မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန် က အာဆင်နယ် အသင်းဟာ ဘယ်အသင်းကိုမှ ခြိမ်းခြောက် နိုင်စွမ်း မရှိတော့ကြောင်း သုံးသပ် လိုက်ပြီး ဝီးလော့ ကို ရောင်းချဖို့ ဆုံးဖြတ်ချ​က် ချလိုက်တဲ့ အပေါ် မေးခွန်းထုတ် လိုက်ပါတယ် ။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နယူးကာဆယ် နဲ့ အာဆင်နယ် အသင်းတို့ဟာ ဝီးလော့ အတွက် ပေါင် သန်း ၂၀ ထက် ပိုတဲ့ ပမာဏ နဲ့ သဘောတူညီမှု ရရှိ ခဲ့ပြီ ဖြစ်ပြီး ကာယကံရှင် နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိဖို့တော့ ကျန်ရှိ နေသေးတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဝီးလော့ ဟာ ဂန်းနားတို့ အတွက် လေးရာသီ အတွင်း ပွဲပေါင်း ၇၈ ပွဲ ကစား ပေးခဲ့သူ ဖြစ်ပါတယ် ။ ဒါပေမယ့် ဝီးလော့ ဟာ အာဆင်နယ် နည်းပြ အာတီတာ လက်အောက်မှာ ပုံမှန် ပွဲထွက် ကစားခွင့် ရဖို့ ရုန်းကန် နေရသူ ဖြစ်ပါတယ် ။

ဝီးလော့ ဟာ ပြီးခဲ့တဲ့ ရာသီ ဒုတိယ ရာသီဝက်မှာ နယူးကာဆယ် အသင်းထံ အငှား သွားရောက် ကစားခဲ့ပြီး ခြေစွမ်းပြ ကစား နိုင်ခဲ့ပါတယ် ။ ဝီးလော့ ဟာ နယူးကာဆယ် အသင်း အတွက် ၇ ပွဲဆက်တိုက် ဂိုးသွင်း နိုင်ခဲ့ပြီး အလန်ရှီးယား ရဲ့ စံချိန်ကို လိုက်မှီ နိုင်ခဲ့သလို ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိ ခဲ့ပါတယ် ။

ဖာဒီနန် ကတော့ ဝီးလော့လို အရည်အသွေးရှိ ကစားသမား တစ်ဦးကို ရောင်းချဖို့ ဆုံးဖြတ်လိုက်တဲ့ အာဆင်နယ် အသင်း အပေါ် နားမလည်နိုင် ဖြစ်နေပြီး ဂန်းနားတို့ဟာ တခြား ဘယ်အသင်းကိုမှ ခြိမ်းခြောက် နိုင်စွမ်း မရှိတော့ကြောင်းလည်း ဆိုပါတယ် ။

ဖာဒီနန် က FIVE You Tube Channel မှာ ” အာဆင်နယ် အသင်း ဘာကြောင့် ဝီးလော့ ကို ထွက်ခွာခွင့် ပြုလိုက်တာလဲ ဆိုတာ ကျွန်တော်လည်း နားမလည်တော့ပါဘူး ၊ သူက ကွင်းလယ်ကနေ ဂိုးသွင်းနိုင်တဲ့ ကစားသမားပါ ၊ ကျွန်တော် သူ့ကို တကယ် သဘောကျပါတယ် ။ ”

” ကျွန်တော် တကယ် နားမလည် နိုင်အောင် ဖြစ်ရပါတယ် ၊ နယူးကာဆယ် ကတော့ ဝီးလော့ ကို ရအောင် ခေါ်ယူနိုင်ရေးအတွက် အံ့ဖွယ် လုပ်ဆောင် နိုင်ခဲ့တယ် ဆိုရမှာပါ ၊ သူက တကယ် ကောင်းမွန်တဲ့ အရည်အသွေးကို ပိုင်ဆိုင် ထားတယ်လို့ ထင်မြင် မိပါတယ် ။ ”

” သူက ဂိုးလည်း သွင်းနိုင်ပါတယ် ၊ သူ့ဆီက ဂိုးရဖို့ မျှော်လင့် နိုင်ပါတယ် ၊ သူ့ရဲ့ ရွေ့လျားပုံ ပြေးပုံတွေက တကယ် ကောင်းမွန်ပါတယ် ။ အာဆင်နယ် က တည်ဆောက် နေဆဲ အသင်း တစ်သင်းပါ ၊ အာတီတာကလည်း တစ်စုံတစ်ခုကို တည်ဆောက်နိုင်ဖို့ ကြိုးစား နေပါတယ် ၊ အုတ်မြစ်ချ လုပ်ဆောင် နေဆဲပါ ။ ”

” ဒါပေမယ့် အခုထိ အာဆင်နယ် က အထိုင်မကျ ဖြစ်နေသေးတုန်းပါပဲ ၊ အာဆင်နယ် က ဘယ်သူ့ကိုမှ ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပါဘူး ၊ ဘယ်သူမှ အာဆင်နယ် ကို အန္တရယ် ရှိတဲ့ အသင်း တစ်သင်း အဖြစ် မစဉ်းစားကြတော့ပါဘူး ။ ”

” ကျွန်တော် ရင်ဆိုင် ကစားခဲ့ဖူးတဲ့ ဗီအဲရာ ၊ အွန်နရီ ၊ ဘားကမ့် ၊ မာတင်ကီယွန် ၊ တိုနီအဒမ် ၊ ဆိုးလ်ကမ်းဘဲလ် ၊ အက်ရှ်လေကိုးလ် တို့ပါတဲ့ အာဆင်နယ် အသင်း မဟုတ်တော့ပါဘူး ။ အခု အာဆင်နယ် က အများကြီး ကွဲပြား သွားပါပြီ ၊ အခုလို မြင်ရတာ စိတ်မကောင်းပါဘူး ၊ ကျွန်တော် အာဆင်နယ် အသင်းကို သိပ်သဘောကျတာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဖြစ် လာမယ့် စနေနေ့ မြန်မာစံတော်ချိန် နံနက် ၁:၃၀ မှာ တန်းတက် ဘရန့်ဖိုဒ့် နဲ့ ကစား ရပါမယ် ။