PSG အသင်းဟာ ယမန်နေ့ ညက ကစား ခဲ့တဲ့ လီဂူးဝမ်း ပွဲစဉ် မတိုင်ခင် မှာ နွေရာသီက အသစ် ခေါ်ယူ ထားတဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ မက်ဆီ ၊ ရာမိုစ့် ၊ ဟာခီမီ ၊ ဝိုင်နယ်ဒမ် ၊ ဒွန်နာရမ်မာ တို့ ကို ပရိသတ်တွေ အပြည့် ရှိနေတဲ့ Parc des Princes ကွင်းကြီးထဲ မှာ မိတ်ဆက်ပွဲ ပြုလုပ် သွားခဲ့ ပါတယ် ။

အဆိုပါ ပွဲမှာ PSG ဟာ စထရာဘော့ဂျ် အသင်းကို ၄ – ၂ နဲ့ အနိုင် ရခဲ့ပြီး ဘာပေ ခြေစွမ်းပြ သွားခဲ့ပါတယ် ။ ဒီပွဲမှာ ကစားသမားသစ်တွေ ဖြစ်တဲ့ ဟာခီမီ နဲ့ ဝိုင်နယ်ဒမ် တို့ ဝင် ကစားခဲ့ကြပြီး မက်ဆီ နဲ့ နေမာ တို့ကတော့ ပွဲကြည့်စင်ပေါ်မှာသာ ရှိခဲ့ကြပါတယ် ။

 

ယမန်နေ့ ညက ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ မှာတော့ လီဗာပူး ၊ ချဲလ်ဆိး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ဟာ ပြိုင်ဘက်တွေကို အသီးသီး ဂိုးပြတ် အနိုင်ယူ ခဲ့ကြပါတယ် ။ မန်ယူနိုက်တက် က လိဒ် ကို ၅-၁ ၊ ချဲလ်ဆိး က ပဲလေ့စ် ကို ၃ – ၀ ၊ လီဗာပူး က နောဝှစ်ချ် ကို ၃ – ၀ တို့ နဲ့ အနိုင် ရရှိ ခဲ့တာပဲ ဖြစ်ပါတယ် ။

လီဗာပူး အတွက် ဂိုးသွင်း ခဲ့တဲ့ မိုဟာမက် ဆာလာ ကတော့ ပရီးမီးယားလိဂ် သမိုင်းမှာ အဖွင့်ပွဲ ၅ ရာသီ ဆက်တိုက် ဂိုးသွင်း နိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ ပါတယ် ။

 

ကျန်ပွဲစဉ်တွေ မှာတော့ ဘရိုက်တန် က ဘန်လေ ကို ၂ – ၁ ၊ လက်စတာ က ဝုဗ် ကို ၁ – ၀ ၊ အဲဗာတန် က ဆောက်သမ်တန် ကို ၃ – ၁ တို့ဖြင့် အနိုင် ရခဲ့ပြီး တန်းတက် ဝက်ဖိုဒ့် ကလည်း အက်စတွန် ဗီလာ အသင်း ကို ၃ – ၁ နဲ့ အနိုင် ရရှိ ခဲ့ ပါတယ် ။

 

စနေနေ့ ည ရဲ့ အစောဆုံးပွဲ ဖြစ်တဲ့ မန်ယူနိုက်တက် – လိဒ် ပွဲစဉ် မှာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာ ဟာ တပွဲတည်း ၄ ဂိုး ဖန်တီးပြီး မှတ်တမ်းဝင် ခဲ့သလို နောက်ပိုင်း ပွဲစဉ်တွေ မှာလည်း တပွဲတည်း ၃ ဂိုး ဖန်တီးသူတွေ ထွက်ပေါ်လာခဲ့ ကြပါတယ် ။

 

စတုဂတ် က ဂရီသာဖတ် ကို ၅-၁ နဲ့ အနိုင် ရတဲ့ ဘွန်ဒစ်လီဂါ ပွဲစဉ် မှာ ဘိုနာဆိုဆာ ဟာ တဦးတည်း ၃ ဂိုး ဖန်တီးပေးခဲ့သလို ဟော့ဖမ်ဟမ်း ကစားသမား ကရာမာရစ် ကလည်း အော့ဇ်ဘတ် ကို ၄ – ၀ နဲ့ အနိုင် ရရှိတဲ့ ပွဲစဉ် မှာ တဦးတည်း ၃ ဂိုး ဖန်တီးပေး သွားခဲ့ ပါတယ် ။

