တော့တင်ဟမ် ဟော့စပါး အသင်းဟာ ပရီးမီးယားလိဂ် ရာသီသစ် ရဲ့ အဖွင့်ပွဲစဉ် အဖြစ် ယမန်နေ့ က အိမ်ကွင်းမှာ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီး အသင်းကို ဧည့်ခံ ကစားခဲ့ရ ပါတယ် ။ စပါး ဟာ မန်စီးတီး ရဲ့ ထိုးဖောက်မှုတွေ ကို ကောင်းစွာ ဟန့်တား နိုင်ခဲ့ပြီး ဆွန်ဟောင်မင် ရဲ့ ပွဲချိန် ၅၅ မိနစ် မှာ သွင်းယူ ခဲ့တဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင် ရရှိကာ ရာသီသစ် ကို အကောင်းဆုံး ဖွင့်လှစ် နိုင်ခဲ့ ပါတယ် ။

ဒါဟာ ဝုဗ် ကနေ ပြောင်းရွှေ့ လာတဲ့ စပါး နည်းပြသစ် နူနို ဆန်းတိုစ့် အတွက် မျက်နှာပွင့်စရာလည်း ဖြစ်ခဲ့ ပါတယ် ။ စပါး ဟာ အားထားရတဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း မပါဘဲ ဒီပွဲကို ကစားခဲ့ ရတာ ဖြစ်ပေမယ့် မန်စီးတီး ဘက်ကို ဂိုးသွင်း နိုင်ခဲ့သလို ၁ ဂိုးထပ် ပိုရသင့်တဲ့ အခွင့်အရေးတွေ ကိုလည်း ရရှိ ခဲ့ ပါတယ် ။

 

စပါး နည်းပြကြီး ဆန်းတိုစ့် ကတော့ ဒီပွဲမှာ အနိုင်ဂိုး သွင်းခဲ့တဲ့ ဆွန် ၊ တန်ပြန် တိုက်စစ်တွေ ကို အကောင်းဆုံး ပုံဖော် ပေးခဲ့တဲ့ ဘာ့ဂျ်ဝင်း နဲ့ လူးကပ်စ် မော်ရာ တို့ထက် လူငယ် ကစားသမား ၂ ဦး ဖြစ်တဲ့ တန်အန်ဂါ နဲ့ အိုလီဗာ စကစ် တို့ကို ချီးကျုး ပြောဆို သွားခဲ့ပါတယ် ။

 

စပါး အကယ်ဒမီထွက် နောက်ခံလူ တန်အန်ဂါ ဟာ မနေ့ညက ပွဲမှာ အူရီယာ ၊ ဒိုဟာတီ တို့လို စီနီယာတွေကို ကျော်ပြီး စပါး ရဲ့ ညာနောက်ခံလူ နေရာကို ရရှိ ခဲ့ ပါတယ် ။ အသက် ၂၂ နှစ်သားလေးဟာ နည်းပြကြီး ဆန်းတိုစ့် ရဲ့ ယုံယုံကြည်ကြည် နေရာပေးမှု ကို အကောင်းဆုံး အသုံးချပြီး မန်စီးတီး တိုက်စစ်ကို ခုခံ ကာကွယ် တားဆီး သွားနိုင်ခဲ့ ပါတယ် ။

တန်အန်ဂါ ဟာ စီးတီး ဘယ်ခြမ်းက စတာလင် နဲ့ ဂရီလစ်ရှ် တို့ကို ထိန်းချုပ် ကစားသွား နိုင်ခဲ့ပြီး အနိုင်ဂိုးရှင် ဆွန်ဟောင်မင် ကို ကျော်ကာ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ ပါတယ် ။ နည်းပြကြီး ဆန်းတိုစ့် ကတော့ တန်အန်ဂါ နဲ့ စကစ်တို့ ကို ချီးကျုး ပြောဆို လိုက်ပြီး လူငယ်လေး ၂ ယောက်ရဲ့ ကြိုးစား အားထုတ်မှု အပေါ် ကျေနပ် အားရမိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 

“သူတို့ ( တန်အန်ဂါ နဲ့ စကစ် ) ကစား သွားတာ အရမ်းကောင်း ခဲ့ပါတယ် ။ ရာသီသစ် အတွက် လေ့ကျင့်ကြ တုန်းက သူတို့ ၂ ယောက်ဟာ ဒဏ်ရာတွေ ကနေ ပြန်ပြီး သက်သာ လာစပဲ ရှိကြပါသေးတယ် ။ ဒါပေမယ့် လေ့ကျင့်ခန်းတွေ ကို သေချာ လုပ်နိုင်ခဲ့ ကြပြီး အရင်လို ကြံ့ခိုင်မှုမျိုး ကို ပြန်ရအောင် လုပ်နိုင် ခဲ့ကြပါတယ်”

 

“အသင်းရဲ့ ညွှန်ကြားမှုတွေ အောက်မှာ သူတို့ ၂ ယောက်ဟာ ဒီထက်ပိုပြီး တိုးတက်လာမယ် လို့ ထင်ပါတယ် ။ အခု သူတို့ အရင်ကထက် ပိုမြန် ၊ ပိုသန် လာကြပါပြီ ။ ဒီနေ့ ပွဲမှာ ဆိုရင် တန်အန်ဂါ က တကယ့်ကို ခြေပေါ် ခဲ့တာပါ ။ အရမ်း ကောင်းတဲ့ ပြိုင်ဘက် တွေနဲ့ တယောက်ချင်း ရင်ဆိုင် ရတဲ့ အနေအထားတွေ အများကြီး သူ ကြုံခဲ့ ပါတယ် ။ ဒါတွေကို သူ အကောင်းဆုံး ကိုင်တွယ် ဖြေရှင်း နိုင်ခဲ့တာပါ” လို့ နည်းပြကြီး ဆန်းတိုစ့် က ပြောဆို ချီးကျုး သွားခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး ဟာ လာမယ့် ပွဲစဉ် ၂ မှာတော့ နည်းပြကြီး ဆန်းတိုစ့် ရဲ့ အသင်းဟောင်း ဝုဗ် နဲ့ အဝေးကွင်း ပွဲစဉ် ကို ရင်ဆိုင် ရမှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR