တနေ့နေ့ ရောက်ရင်တော့ ဒီလို နှုတ်ဆက်ရမယ် ဆိုတာ ဟာရီ ဝီလ်ဆင်လဲ ကြိုပြီး မျှော်လင့်ထားခဲ့ ပါတယ်။

နောက်ဆုံးမှာ 16 နှစ် အကြာ ထားခဲ့တဲ့ သံယောဇဉ်တွေ ကို ဖြတ်တောက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရင်း ဖူဟမ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးချက် ချမှတ်သွားခဲ့ပါပြီ။

“ အရိုးသားဆုံး ပြောရရင်တော့ ဒီလို အသင်းနဲ့ ခွဲရတော့မယ် ဆိုတာ လွန်ခဲ့တဲ့ နှစ် အနည်းငယ် အတွင်းမှာ ကတည်းက ကြိုပြီး ခန့်မှန်းမိနေခဲ့ပါတယ်။ လွယ်လွယ်ကူကူ နဲ့ ဆုံးဖြတ်ချက် ချလိုက်ရတာလို့တော့ မပြောချင်ဘူးဗျာ။ ဒါပေမယ့် ကိုယ့်အတွက် မှန်ကန်တဲ့ လမ်းကြောင်းတခုကို ရွေးချယ်လိုက်တာ သေချာပါတယ်” လို့ လီဗာပူး ကစားသမား ဖြစ်လာဖို့ ငယ်ငယ်လေး ကတည်းက အိပ်မက် မက်လာခဲ့တဲ့ ဟာရီ ဝီလ်ဆင် က ရင်ဖွင့်လာခဲ့ ပါတယ်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အသက် 6 နှစ် အရွယ် ကတည်းက အကယ်ဒမီ ကို ရောက်ရှိလာခဲ့ကာ ၊ သက်တမ်း အလိုက်အဆင့်တွေမှာ အသင်းခေါင်းဆောင် အဖြစ်တောင် တာဝန်ယူ ကစားပေးခဲ့တဲ့ ဝေးလ် တောင်ပံ ကစားသမားလေးဟာ 2019 ခုနှစ် ဝန်းကျင်လောက်မှာ စီနီယာ အသင်းကြီးနဲ့ လက်တွဲခွင့် အခွင့်အရေးမျိုး ရတော့မယ်လို့ မျှော်လင့်ခဲ့သူပါ။

“ 2019 ခုနှစ် ၊ ဒါဘီ အသင်းကနေ အငှားကစားပြီး ပြန်လာခဲ့တဲ့ အချိန်က ကျနော့် စိတ်ထဲမှာ တခုခုတော့ မျှော်လင့်မိခဲ့ ပါတယ်။ ကျနော်ဟာ ချန်ပီယံရှစ် ပြိုင်ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့သလို ၊ Play Off အဆင့် ရောက်တဲ့ အထိလဲ အသင်းကို ပို့ဆောင်ပေးနိုင်ခဲ့တယ် ၊ ဂိုးဖန်တီးမှု နဲ့ သွင်းဂိုး အရေအတွက်ကလဲ တော်တော်ကို များခဲ့ပါတယ်။

လီဗာပူး ကို ပြန်ရောက်တော့ ရာသီအကြို ပြင်ဆင်မှုတွေ လုပ်တဲ့ ပွဲစဉ် တချို့မှာ ကစားခွင့်ရပါတယ်။ အစောပိုင်း ပွဲစဉ်တွေ က အင်္ဂလန်မှာပဲ ကစားရတာ ဖြစ်ပြီး ၊ အဲဒီနောက်မှာ အမေရိကား ၊ ပြင်သစ် ခရီးစဉ်တွေဆီ ဆက်လက် ထွက်ခွာခဲ့ကြတာပါ။

ပြောရရင် ပွဲတိုင်းနီးပါး ကစားခွင့် ရခဲ့သလို ၊ သွင်းဂိုး တချို့လဲ ရအောင် ယူပြနိုင်ခဲ့တာမို့ ကျေနပ်ခဲ့တာပေါ့။ ကိုယ့်ကိုကိုယ် စီနီယာ အသင်းကြီးမှာ ဆက်ရှိနိုင်ခွင့် အခြေနေ တရပ်မှာ ရှိနေခဲ့တယ်လို့ ထင်မိတာပေါ့ဗျာ။

အဲဒီနောက်တော့ ဝင်ဘာလေမှာ မန်စီးတီး နဲ့ ကွန်မြူနတီ ပွဲစဉ် ကစားပါတယ်။ 19 ယောက် စာရင်းမှာလဲ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် တော်တော်လေး စိတ်ပျက်ခဲ့တယ်ဗျာ……။ ဒီလိုပွဲမျိုးလောက်တော့ ကျနော်တို့လို ကစားသမားတွေ အတွက် အခွင့်အရေး ရသင့်တယ်လို့ ထင်ပါတယ်။ ကိုယ့်ဘက်က လုပ်ပြလို့ ရသမျှ အရာအားလုံးကို သက်သေပြခဲ့ပြီးပါပြီ။ ဒါပေမယ့် အခွင့်အရေး က ရောက်မလာခဲ့ပါဘူး။

