သြဂုတ်လ 5 ရက်နေ့ ကြာသပတေးနေ့ဟာ မက်ဆီ တို့ မိသားစု အတွက် သာယာလှပတဲ့ နေ့လေး တနေ့ ဖြစ်သည်။ ဘာစီလိုနာ နဲ့ 5 နှစ် စာချုပ်သက်တမ်း တိုးဖို့ အတွက် သဘောတူညီမှု ရယူထားပြီးပြီမို့ ၊ တရားဝင် လက်မှတ်ရေးထိုးရန် စပိန် ရဲ့ နာမည်ကြီး ကမ်းခြေ အိုင်ဘီဇာ ကနေ ဘာစီလိုနာ မြို့ဆီသို့ ပြန်လာခဲ့ကြသည်။

ဘာစီလိုနာ အသင်း နဲ့ တရားဝင် လက်မှတ်ထိုးဖို့ စီစဉ်ထားချိန်က ထိုနေ့ည 8 နာရီ ဖြစ်သည်။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

ညနေပိုင်း အရောက်မှာတော့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ က စာချုပ်သစ် မှာ လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်တော့ကြောင်း ၊ လာလီဂါ ရဲ့ လစာပေးချေမှု ကန့်သတ်ချက်က ကြီးမားတဲ့ အတားအဆီးကြီး တခုဖြစ်ကြောင်း အံ့အားသင့်ဖွယ်ရာ ပြောဆိုလာသည်။

တကယ်ဆို နှစ်ဖက်စလုံး က သဘောတူနိုင်တဲ့ အနေအထားတခုကို ကြိုတင် ရယူထားတာ ဖြစ်သည်။

လာလီဂါ ကနေ ပြဌာန်းထားတဲ့ လစာကန့်သတ်ဟာ ဇူလိုင်လ 1 ရက်နေ့ မှာ ကတည်းက ပေါ်ထွက်လာခဲ့ပြီးသားမို့ ၊ အဲဒီ ဘောင်အတွင်း ဝင်ရောက်အောင် ကြိုးစားဖို့က ဘာစီလိုနာ ရဲ့ တာဝန်ဖြစ်သည်။

မက်ဆီ တို့ သားအဖ နှစ်ယောက်ဟာ ဘာစီလိုနာ ဘက်က ပြောဆိုလာမှု အပေါ် အကြီးအကျယ် ဒေါသထွက်ခဲ့ကြသည်။ ငယ်ဘ၀ သံယောဇဉ်တွေကြောင့် ၊ ဘာစီလိုနာ အတွက် ဆက်ပြီး ကစားပေးချင် လွန်းသောကြောင့် လစာပေးချေမှု အပိုင်းကို အများကြီး လျှော့ချကာ လိုက်လျောပေးထားခဲ့တာ ဖြစ်သည်။

သို့သော် ကလပ် အသင်းဘက်က လုပ်ပုံက လူကြီးလူကောင်း မဆန်ရာ ကျလွန်းသည်။ တကယ်ဆို မဖြစ်နိုင်မှန်း သိရင်း အစော ကတည်းက ကြိုပြီး ပြောဖို့ ကောင်းသည်။

ည 8.00 နာရီ အရောက်မှာတော့ ဘာစီလိုနာဟာ မက်ဆီကို စာချုပ် ချုပ်ဆိုနိုင်တော့မှာ မဟုတ်ကြောင်း ၊ တရားဝင် ကြေငြာချက် တစောင်ကို ထုတ်ပြန်လိုက်လေသည်။

တကယ်တော့ မက်ဆီ ဟာ ဧပြီလ လောက် ကတည်းက ပီအက်စ်ဂျီ ရဲ့ တရားဝင် ချဉ်းကပ်မှုတွေ ရရှိခဲ့သည့်တိုင်အောင် ပယ်ချခဲ့သည်။ ဒါ့အပြင် ဇူလိုင်လ အစောပိုင်းမှာလဲ ပက် ဂွာဒီယိုလာ ဦးဆောင်ပြီး ၊ ဘာစီလိုနာ ဒါရိုတ်တာဟောင်းတွေ ဖြစ်တဲ့ ဆိုရီယာနို ၊ ဘီဂရစ်စတိန်း ပါဝင်တဲ့ မန်စီးတီး ကိုယ်စားလှယ်တွေကလဲ လာရောက် ကမ်းလှမ်းခဲ့သေးသည်။

ကမ်းလှမ်းမှုတွေ မည်သို့ပင် မက်လုံး ပေးထားခဲ့စေကာမူ ၊ မက်ဆီ ရဲ့ ခံယူချက်က ပြောင်းလဲခြင်း အလျဉ်းကမရှိ ၊ ဘာစီလိုနာ မှာ ဆက်ကစားပေးမှာ ဖြစ်သောကြောင်း အကုန်လုံးကို ပယ်ချပစ်ခဲ့သည်။

သို့သော် သူ့ဘက်က အတတ်နိုင်ဆုံး လိုက်လျောခဲ့သည့်တိုင်အောင် ဘာစီလိုနာ ဘက်ကလဲ ခေါ်ယူနိုင်တဲ့ အင်အားမျိုး မရှိခဲ့ပြန်ပေ။

ပီအက်စ်ဂျီ အသင်းဟာ ဘာစီလိုနာ ဘက်က တရားဝင် ထုတ်ပြန်ကြေငြာပြီးနောက် ၊ 2 နာရီ အကြာမှာပဲ မက်ဆီ ရဲ့ ဖခင် ဂျော့ရှ် မက်ဆီ ထံ တိုက်ရိုတ် ဆက်သွယ်လာခဲ့သည်။ ကနဦးမှာ အားကစား ဒါရိုတ်တာ လီယိုနာဒို က ဦးဆောင် စကားပြောခဲ့ပေမယ့် ၊ ညဉ့်နက်ပိုင်း အစည်းအဝေးတွေမှာတော့ ဥက္ကဌကြီး အယ်ခီလာဖီ ကိုင်တိုင် ပါဝင်ကာ အပြောင်းအရွှေ့ ကိစ္စတွေကို ဆွေးနွေးလာသည်။

မက်ဆီ တို့ဘက်ကလဲ ပီအက်စ်ဂျီ ဘက်က ရာထူးအကြီးဆုံး နှစ်ယောက် ကိုယ်တိုင် ဦးဆောင်လာမှုကို ကျေနပ်ကြသည်။ ဒါဟာ ကစားသမား ကို ဘယ်လောက်ထိ လိုချင်နေလဲ ဆိုတာ ပြသတဲ့ လက္ခဏာမျိုးလို့ ယုံကြည်သည်။ ဒါကြောင့်လဲ မက်ဆီ ကိုယ်တိုင် အာဂျင်တီးနား နည်းပြ ပိုချက်တီနို ကို တိုက်ရိုတ် ဆက်သွယ်ကာ အားကစားဆိုင်ရာ အကျိုးအကြောင်းတွေ တိုက်ရိုတ် မေးမြန်းလာခဲ့သည်။

အယ်ခီလာဖီ ဟာ နေမာ ရဲ့ ကမ္ဘာ့စံချိန်တင် အပြောင်းအရွှေ့တုန်းကလဲ အခုလို ကိုယ်တိုင် တိုက်ရိုတ်ပါဝင်ပြီး ကြီးကြပ်ခဲ့ဖူးသည်။

သောကြာ တနေ့လုံးမှာတော့ အယ်ခီလာဖီ ၊ လီယိုနာဒို ၊ မက်ဆီ ရဲ့ ရှေ့နေတွေ နဲ့ ဂျော့ရှ် မက်ဆီ တို့ဟာ အပြောင်းအရွှေ့ ဆိုင်ရာ ကိစ္စရပ်တွေကို တနေကုန် ဆွေးနွေးကြသည်။

ပီအက်စ်ဂျီ ဘက်က ကမ်းလှမ်းလာတဲ့ အခွန်ဆောင်ပြီး ၊ ဘောနပ်ကြေး ပါပြီး တနှစ်လုပ်ခ ယူရို 35 သန်း ပမာဏ နဲ့ 2 နှစ် စာချုပ်သက်တမ်းကို မက်ဆီ တို့ဘက်က ကျေနပ်ကြသည်။ ဒါ့အပြင် နောက်ထပ် တနှစ်သက်တမ်းတိုးခွင့် အချက်ပါ ထည့်သွင်းထားသေးသည်။

နောက်ထပ် ဆွေးနွေးမှုတွေ မှာတော့ အခွန်ကိစ္စ နဲ့ စပွန်ဆာကြေး ကိစ္စရပ်တွေ ဖြစ်ပြီး၊ အချိန် အများဆုံး ယူရသော အပိုင်းလဲ ဖြစ်ခဲ့သည်။ ပီအက်စ်ဂျီ ဘက်ကတော့ FFP ကိစ္စရပ်တွေ နဲ့ မငြိစွန်းစေဖို့ အတွက် လစာ ပမာဏထက် ဘောနပ်ကြေး ပမာဏကိုသာ များပေးထားသည်။

ဒါကြောင့် နေမာ ရဲ့ စာချုပ်ပါ အချက်လက် အတွေ အတိုင်း ချန်ပီယံလိဂ် ဖလားကြီးကိုသာ ဆွတ်ခူးနိုင်ခဲ့မယ် ဆိုပါက ဘောနပ်ကြေးတွေ အမြောက်အများ ရရှိကြမည် ဖြစ်သည်။

စနေနေ့ အရောက်မှာ နှစ်ဖက် စလုံးဟာ နှုတ်အားဖြင့် စာချုပ်ဆိုင်ရာ အချက်အလက်တွေ အားလုံးနီးပါး ကို သဘောတူညီမှု ရယူထားနိုင်ပြီ ဖြစ်သည်။ မက်ဆီ ဟာ ဘာစီလိုနာ ကစားဖော်တွေ ကို နှုတ်ဆက်တဲ့ ပွဲမှာ ၊ ပီအက်စ်ဂျီ နဲ့ စာချုပ် ကိစ္စကို ငြင်းဆန်ခဲ့သော်လဲ ၊ တကယ်တမ်းမှာတော့ မနက် 10 နာရီ ဝန်းကျင် ကတည်းက ပဲရစ် ကနေ ပေးပို့လိုက်တဲ့ စာချုပ်စာတမ်းတွေကို လက်ခံ ရရှိထားနှင့်ပြီ ဖြစ်သည်။

မက်ဆီ ရဲ့ ရှေ့နေတွေ နဲ့ ဖခင် ဖြစ်သူက စာချုပ်ပါ ဆိုင်ရာ အချက်အလက်တွေကို သေချာ ပြန်လည် စစ်ဆေးချင်သေးတယ် ဆိုတဲ့ အကြောင်းပြချက် နဲ့ 2 ရက် အချိန်ယူပြီး စစ်ဆေးခွင့်ပေးဖို့ အကြောင်းပြန်ခဲ့သည်။ အဲဒီ အတောအတွင်းမှာ မက်ဆီ ဟာ ပဲရစ် ကို လာရောက်နေပြီလိုလို ၊ ချက်ခြင်းပဲ လေဆိပ်ကို ရောက်လာတော့မှာလိုလို နဲ့ သတင်းမှားတွေ ထွက်ပေါ်ခဲ့သည်။

တနင်္လာနေ့ ညပိုင်းမှာတော့ မက်ဆီ တို့ဘက်ကလဲ အချက်အလက်တွေ အားလုံး စစ်ဆေးပြီး ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သလို ၊ နောက်ဆုံး အပြီးသတ် သဘောတူညီမှု ကို အင်္ဂါနေ့ မနက်ပိုင်း 10 နာရီ ဝန်ကျင်းမှာ ပီအက်စ်ဂျီထံ ပြန်လည် ပေးပို့လိုက်ကြသည်။

အဲဒီနောက် မကြာခင်မှာပဲ မက်ဆီ တို့ မိသားစုဟာ ဘာစီလိုနာ က လေဆိပ်ဆီ ရောက်ရှိလာပြီး ၊ ပဲရစ်ကို ထွက်ခွာခဲ့တော့သည်။

ပီအက်စ်ဂျီ အဝတ်လဲခန်းအတွင်းမှာတော့ မက်ဆီ ဟာ အသင်းကို ပြောင်းရွှေ့လာမယ့် အကြောင်း သောကြာနေ့ ကတည်းက စတင် ပြောဆိုခဲ့ကြသည်။ နေမာ ဟာ သူ့ရဲ့ မိတ်ဆွေဟောင်းကြီး ကို ပဲရစ်ဆီ ရောက်ရှိလာဖို့ စည်းရုံးရေး ဆင်းခဲ့သလို ၊ အပြန်အလှန် မက်ဆေ့ လဲလှယ်မှုတွေလဲ အချိန်နဲ့ အမျှ လုပ်ဆောင်ခဲ့ကြသည်။

မက်ဆီ တို့ မိသားစု ပဲရစ် လေဆိပ်ကို ရောက်ရှိလာချိန်မှာ ပရိသတ် ထောင်ပေါင်း များစွာက စောင့်ကြိုခဲ့ကြပြီး ၊ မက်ဆီ ရဲ့ ဂျာစီမှာလဲ “Here Is Paris” လို့ အမည်ရတဲ့ စာသားနဲ့ ဖော်ညွှန်းကာ စတင် နှုတ်ဆက်လိုက်လေတော့သည်။