လီယွန်နယ် မက်ဆီ ရဲ့ ဘာစီလိုနာ ကစားသမား ဘဝဟာ နိဂုန်းချုပ်သွား ခဲ့ပါပြီ ။ ကတ်တလန် ထိပ်သီး ကလပ် မှာ အကယ်ဒမီ ကစားသမား ဘ၀ ကနေ နှစ်ပေါင်း ၂၁ နှစ်ကြာ ကစားပြီး စီနီယာ အသင်း အတွက် ပွဲပေါင်း ၇၇၈ ပွဲ မှာ ၆၇၂ ဂိုး သွင်းပေး ခဲ့တဲ့ မက်ဆီ ဟာ အသင်းနဲ့ သက်တမ်း ကုန်သွားတဲ့ စာချုပ်ကို ပြန်လည် ချုပ်ဆိုဖို့ အစွမ်းကုန် ကြိုးစား ခဲ့ပေမယ့် အဆင်မပြေမှုတွေကြောင့် လက်လျော့ ခဲ့ရပါတယ် ။

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ တုန်းက မက်ဆီ ဟာ ဘာစီလိုနာ ကစားသမား ဘ၀ နောက်ဆုံး သတင်းစာ ရှင်းလင်းပွဲ ကို ပြုလုပ် သွားခဲ့ပြီး သူချစ် ရဲ့ အသင်း နဲ့ ပရိသတ်တွေကို နှုတ်ဆက် ခဲ့ပါတယ် ။ လက်ရှိ မှာတော့ မက်ဆီ ဟာ ဘယ်အသင်းကိုမှ တရားဝင် မပြောင်းရွှေ့ ရသေးပေမယ့် PSG ကို ရောက်ဖို့ သေချာသလောက် ရှိနေခဲ့ ပါပြီ ။

 

ဒါပေမယ့် ထပ်မံ ထွက်ပေါ် လာခဲ့တဲ့ သတင်းအရ ဘာစီလိုနာ ဟာ နှုတ်ဆက်ပွဲ အပြီးမှာ မက်ဆီ ကို နောက်ဆုံး တကြိမ် ပြန်လည် ကြိုးစား ခဲ့တယ်လို့ သိရ ပါတယ် ။ La Porteria သတင်းစာ ရဲ့ ဖော်ပြချက် အရ ဘာစီလိုနာ ဟာ မက်ဆီ ကို ဆက်သွယ်ပြီး ဘာစီလိုနာ မှာ ဆက်နေဖို့ ကမ်းလှမ်း ခဲ့ပါတယ် ။ ဒါပေမယ့် တရားဝင် ကမ်းလှမ်းချက်မျိုးတော့ မဟုတ်ဘူးလို့ သိရ ပါတယ် ။

 

ဒါပေမယ့် ဒီကြိုးစားမှုဟာ အချည်းနှီးသာ ဖြစ်ခဲ့ရ ပါတယ် ။ မက်ဆီ ဟာ PSG နဲ့ သဘောတူညီမှု ရရှိဖို့ အချိန် အနည်းငယ်သာ ကျန်တော့ပြီး မက်ဆီ ရဲ့ ဖခင် နဲ့ ရှေ့နေ တို့ဟာ ပြင်သစ် ကလပ် ထံ သွားရောက် ပူးပေါင်းနိုင်ဖို့ အမြန်ဆုံး လုပ်ဆောင် နေကြပြီ ဖြစ်ပါတယ် ။ မက်ဆီ ကတော့ ဘာစီလိုနာမှာ ကျန်ရစ်ရင်း ပြင်သစ် ကို သွားမယ့် လေယာဉ် ကို စောင့်ဆိုင်းနေပါတယ် ။

