မန်ချက်စတာ ယူနိုက်တက် ကတော့ ကွင်းထဲကိ တကျော့ ပြန်ရောက်လာတဲ့ ပရိသတ်တွေ ကို အကောင်းဆုံး ရာသီ အဖွင့် လက်ဆောင် ပေးနိုင်ခဲ့ ပါတယ် ။ ပွဲမစခင် မှာ နောက်ခံလူသစ် ရာဖေး ဗာရန်း ကို ကျောနံပါတ် ၁၉ နဲ့ ကြေညာ သွားခဲ့သလို ဒေါ့မွန် ကနေ ခေါ်ယူ ထားတဲ့ ဂျေဒန် ဆန်ချို ကိုလည်း မိနစ် ၂၀ နီးပါး မြင်တွေ့ခဲ့ ကြရ ပါတယ် ။ အားလုံးထက် ပိုပြီး ကောင်းမွန်ခဲ့တဲ့ လက်ဆောင် ကတော့ ဂိုးပြတ် နိုင်ပွဲ ပါပဲ ။

ယူနိုက်တက် နည်းပြ ဆိုးရှား ဟာ ဆန်ချို ကို အရန်ခုံ ထိုင်ခိုင်း ထားခဲ့ပြီး လူဟောင်းတွေ ထဲက အတောင့်တင်းဆုံး လူစာရင်း နဲ့ ပွဲထွက် လာခဲ့ ပါတယ် ။ ကာဗာနီ နဲ့ ရက်ဖိုဒ့် မပါ နိုင်သေးတာကြောင့် မာရှယ်ကို ပွဲထုတ်မယ်လို့ ထင်ခဲ့ပေမယ့် ပြင်သစ်သား ကိုလည်း ဆိုးရှား က အရန်စာရင်းမှာသာ ထည့်သွင်း ခဲ့ပါတယ် ။

ယူနိုက်တက် ဟာ ရှေ့တန်းမှာ ဂရင်းဝုဒ် ကို အထောင်ထားခဲ့ပြီး ပေါ့ဘာ က ဘယ်ခြမ်း ၊ ဒန်နီရယ်ဂျိမ်းစ် က ညာခြမ်းတို့မှာ နေရာယူ ခဲ့ပေမယ့် တကယ်တမ်း ကစားချိန် မှာတော့ ပေါ့ဘာ ၊ ဂရင်းဝုဒ် နဲ့ ဖာနန်ဒက်စ် တို့ ဟာ ဘယ်ခြမ်း နဲ့ အလယ်မှာ နေရာစုံ ရွေ့လျား ကစားသွားခဲ့တာကို တွေ့ခဲ့ရပါတယ် ။ ဒီလို ရွေ့လျားမှုဟာ လိဒ် ခံစစ်ကို အလုပ်များစေခဲ့ပြီး လူကပ် ကစားရခက်စေခဲ့ ပါတယ် ။

ယူနိုက်တက် ကွင်းလယ် မှာတော့ ဖရက်ဒ် + တော်မီနေး အတွဲ ကို ပြန်မြင် ခဲ့ရပြီး နောက်တန်းကတော့ မနှစ်က အမာခံ ၄ ယောက် နဲ့ ဒီဂီယာ တို့ ပါဝင်လာခဲ့ ကြပါတယ် ။ မာဆယ်လို ဘီယေဆာ ရဲ့ လိဒ် ကတော့ အဓိက ကွင်းလယ်လူ ကယ်ဗင်ဖိလစ် ကို အနားပေး ထားတာကလွဲရင် ကျန်တဲ့ ကစားသမား အစုံအလင်နဲ့ ပွဲထွက် လာခဲ့ ပါတယ် ။