အဲဒီ အခိုက်အတန့်မှာ ကတည်းက အသင်းပြောင်းရတော့မယ် ဆိုတာ စိတ်ထဲမှာ အလိုလို သဘောပေါက်လာခဲ့တာပါ” လို့ ရင်ဖွင့် သွားခဲ့ ပါတယ်။

ဝီလ်ဆင်ဟာ အခွင့်အရေး တခု မရခဲ့လို့ စိတ်ပျက်မိတာ မှန်ပေမယ့် ၊ လီဗာပူး အသင်းကြီးမှာ တနေရာစာ ရဖို့ အလွန်ခက်ခဲတဲ့ အကြောင်းကိုလဲ လက်ခံခဲ့ပါတယ်။ ဒါကြောင့် အငှားစေလွှတ်တဲ့ အခိုက်အတန့်တိုင်းမှာတောင် ငြင်းဆန်ခဲ့တာတွေ အလျဉ်းမရှိခဲ့ ပါဘူး။

“ လီဗာပူး ရဲ့ ကစားသမား စုဖွဲ့မှု အရည်အသွေးက ဘယ်လောက်အထိ ရှိလဲဆိုတာ ကျနော် သိပါတယ်။ ဒါကြောင့် အသင်းမှာ ပုံမှန် ကစားခွင့်မျိုး ရဖို့ မဖြစ်နိုင်တာလဲ သဘောပေါက်ပြီးသားပါ။

တိုက်စစ် ကစားသမား 3 ယောက်ဟာ တပွဲမှတောင် ပွဲမကြောင်ခဲ့သလို ၊ စွမ်းဆောင်ရည် မှတ်တမ်း ကိန်းဂဏန်းတွေ ကြည့်လိုက်ရင်လဲ ကြောက်ဖို့ကောင်းပါတယ်။ ဒီလို ကစားသမားတွေကို ကျော်လွန်ပြီးတော့ ကျနော်က နေရာရ စရာ အကြောင်းကို မရှိပါဘူး။

ပြီးတော့ No.8 , No.10 နေရာတွေ ပြောင်းပြီး ကစားကြည့်တော့လဲ ၊ အဲဒီ နေရာက ကစားသမားတွေကလဲ အပြန်စားတွေချည်းပဲဗျာ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

သို့သော် ဟာရီ ဝီလ်ဆင် လို ကစားသမား တယောက်ဟာ လီဗာပူး စီနီယာ အသင်းကြီး ကစားခွင့် 2 ကြိမ်သာ ရရှိခဲ့တဲ့ အပေါ် တော်တော်လေးကို စိတ်မကောင်း ဖြစ်ရပါတယ်။ ပရိသတ်တွေ အကြားမှာလဲ သူ့ကို နေရာမပေးနိုင်လို့ စိတ်မကောင်း ဖြစ်ပြီး ၊ ကိုယ်ချင်းစာပေးတဲ့သူတွေ အများကြီး ရှိခဲ့ ပါတယ်။

“ ကျနော်လဲ စိတ်ပျက်တာပေါ့ဗျာ။ တချို့ ကစားသမားတွေ ဆိုရင် အရမ်းကြီး မဟုတ်ပဲ နဲ့ ကိုယ့်ထက် ပိုပြီး စီနီယာ အသင်းကြီး ကစားခွင့်က ပိုရကြတယ်လေ။ ဒါဘီမှာ အငှားနဲ့ ကစားတုန်းက ဆိုရင် တရာသီ အတွင်း ပွဲပေါင်း 50 ကျော် အထိ ကစားနိုင်ခဲ့သလို ၊ ခြေစွမ်းကလဲ တော်တော်ကို ကောင်းခဲ့တာမို့ ၊ ငါ့ အလှည့် ရောက်ပြီလို့တောင် ခံစားမိခဲ့တာပါ။

အခုချိန် ပြန်စဉ်းစားကြည့်တော့ စီနီယာ အသင်းကြီး ရဲ့ အစိတ်အပိုင်း အဖြစ် ရာသီဝက်လောက်တောင် အခွင့်အရေး မရခဲ့တာ စိတ်ပျက်ဖို့ ကောင်းပါတယ်” လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ ဝီလ်ဆင် ရဲ့ နေ့ရက်တွေဟာ စာမျက်နှာသစ် နဲ့ စတင်နေပါပြီ။ ဖူဟမ် နည်းပြ မာကို ဆေးဗား ဟာ သူ့ကို လိုလိုချင်ချင် နဲ့ စည်းရုံး ခေါ်ယူခဲ့တာ ဖြစ်သလို ၊ ပွဲထွက် ကစားခွင့် အာမခံချက်လဲ အပြည့်အ၀ ပေးထားခဲ့ ပါတယ်။