ဘာစီလိုနာ ဘက်ကတော့ မက်ဆီ ကို PSG ထံ ပြောင်းရွှေ့ဖို့ ခွင့်ပြုလိုပုံ မရခဲ့ပါဘူး ။ ပြင်သစ် ကလပ် ဟာ နေမာ ၊ ဘာပေ တို့လို လုပ်ခ မြင့်မားတဲ့ ကစားသမားတွေ ကို ပိုင်ဆိုင် ထားပြီး အခုတဖန် မက်ဆီ လို တပတ် လုပ်ခ ပေါင် ၈ သိန်း လောက် ပေးချေ ရမယ့် ကစားသမားကို ခေါ်ယူတာဟာ UEFA ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းတွေ နဲ့ ကိုက်ညီမှု မရှိနိုင်ကြောင်း ဘာစီလိုနာ ရှေ့နေ အဖွဲ့က ပြောဆိုခဲ့ ပါတယ် ။

 

“ပြင်သစ် ကလပ် ရဲ့ FFP ( Financial Fair Play ) စည်းမျဉ်း နဲ့ ငြိစွန်းမှုဟာ ကျွန်တော်တို့ ( ဘာစီလိုနာ ) ထက် အများကြီး ဆိုးနေပါတယ် ။ ၂၀၁၉ – ၂၀၂၀ ရာသီ မှာ သူတို့ရဲ့ လစာ နဲ့ ဝင်ငွေ အချိုးအစားဟာ ၉၉% ပါ ၊ ဘာစီလိုနာ က ၅၄% ပဲ ရှိပါတယ် ။ အခုလို ကြပ်တည်းတဲ့ ကာလမှာ ဒီပမာဏက ပိုပြီး ကြီးမားလာမှာပါ”

 

“FFP စည်းမျဉ်းတွေဟာ ဥရောပက ကလပ် အားလုံးအပေါ် ညီတူညီမျှ သက်ရောက်နေရ ပါမယ် ။ ဒါကြောင့် မက်ဆီ ကို ခေါ်ယူမယ့် ကိစ္စကို တားဆီးဖို့ ကျွန်တော်တို့ တိုက်တွန်း ရတာပါပဲ” လို့ ဘာစီလိုနာ ရှေ့နေ့ အဖွဲ့ ခေါင်းဆောင် ဟွမ်ဘရန်ကို က တရားရုံးထံ ပေးပို့ ထားတဲ့ စာ ကို ဖော်ပြရင်း ရေးသား ပြောဆို သွားခဲ့ ပါတယ် ။

 

ဒါပေမယ့် မက်ဆီ PSG ကို ရောက်ရှိမယ့် သတင်းကတော့ မှေးမှိန်သွားခြင်း မရှိခဲ့ ပါဘူး ။ ပြင်သစ် မြေပေါ်က ပရိသတ်တွေဟာ ယမန်နေ့ နေ့လည်ပိုင်းမှာ မက်ဆီ ရောက်ရှိ လာမယ်ဆိုတဲ့ သတင်းမှားကို ယုံကြည်ကာ လေဆိပ် နဲ့ PSG ကွင်းအရှေ့တွေမှာ အချိန်ကြာမြင့်စွာ သွားရောက် စောင့်ဆိုင်း နေခဲ့ကြပါတယ် ။ သူတို့ အတွက်တော့ ဒီလို သမိုင်းတွင်မယ့် အခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး ။

 

ဘာစီလိုနာ ကတော့ မက်ဆီ မရှိတော့တဲ့ ခေတ်တခေတ် ကို ထူထောင် ရတော့မှာပါ ။ လတ်တလော မှာပင် အသင်းရဲ့ ရှယ်ယာဈေးတွေ ကျဆင်းနေပြီး ကွင်းဝင်ကြေးတွေ လည်း ယခင်ကထက် လျော့နည်းဖွယ် ရှိနေပါတယ် ။ ဒါကြောင့် ကွင်းဝင်ကြေး ၊ စပွန်ဆာ ၊ အမှတ်တရပစ္စည်းရောင်းချရမှုတွေ မှာ ဝင်ငွေ လျော့ကျမှုတွေ ရှိလာဖို့ သေချာနေပြီး နှစ်အကုန်မှာ ဘာစီလိုနာ အသင်းရဲ့ တန်ကြေးဟာ လက်ရှိထက် ယူရို သန်း ၁၃၀ ကျော် တန်ဖိုး ကျဆင်းဖွယ် ရှိနိုင်တယ်လို့လည်း တွက်ချက် ခန့်မှန်း ထားကြပါတယ် ။

 

SPORTS MYANMAR