး ဖြစ်တဲ့ ဂီယန်လူကာ ဗီယာလီ ကတော့ ညာနောက်ခံလူ ဆိုတာ အသင်း တစ်သင်းမှာ ဘယ်သူမှ မကစားချင်တဲ့ နေရာမျိုးလို့ အဓိပ္ပါယ် ဖွင့်ခဲ့ဖူးပြီး ၊ တိုက်စစ်ကို လိုက်ပါမှု ပိုကောင်းတဲ့ ကစားသမားတွေက တောင်ပံ ကစားသမား အဖြစ် ပြောင်းလဲ ကစားချင်ကြသလို ၊ ခံစစ်ကို အားသန် တဲ့ ကစားသမားတွေကြ ပြန်တော့လဲ ဗဟို ခံစစ်မှုးနေရာကို ပြောင်းလဲ ကစားချင်တယ်လို့ ဆိုပါတယ်။

ကာရေဂါ ကတော့ ညာနောက်ခံလူ နေရာနဲ့ ပတ်သက်ပြီး ၊ ဘယ် ဘောလုံးသမား မှ ညာနောက်ခံလူ ဖြစ်ရမယ် ဆိုတဲ့ ခံယူချက်နဲ့ ကြီးပြင်းလာတာမျိုး မရှိဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။ သို့သော် သူ့ရဲ့ ပြောဆိုမှုဟာ မတည့်အတူနေ လုပ်ဖော်ကိုင်ဖက်ကြီး နဗီးလ်ကို ရွဲ့ချင်လို့ ပြောတာမျိုးလဲ ဖြစ်နိုင်တာမို့ ၊ အတည်လို့ မှတ်ယူလို့ မရပြန်ပါဘူး။

 

ကမ္ဘာကျော် နည်းပြကြီး မော်ရင်ဟို ကတော့ ညာနောက်ခံလူ နဲ့ ပတ်သက်ပြီး အခုလို အဓိပ္ပါယ် ဖွင့်ခဲ့ဖူးပါတယ်။

“ ပေါ်လို ဖာရဲရား ဟာ ဘယ်တော့မှာ Man of the Match ရမှာ မဟုတ်ပါဘူး ဒါပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်က အနည်းဆုံး 7/10 တော့ ရှိနေမှာ သေချာပါတယ် ။ ညာနောက်ခံလူ ဆိုတာ ဘယ်တော့မှ အမြဲတမ်း ထင်ပေါ်လေ့ မရှိပေမယ့် ၊ စွမ်းဆောင်ရည်ကို လုံးဝ မကျအောင် ထိန်းထားရသူတွေပါ’ လို့ မှတ်ချက် ပေးခဲ့ဖူးပါတယ်။

ဒီကနေ့ ခေတ်အချိန်မှတော့ ညာနောက်ခံလူ ရဲ့ အဓိပ္ပါယ်ဟာ အများကြီး ပြောင်းလဲသွားခဲ့ ပါပြီ။ မန်စီးတီးဟာ အဲဒီ နေရာအတွက် ပက်ဂွာဒီယိုလာ လက်ထက်မှာတင် ပေါင် သန်း 100 ၀န်းကျင် သုံးစွဲထားတာ ကြည့်ရင် ညာနောက်ခံလူ နေရာကလဲ အများကြီး အရေးပါနေခဲ့ပြီ ဆိုတာ သေချာခဲ့ပါတယ်။

ပုံမှန် အားဖြင့်တော့ ပွဲတစ်ပွဲ ကြည့်လိုက်ရင် ဘယ်နောက်ခံလူ ကစားသမားတွေဟာ ညာနောက်ခံလူတွေထက် ပိုပြီး လူမြင်ခံရလေ့ ရှိပါတယ်။ ဒါဟာ သူတို့ရဲ့ စွမ်းဆောင်ရည်က ပိုမို ကောင်းမွန်လို့ မဟုတ်ပဲ ၊ ဘယ်ခြေနဲ့ ကစားဟန်က အများရဲ့ အမြင်မှာ တမူ ထူးခြားနေတာကြောင့် အခုလို အမြင်ခံရတာလဲ ဖြစ်ပါတယ်။