 

ဒါတင်မကပါဘူး ဒေါ့မွန် တိုက်စစ်မှူးလေး အာလင်း ဟာလန်း ဟာ ဖရန့်ဖွတ် အသင်းကို ၅ – ၂ နဲ့ အနိုင် ရခဲ့တဲ့ ပွဲမှာ ကိုယ်တိုင် ၂ ဂိုး သွင်းယူခဲ့ပြီး ကျန် ၃ ဂိုးကိုလည်း ဖန်တီးပေး သွားခဲ့တယ်လို့ ကြားသိရ ပါတယ် ။

စပိန် လာလီဂါ မှာတော့ ရီးရဲ မက်ဒရစ် ဟာ ဒီပို့တီပို အာလာဗက်စ် အသင်းကို အဝေးကွင်းမှာ ၄ – ၁ နဲ့ အနိုင် ကစားပြီး ရာသီသစ် ကို အကောင်းဆုံး ဖွင့်လှစ် နိုင်ခဲ့ ပါတယ် ။ ရီးရဲ အတွက် ဂိုးတွေ ကိုတော့ ဘန်ဇီးမား ၊ နာချို နဲ့ ဗီနီဆီယပ် တို့က သွင်းယူ ပေးခဲ့ ကြတာ ဖြစ်ပါတယ် ။

 

ချဲလ်ဆီး တိုက်စစ်မှူးလေး တမ်မီ အေဘရာဟမ် ဟာ ရိုးမား အသင်းထံ ပြောင်းရွှေ့ ကစားဖို့ သဘောတူညီလိုက်ပြီလို့ ကြားသိရ ပါတယ် ။ ချဲလ်ဆီး ဟာ အေဘရာဟမ် ကို ပေါင် ၃၄ သန်း နဲ့ ရောင်းချ မှာ ဖြစ်ပြီး နောက် ၂ နှစ် အကြာ ( ၂၀၂၃ နွေရာသီ ) မှာ ယူရို သန်း ၈၀ နဲ့ ပြန်လည် ဝယ်ယူခွင့် ကိုလည်း စာချုပ်မှာ ထည့်သွင်း ထားတယ်လို့ သတင်း ကြားသိရ ပါတယ် ။

 

လီဗာပူး ကစားသမားဟောင်း ဂျေမီ ရက်နက် ဟာ အသင်းဟောင်းရဲ့ ရာသီ အဖွင့် ပွဲစဉ် က ဒုတိယပိုင်း ခြေစွမ်းကို အားရကျေနပ်မိပြီး လီဗာပူး ဟာ ဒီနှစ်မှာ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ် နိုင်စွမ်း ရှိပေမယ့် ကွင်းလယ်ကို ပိုမို အားကောင်းလာစေဖို့ အတွက် လက်စတာ ကွင်းလယ်လူ တိုင်လီမန်းစ် ကို ခေါ်ယူ သင့်ကြောင်း အကြံပြု ပြောဆို သွားခဲ့ ပါတယ် ။

 

စီးရီးအေ ကလပ် ယူဗင်တပ် ဟာ ရာသီသစ် အကြို နောက်ဆုံး ခြေစမ်းပွဲ အဖြစ် ပြည်တွင်း ပြိုင်ဘက် အတ္တလန်တာ နဲ့ ခြေစမ်း ကစားခဲ့ပြီး ၃ – ၁ နဲ့ အနိုင် ရရှိ ခဲ့တယ်လို့ သိရ ပါတယ် ။

 

အင်တာမီလန် ကလည်း ဒိုင်နမိုကိဗ် နဲ့ ခြေစမ်း ကစားခဲ့ဲပြီး ၃-၀ နဲ့ အနိုင် ရခဲ့ကာ အသက်စက်စက် ကစားသမား ဒီဇစ်ကို က ဂိုးသွင်းယူ နိုင်ခဲ့ ပါတယ် ။ အင်တာ ဟာ PSV ကစားသမားလေး ဒန်ဇယ် ဒမ်ဖရိုင်း ကိုလည်း ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာ သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR