လီဗာပူးဟာ ပြီးခဲ့တဲ့ ၁၀စုနှစ်တွေ အတွင်း သက်သာတဲ့ ပြောင်းရွေ့ကြေးနဲ့ အကောင်းဆုံး ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်နိုင် ခဲ့ပါတယ်။ ဒီထဲမှာ အလွတ် ပြောင်းရွေ့ကြေးနဲ့ အသင်းကို ရောက်လာခဲ့တဲ့ ကစားသမားတွေလည်း အပါအ၀င် ဖြစ်ပါတယ်။
ဂျရတ်ဟူလီယာရဲ့ အသင်းအပေါ် ဂယ်ရီမက်အလစ္စတာရဲ့ အကျိုးပြုမှုဟာ မမေ့နိုင်စရာ ဖြစ်ခဲ့ပြီး ၎င်းရဲ့ အတွေ့အကြုံတွေ နဲ့ set-pieces အရည်အသွေးတွေဟာ လီဗာပူးကို ၂၀၀၁ ခုနှစ်မှာ တစ်ရာသီအတွင်း ဖလား ၃ လုံးအောင်မြင်မှု ရအောင် အကူအညီ ဖြစ်ခဲ့ပါတယ်။ ဘရန်ဒန်ရော်ဂျာ ခေါ်ယူခဲ့တဲ့ ဂျိမ်းမီနာ ကလည်း အရမ်းကောင်းတဲ့ ခေါ်ယူမှု ဖြစ်ခဲ့ပြီး ၎င်းဟာ လက်ရှိမှာလည်း ယာဂန်ကလော့ရဲ့ အသင်းရဲ့ အဓိက အစိတ်အပိုင်း ဖြစ်နေကာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ပံ့ပိုးပေးခဲ့ပါတယ်။
နောက်ထပ် တစ်ဦးကတော့ ပြီးခဲ့တဲ့ ရာသီ လီဗာပူးရဲ့ ဥရောပအောင်မြင်မှုမှာ အဓိက အစိတ်အပိုင်းအဖြစ် ပါဝင်ပေးခဲ့တဲ့ အပြင် လက်ရှိမှာလည်း ယာဂန်ကလော့ရဲ့ ဦးစားပေး ဗဟိုနောက်ခံလူ ဖြစ်နေတဲ့ မာတစ်ပါပဲ။ အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ဒီရာသီ လီဗာပူးအတွက် ၄ ပွဲကစား ၂ ဂိုးသွင်းကာ ဂိုးသွင်းပုံစံကောင်းပါ ရနေပါတယ်။
လက်ရှိမှာတော့ လီဗာပူး အသင်း သမိုင်းတစ်လျှောက် အကောင်းဆုံး အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူမှု ငါးခုကို ဖော်ပြပေး လိုက်ပါတယ်။
၁~ ဂျိမ်းမီနာ
မီနာဟာ လီဗာပူး အသင်းမှာ အချိန်အကြာဆုံး ရှိနေတဲ့ အလွတ်ပြောင်းရွေ့ကြေးရှင် ဖြစ်ပါတယ်။ ၎င်းဟာ ကွင်းတွင်း ကွင်းပြင် အသင်းအတွက် တာဝန်တွေ အများကြီး ရယူထားပြီး အရေးပါတဲ့ ဂိုးတွေကိုလည်း သွင်းပေး ခဲ့ပါတယ်။ မီနာဟာ ပြီးခဲ့တဲ့ ရာသီက မက်ဒရစ်မှာ လီဗာပူးနဲ့ အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန် ကွင်းလယ်လူဟာ အသင်းအတွက် များစွာ အကျိုးပြုလျက် ရှိနေပြီး အသက်အရွယ် ရလာလေလေ ပိုကောင်းလေလေပဲ ဖြစ်ပါတယ်။
၂~ ဂယ်ရီမက်အလစ္စတာ
ပြီးခဲ့တဲ့ ရာသီကထိ ၎င်းဟာ နံပါတ် ၁ အဖြစ် ရှိနေခဲ့ပါတယ်။ ဘာစီလိုနာ နဲ့ ပင်နယ်တီ ၊ အဲဗာတန် နဲ့ အနိုင်ဂိုး စတာတွေကတော့ အမှတ်တရ များစွာထဲက တစ်ခုပါပဲ။ ၎င်းဟာ လီဗာပူး အသင်း တစ်ရာသီအတွင်း ဖလားသုံးလုံး ဆွတ်ခူး ခဲ့တာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့ရာမှာ အထူးအရေးပါ ခဲ့ပါတယ်။ လီဗာပူးကို ၁၀ နှစ်လောက်သာ စောရောက်ခဲ့မယ် ဆိုရင်တော့ ဘာတွေဖြစ်နိုင်မလဲ မှန်းဆကြည့်လို့ ရပါတယ်။
၃~ ဂျိုရယ်မာတစ်
မာတစ်ကလည်း လီဗာပူးမှာ ရှိနေတာ အချိန် အတိုင်းအတာ တစ်ခုထိ ရှိနေပြီ ဖြစ်တဲ့ အပြင် အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားလည်း ရယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ဆိုရင်လည်း မာတစ်ဟာ တစ်ချို့ ပွဲတွေမှာ ဗန်ဒိုက်ထက်တောင် ပိုမိုကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ပွဲတွေ ရှိခဲ့ပါတယ်။ ၎င်းဟာ လက်ရှိမှာ ပွဲထွက်စာရင်းမှာ ယာဂန်ကလော့ လုံးဝ ချန်လှပ်ထားလို့ မရအောင် စွမ်းဆောင်ပြထားခဲ့ပြီး လီဗာပူး အသင်း ၎င်းကို စာချုပ်သစ် ချုပ်ဆိုဖို့ မျှော်လင့်ရပါတယ်။
၎~ ဖေဘီယိုအော်ရယ်လီယို
၎င်းဟာလည်း လီဗာပူး ကစားသမား ဘဝမှာ ကြီးမားတဲ့ အခိုက်အတန့် တွေ ရှိခဲ့ပြီး ပရိတ်သတ်တွေ အမှတ်ရနေမှာ ကတော့ ယူနိုက်တက်နဲ့ပွဲက ဖရီးကစ် ၊ ပီအက်ဗီ နဲ့ပွဲက အကောင်းဆုံး စွမ်းဆောင်ရည်တွေ ဖြစ်ပါတယ်။ အော်ရယ်လီယို ဟာ ပြီးခဲ့တဲ့ အာဆင်နယ် နဲ့ပွဲမှာ အန်ဖီးမှာ ရှိနေခဲ့ပြီး ပရိတ်သတ်တွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေဆဲပါ။ ၎င်းဟာ ဘင်နီတက်ရဲ့ လက်ရုံးတစ်ဆူ ဖြစ်ခဲ့ပြီး ကောင်းမွန်တဲ့ ဘယ်ခြေထောက်ကို ပိုင်ဆိုင်သူ ဖြစ်ပါတယ်။
၅~ မက်ဆီရိုဒရီဂွက်ဇ်
လီဗာပူးမှာ ကာလရှည် မရှိခဲ့ပေမယ့် မက်ဆီရိုဒရီဂွက်ဇ်ဟာ အရည်အသွေးမြင့် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ၎င်းဟာ မှတ်မှတ်ရရ ဖြစ်စေမယ့် ဂိုးတွေ သွင်းယူ ပေးခဲ့ပြီး ဖူဟမ်နဲ့ပွဲက ၎င်းရဲ့ ဟက်ထရစ်ကိုတော့ အားလုံး မှတ်မိနေကြမှာပါ။ ၎င်းဟာ ပြီးခဲ့တဲ့ ၁၀စုနှစ်အတွင်း အန်ဖီးမှာ ပရိတ်သတ်တွေ သီချင်းသီဆို ဂုဏ်ပြု ခံရတဲ့သူတွေ ထဲက တစ်ဦး ဖြစ်ပါတယ်။
အကောင်းဆုံး ငါးဦးနဲ့ ကပ်ပြီး လွဲခဲ့တဲ့ သူတွေကတော့….မားကပ်ဘာဘယ် ၊ ကိုလိုတိုရေး၊ ဘိုလိုဇန်ဒန်း ၊ ဂျာရီလစ်မာနန် ၊ ရော်ဘီဖောင်လာ ၊ ခရိတ်ဘယ်လာမီ တို့ ဖြစ်ကြပါတယ်။
SM