ညာတောင်ပံ ခံစစ်မှုးတွေ ထဲမှာတော့ တိုက်စစ်ကို အတက်အဆင်း ညီညီ နဲ့ လိုက်ပါ ကစားရင်း ၊ တိကျတဲ့ ဖြတ်တင်ဘောတွေ နဲ့ နာမည်ကြီးခဲ့တဲ့သူတွေက ဒန်နီရယ် အဲလ်ဗက် နဲ့ ဖီးလစ် လမ်း တို့ပါ။ မကြာခဏ တိုက်စစ်ကို လိုက်ပါ ကစားလေ့ရှိသလို ၊ ပြိုင်ဘက် တောင်ပံ တိုက်စစ် ကစားသမားတွေ ရဲ့ အနေအထားကို အကဲခတ်ရင်းလဲ ခံစစ်ကို ဆင်းပြီး နေရာပြန်ယူရလေ့ ရှိတဲ့ လိုအပ်ချက်က အကောင်အထည် ဖော် ကစားပေးနိုင်ဖို့ အရမ်းကို စိန်ခေါ်မှု ကြီးမားလွန်းလှပါတယ်။

အာနိုး ဟာ အင်္ဂလန် ရဲ့ သမိုင်းကြောင်း တစ်လျှောက်မှာ အဲဒီလို ခေတ်စနစ် နဲ့ အညီ ညာနောက်ခံ တစ်ယောက်ရဲ့ ဝေါဟာရကို ပုံဖော်ဖို့ အချိန်ကိုက်သား ပေါ်ပေါက်လာခဲ့တဲ့ လူငယ်တစ်ဦးလို့ ပြောရင် လွန်မယ် မထင်ပါဘူး။

ပြီးခဲ့တဲ့ ဘောလုံးရာသီက သူ့ရဲ့ပရီးမီးယားလိဂ် ဂိုးဖန်တီးမှုဟာ 12 ကြိမ် အထိ ရှိခဲ့ပြီး ၊ ဒါဟာ နောက်တန်း ကစားသမား တစ်ယောက်က ဖန်တီးပေးတဲ့ စွမ်းဆောင်ရည်တွေထဲမှာ သမိုင်းကြောင်း တစ်လျှောက် အမြင့်ဆုံး စံချိန် ဖြစ်ပါတယ်။

အဲဒီ ပမာဏဟာ လီဗာပူး ကွင်းလယ် ကစားသမားတွေ ရဲ့ ဖန်တီးမှုထက် 3 ဆ ပိုများခဲ့သလို ၊ တိုက်စစ်မှုး ဖာမင်နို ထက် 2 ဆ ၊ မိုဆာလတ် ထက် 50% တောင် ပိုနေခဲ့တာပါ။ ၀က်ဖို့ဒ်ကို 5-0 နဲ့ အနိုင်ယူ ခဲ့တဲ့ ပွဲတုန်းက ဆိုရင် 5 ဂိုး စလုံးကို နောက်တန်း အစွန်လူတွေ ဖြစ်တဲ့ အာနိုး နဲ့ ရော်ဘတ်ဆန် တို့က ဖန်တီးပေး ခဲ့တာ ဖြစ်ပြီး ၊ အာနိုးဟာ ဖန်တီးမှုကို ဟတ်ထရစ် အထိ ရယူပြခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ဖြတ်တင်ဘောတွေ ၊ မျှောထိုးပေးမှုတွေ နဲ့ လျှပ်တပြက် အကွက်မြင်မှုတွေက အသင်းရဲ့ တိုက်စစ်ကို မထင်မှတ်ပဲ အကောင်အထည်ဖော်ဖို့ အဓိက ကျနေခဲ့သလို ၊ ညာခြေသာမက ၊ ဘယ်ခြေပါ အသုံးပြုနိုင်တဲ့ စွမ်းရည်ကလဲ အခြား ကစားသမားတွေထက် သာလွန် နေခဲ့ပါတယ်။

အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ကတော့ အဲဒီလို တိုက်စစ်အထိ အပြည့်အ၀ လိုက်ပါ ကစားတတ်တဲ့ နောက်တန်း ကစားသမား နှစ်ယောက်ကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးကာ ၊ သူ့ရဲ့ ကစားကွက်ကို စိန်ပွင့်ပုံစံ နဲ့ ပုံဖော်ပြီး အန်ဖီးလ် ကွင်းထဲမှာ ရင်ဆိုင် ကစားသွားခဲ့တာက စွန့်စားလွန်းတယ်လို့ ဆိုချင်စရာပါ။