ပွဲစတာနဲ့ ၂ သင်းစလုံးဟာ ဦးဆောင်ဂိုး ရဖို့ ကြိုးစားခဲ့ကြပါတယ် ။ အခွင့်အရေး ကိုယ်စီ ရခဲ့ကြပေမယ့် ယူနိုက်တက် က ပိုသာခဲ့ သလို ဂိုးရဖို့ ကလည်း ပိုမို နီးစပ် ခဲ့ ပါတယ် ။ ယူနိုက်တက် ခံစစ် ဟာ ဒီနေ့ ပွဲမှာ ကျစ်ကျစ် လျစ်လျစ် ရှိနေခဲ့ပြီး လိဒ် ရဲ့ အမြင့်ဘောတွေ ၊ ဖြတ်တင်ဘောတွေ ၊ တည်ကန်ဘောတွေကို ကောင်းစွာ ရှင်းထုတ် နိုင်ခဲ့တာကို တွေ့ခဲ့ရ ပါတယ် ။

ယူနိုက်တက် အတွက် အဖွင့်ဂိုး ကိုတော့ မိနစ် ၃၀ မှာ ဖာနန်ဒက်စ် က သွင်းယူခဲ့တာ ဖြစ်ပြီး ဒီဂိုးဟာ ပေါ့ဘာ ရဲ့ လှပသပ်ရပ်တဲ့ ဖန်တီးမှု ကနေ အစပြု ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒုတိယပိုင်း ပြန်စလို့ ၃ မိနစ် အကြာမှာတော့ လိဒ် နောက်ခံလူ အိုင်လင်း က အပြင်းကန်ချက် နဲ့ ချေပဂိုး ပြန်လည် သွင်းယူကာ ၁ ဂိုးစီ သရေ ပြန်ဖြစ်စေခဲ့ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် ဘက်က ချက်ချင်း တုန့်ပြန် ခဲ့ပြီး ၅၂ နဲ့ ၅၄ မိနစ်တွေ မှာ ဂရင်းဝုဒ် နဲ့ ဖာနန်ဒက်စ် တို့က ဂိုးတွေ ဆက်တိုက်သွင်းကာ ၃ – ၁ ရလဒ် နဲ့ ပွဲကို ပြန်လည် ဦးဆောင် သွားခဲ့ ပါတယ် ။ ဒီဂိုး ၂ ဂိုးဟာ ပွဲရဲ့ အလှည့်အပြောင်း ဖြစ်ခဲ့ပြီး လိဒ်ယူနိုက်တက် ကို စိတ်ဓါတ် ကျသွားစေခဲ့ ပါတယ် ။ အဲ့ဒိ နောက်မှာတော့ ဖာနန်ဒက်စ် နဲ့ ဖရက်ဒ် တို့က စတုတ္ထ နဲ့ ပဉ္စမ မြောက်ဂိုးတွေကို သွင်းယူကာ ၂၀၂၁ – ၂၀၂၂ ဘောလုံးရာသီကို လှလှ ပပ ဖွင့်လှစ် သွားခဲ့ ပါတယ် ။

ဒီနေ့ ပွဲမှာ ယူနိုက်တက် ဘယ်ခြမ်း ဟာ ကစားပုံ အလွန် ကောင်းခဲ့ပြီး ဂရင်းဝုဒ် ၊ ဖာနန်ဒက်စ် ၊ ပေါ့ဘာ နဲ့ လုခ်ရှော တို့ရဲ့ ထိုးဖောက်မှုတွေဟာ လိဒ် နောက်တန်းကို ဒုက္ခပေးခဲ့ ပါတယ် ။ ဂရင်းဝုဒ် ရဲ့ ရွေ့လျားမှုတွေဟာ ဒီနေ့ ပွဲမှာ အရေးပါ ခဲ့ပြီး သူ့ရဲ့ သွင်းဂိုးဟာလည်း တိကျမှု အားကောင်းခဲ့ ပါတယ် ။