“ အသင်းပြောင်းလာတော့ စိတ်လှုပ်ရှားမိတာပေါ့ ၊ ဒါပေမယ့် လီဗာပူး ကနေ အပြီးအပိုင် လမ်းခွဲလိုက်လို့လဲ ဝမ်းနည်းမိပါတယ်။

အသင်းပြောင်းဖို့ ဆုံးဖြတ်ချက် ချပြီ ဆိုရင် ၊ ကိုယ့် ကို လိုလိုချင်ချင် နဲ့ ခေါ်ယူမယ့် မန်နေဂျာ ရှိတဲ့ အသင်းကိုပဲ ရွေးချယ်ရပါတယ်။ အားကစား ဒါရိုတ်တာတွေ ၊ ပိုင်ရှင်တွေ ဆိုတာက လူရွေးချယ်တဲ့ အပိုင်းမှာ အများကြီး လွမ်းမိုးမှု မရှိပါဘူး။

ဖူဟမ်ကို ပြောင်းလာခဲ့တာ က လက်ရှိ မန်နေဂျာ မာကို ဆေးဗား ကိုယ်တိုင် လိုလိုချင်ချင် နဲ့ ကမ်းလှမ်းလာလို့ ရွေးချယ်လိုက်တာပါ။ ယူရို ပြိုင်ပွဲ အပြီး အားလပ် ခရီးစဉ် ထွက်နေချိန်မှာ သူက ကျနော့်ဆီ ဖုန်းခေါ်ပြီး အကျိုးအကြောင်း ရှင်းပြခဲ့ ပါတယ်။

သူပြောသွားတဲ့ အကြောင်းအရာတွေကို နားထောင်ရတာ ကျနော့် ကစားပုံကို သေသေချာချာ စောင့်ကြည့်ပြီးမှ ၊ ဘယ်လို အသုံးပြုမယ် ၊ ဘယ်လို ကစားခိုင်းမယ် ဆိုတာတွေ အထိပါ ပြောပြခဲ့တာပါ။ ဒါကြောင့် ကိုယ်နဲ့ ထပ်တူကျမယ့် မန်နေဂျာမျိုးလို့ ယူဆတဲ့ အတွက် ရွေးချယ်လိုက်တာ ဖြစ်ပါတယ်” လို့ ပြောပြသွားခဲ့ ပါတယ်။

ဝီလ်ဆင် သူ့ရဲ့ ဖူဟမ် ကစားသမား ဘ၀ ပထမဆုံး ပွဲစဉ် အဖြစ် မနေ့က ဘိုရို အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ စတင် ပါဝင် ကစားခဲ့ပါတယ်။ ဒါ့အပြင် ပထမဆုံး သွင်းဂိုးကိုလဲ ချက်ခြင်း သွင်းယူပြနိုင်ခဲ့ပါတယ်။

ဖူဟမ် ကို ပြောင်းရွှေ့ဖို့ အတွက် သြစတီးယား ကနေ ထွက်ခွာလာခဲ့စဉ်က လီဗာပူး ဟာ မိန့်ဇ် နဲ့ ကစားဖို့ ပြင်ဆင်နေချိန်ဖြစ်လို့ အသင်းဖော်တွေ အားလုံးကို နှုတ်မဆက်လိုက်ရဘူးလို့ သူက ဆိုပါတယ်။

“ ဖူဟမ် က အပြောင်းအရွှေ့ ကိစ္စ အပြီးသတ်လုပ်ဆောင်ဖို့ ဖုန်းလှမ်းဆက်တဲ့ အချိန်ဟာ ၊ မိန့်ဇ် နဲ့ ပွဲအတွက် ပြင်ဆင်နေချိန် ဖြစ်ပါတယ်။ ဒါကြောင့် ကစားဖော်တွေ အကုန်လုံးကို နှုတ်ဆက်ခွင့် မရခဲ့ပါဘူး။ ရော်ဘတ်ဆန် ၊ ဗန်ဒိုက် ၊ ဂိုးမက်ဇ် တို့ သုံးယောက်ကိုပဲ နှုတ်ဆက် စကား ပြောခဲ့ရတာပါ။ အချိန်ရမှ လေ့ကျင့်ရေး ကွင်းအထိသွားပြီး အေးအေးဆေးဆေး နှုတ်ဆက်စကား ပြောပါဦးမယ်” လို့ ရင်ဖွင့် သွားခဲ့ ပါတယ်။