အပေါ်ယံ စဉ်းစားကြည့်ရင်တော့ အူနိုင်းဟာ အဲဒီလောက်လေးတောင် မမြင်မိဘူးလားလို့ တွေးချင်စရာ ဖြစ်ပေမယ့် ၊ တကယ်တမ်းမှာတော့ သူဟာ အာနိုးရော ၊ ရောဘတ်ဆန် ပါ သူ့ ကွင်းဘက်အထိ ကျွံလာအောင် သက်သက်မဲ့ ဟ ပေးထားတာ ဖြစ်ပြီး ၊ သူတို့ တက်ကစားနေတဲ့ အချိန်မှာ အူဘာမီးယန်း နဲ့ ပီပီ တို့က မိမိ ရရ လှုပ်ရှားဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

သို့သော် လီဗာပူး ကစားသမားတွေဟာ ဒီလို ထောက်ချောက်မျိုးကို ဆင်ပြီးကစားခံရတာ ပါးပါး နပ်နပ် ဖြစ်နေတဲ့အကြောင်း ဟန်ဒါဆင် ရဲ့ ဘယ်ဘက်အခြမ်းကို ခင်းပေးလိုက်တဲ့ ဘောလုံးက သက်သေ ပြသွားခဲ့တာ ဖြစ်ပြီး ၊ သူတို့ အကုန်လုံးဟာ အာဆင်နယ် ရဲ့ စိန်ပွင့် ကစားကွက်ကို အလွတ်ရထားတဲ့ အလား ပုံဖော် ကစားသွားခဲ့ပါတယ်။

ပထမပိုင်းမှာ အာဆင်နယ် အသင်းလဲ အခွင့်အရေး တစ်ချို့ ရခဲ့ပေမယ့် ၊ အာနိုး နဲ့ ရော်ဘတ်ဆန် တို့ရဲ့ တိုက်စစ်ကို ပုံဖော် ကစားခဲ့တဲ့ ပုံစံဟာ ဘရာဇီး လက်ရွေးစင် အသင်းမှာ ကာဖူး နဲ့ ကားလို့စ် တို့ လိုက်ပါ ကစားခဲ့သလိုမျိုးပဲလို့တောင် ထင်မှတ်ရလောက်တယ်လို့ သုံးသပ်သူ အချို့က မှတ်ချက် ပေးခဲ့ကြပါတယ်။

ပထမပိုင်း ပြီးခါနီးမှာတော့ လီဗာပူးဟာ ကစားကွက်ကနေ ဦးဆောင်ဂိုး မရပဲ ၊ ထောင့်ကန်ဘောကနေ ဦးဆောင်ဂိုး ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အာနိုး ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို မာတစ်က အပိုင် တိုက်သွားခဲ့တာဖြစ်ပြီး ၊ လူငယ် ကစားသမားလေးရဲ့ ဒီရာသီ နောက်ထပ် တစ်ကြိမ် ဂိုးဖန်တီး မှု အဖြစ်လဲ မှတ်တမ်းဝင်သွားခဲ့ ပါတယ်။

ဒီပွဲမှာ မာနေးဟာ အာဆင်နယ် ခံစစ်မှုးတွေကို ဟန်ပြ အဖြစ်သာ ထိုးစစ်ဆင် ပြသွားခဲ့တာ ဖြစ်ပြီး ၊ တကယ့် အရေးပါတဲ့ အခိုက်အတန့်တွေမှာတော့ အာနိုးဘက် ကို ဘောလုံးကို ပေးပို့ရင်း ၊ တိုက်စစ်ကို အဓိက ပုံဖော် သွားစေခဲ့တာ ဖြစ်ပါတယ်။