ကွင်းလယ်က ဖရက်ဒ် နဲ့ တော်မီနေး တို့ကတော့ သူတို့တာဝန်ကို သူတို့ ကျေပွန်အောင် ကစားနိုင်ခဲ့ပါတယ် ။ ကယ်ဗင် ဖိလစ် မပါတဲ့ လိဒ် ကွင်းလယ်ဟာ ယူနိုက်တက် ကွင်းလယ်ကို မလွှမ်းမိုး နိုင်ခဲ့တာကြောင့်လည်း ဖရက်ဒ် တို့ ၂ ယောက် အတွက် အခက်အခဲ နည်းပါး စေခဲ့ ပါတယ် ။

ဒန်နီရယ် ဂျိမ်းစ် ကတော့ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ပြီး ယူနိုက်တက် လို အသင်းကြီး အဆင့်မျိုးတွေ ၊ အမှားမခံတဲ့ ပြိုင်ပွဲတွေမှာ နေရာပုံမှန် ရဖို့ ဆိုရင်တော့ ပြေးအား အပြင် အခြားကဏ္ဍတွေကို တိုးတက်အောင် လုပ်ဖို့ ဆက်ပြီး လိုအပ်နေသေးတယ်ဆိုတာကို ဒီနေ့ပွဲမှာ ထပ်ပြီး မြင်ခဲ့ရပြန်ပါတယ် ။

ဖာနန်ဒက်စ် ကတော့ ခရစ္စတီယာနို ရိုနယ်ဒို နောက်ပိုင်း မန်ချက်စတာ ယူနိုက်တက် အတွက် ဟက်ထရစ် သွင်းယူ နိုင်တဲ့ ပေါ်တူဂီသား ဖြစ်လာခဲ့သလို ပေါ့ဘာ ဟာလည်း ၂၀၂၀ – ၂၀၂၁ တရာသီလုံး က ဖန်တီးမှု ( ၃ ဂိုး ၊ ပရီးမီးယားလိဂ် ) ကို ၂၀၂၁ – ၂၀၂၂ မှာ တပွဲတည်းနဲ့ ကျော်ဖြတ်ပြ သွားခဲ့ပြီ ဖြစ်ပါတယ် ။

ဒီနေ့ညမှာ နောက်ထပ် ချီးကျူးရမယ့် ကစားသမား ကတော့ ဗစ်တာ လင်ဒီလော့ဖ် ပါပဲ ။ ဆွီဒင် သား ဟာ ယူနိုက်တက် ခံစစ်မှာ အမှားအယွင်း မရှိသလောက် နည်းခဲ့ပြီး မက်ဂွဲယား ရဲ့ နေရာကိုပါ ဝင်ဖြည့် ကစားပေး နိုင်ခဲ့ ပါတယ် ။ ရာဖေး ဗာရန်း ရောက်ရှိလာမှု ရဲ့ သက်ရောက်မှုလား ဆိုတာကတော့ လင်ဒီလော့ဖ် ပဲ သိနိုင်မှာပါ ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ပိတ်ရက် မှာတော့ ဆောက်သမ်တန် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ် ပါတယ် ။

ဒီကနေ့ည ကစားသွားခဲ့တဲ့ ယူနိုက်တက် ကစားသမားတို့ရဲ့ Rating တွေ ကတော့ –

ဒီဂီယာ ၇

ဘစ်ဆာကာ ၆ ၊ လင်ဒီလော့ဖ် ၈ ၊ မက်ဂွဲယား ၇ ၊ ရှော ၈

တော်မီနေး ၇ ၊ ဖရက်ဒ် ၇ ၊ ဒန်နီရယ်ဂျိမ်းစ် ၅ ၊ ဖာနန်ဒက်စ် ၈ ၊ ပေါ့ဘာ ၉

ဂရင်းဝုဒ် ၈

လူစားဝင် ကစားသမားများ – မာတစ် ၆ ၊ ဆန်ချို ၆ ၊ မာရှယ် ၆

SPORTS MYANMAR