ဒေးဗစ်လူးဝစ်ကြောင့် ပင်နယ်တီ ပေးလိုက်တဲ့ အနေအထားမှာလဲ ၊ ဘောလုံးဟာ အာနိုး ဆီကနေ စတင်ခဲ့တာ ဖြစ်ပြီး ၊ 18 ကိုက်ထဲမှာ နေရာယူထားတဲ့ ဖာမင်နိုဆီ မျှောထိုးပေးလိုက်ချိန်မှာတော့ ၊ ဖာမင်နို က ဆာလတ် ပြေးလမ်းကြောင်းထဲကို ထပ်ခင်းပေးလိုက်ရာ ၊ ပင်နယ်တီ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မိုဆာလတ် ရဲ့ ဒုတိယ သွင်းဂိုးဟာလဲ အာနိုးရဲ့ အကွက်မြင်မြင် ပေးပို့မှု ကနေ အခြေတည်လာခဲ့ပြန်ပါတယ်။ အူဘာမီးယန်း က ပိတ်ထားတဲ့ အနေအထားမှာ ဂိုးသမား (သို့) ဗန်ဒိုက်ဆီ ပေးလို့ရ တဲ့ အနေအထားမှာ လုံးဝ မပေးပဲ ၊ တစ်ချက်လှည့်ကာ ၊ ဖာဘင်ဟို ဆီ ပေးလိုက်တာ ဖြစ်ပြီး ၊ ဖာဘင်ဟို က ထပ်မံ မျှောပေးလိုက်တဲ့ ဘောလုံး ကနေ တဆင့် ဆာလတ်က တစ်ကိုယ်တော် ထိုးဖောက်ပြီး သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။

 

ဒါကြောင့် လီဗာပူး ရရှိခဲ့တဲ့ 3 ဂိုး စလုံးဟာ ညာတောင်ပံ ကနေ အခြေခံကာ ပေါ်ပေါက်ခဲ့တဲ့ သွင်းဂိုးတွေ ဖြစ်ကာ ၊ အာနိုး ရဲ့ အရေးပါမှုတွေကို လှစ်ပြနေတယ်လို့ မှတ်ချက် ပေးရမှာ ဖြစ်ပါတယ်။ ဒါတင် မကသေးပါဘူး ၊ အာဆင်နယ် အသင်းက လီဗာပူး ကစားသမားတွေကို ခေါ်ယူပြီး ကစားလာတဲ့ အချိန်မှာ အာနိုးဟာ 18 ၀န်းကျင် အထိ တက်ပြီး မိုဆာလတ် နဲ့ ပူးပေါင်းကာ မွန်ရီရယ် ၊ စီဘယ်လော့ ၊ ဒေးဗစ်လူးဝစ် တို့ကို Pressing လိုက်ပါ ကစားပြသွားတဲ့ ပုံစံက ဘာစီလိုနာ မှာ ကစားပြခဲ့တဲ့ ဒန်နီရယ် အဲလ်ဗက် ကိုတောင် သွားပြီး အမှတ်ရချင်စရာပါ။

ညာနောက်ခံလူ တစ်ယောက်ဟာ အခုလို တိုက်စစ်အထိ လိုက်လံ ဖိအားပေးတဲ့ ပုံစံမျိုးကို ပက်ဂွာဒီယိုလာ နူးကမ့်မှာ တာဝန်ယူခဲ့စဉ်က မကြာခဏ အသုံးပြုလေ့ရှိပြီး ၊ ဒန်နီရယ် အဲလ်ဗက် ကိုယ်တိုင်လဲ ဥရောပ ရဲ့ အကောင်းဆုံး ညာနောက်ခံလူ တစ်ဦးအဖြစ် သတ်မှတ်ခံရလောက်အောင် ကစားပြသွားခဲ့ဖူးပါတယ်။

အာနိုး ကတော့ အခုမှ အသက် 20 အရွယ်သာ ရှိသေးပြီး ၊ ကလော့ပ် လက်ထက်ရောက်မှသာ ညာနောက်ခံလူ နေရာကို ပြောင်းလဲ ကစားရင်း ၊ အရွယ် နဲ့ မလိုက်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာတွေ အကြားမှ အံ့ဝင် ဂွင်ကျဖြစ်အောင် ကစားပြရင်း သူ့ရဲ့ အလားအလာကောင်းတွေကို ပြသလျှက် ရှိနေပါတယ်။

သူ့ရဲ့ ပိုမို ရင့်ကျလာတဲ့ ခြေစွမ်းနဲ့ အတူ ၊ တစ်ချိန်မှာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် အားကိုးရလောက်တဲ့ ကစားသမားသမား တစ်ဦး ဖြစ်လာမလား ဆိုတာတော့ စောင့်ကြည့်လိုက်ကြရအောင်ဗျာ………

SM