မန်ချက်စတာ စီးတီး နည်းပြကြီး ပက် ဂွာဒီယိုလာ ဟာ ယမန်နေ့ ညက စပါး နဲ့ ပွဲမှာ ပါဝင် ကစား သွားခဲ့တဲ့ မန်စီးတီး ကွင်းလယ်လူသစ် ဂျက် ဂရီလစ်ရှ် ရဲ့ စိတ်ဓါတ် နဲ့ ခံယူချက်တို့ အပေါ် အားရ နှစ်သက်မိပါတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ မန်စီးတီး ဟာ မနေ့ညက စပါး အသင်းကို အဝေးကွင်းမှာ ၁ – ၀ နဲ့ အရေးနိမ့်ခဲ့ပြီး နောက်ဆုံး ၁၁ ရာသီ အတွင်း ပထမဆုံးအကြိမ် အဖြစ် အဖွင့်ပွဲစဉ် မှာ အရေးနိမ့် ခဲ့ရပါတယ် ။

 

ဂရီလစ်ရှ် ဟာ မန်စီးတီး ထံ အက်စတွန် ဗီလာ ကနေ ပေါင် သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး အသင်းသစ် အတွက် ၂ ပွဲ ပါဝင် ကစားထားပြီး ဖြစ်ပါတယ် ။ အင်္ဂလန် လက်ရွေးစင် ဂရီလစ်ရှ် ဟာ လက်စတာ ကို ရှုံးနိမ့် ခဲ့တဲ့ ကွန်မြူနတီ ဒိုင်း ပွဲမှာ စီးတီး အတွက် ၂၅ မိနစ်ခန့် လူစားလဲ ဝင်ရောက် ကစားခဲ့ပါတယ် ။

 

ယမန်နေ့ ညက ပွဲမှာတော့ ဂရီလစ်ရှ် ဟာ ကွင်းလယ် ဘယ်ခြမ်းမှာ ပွဲထွက် ပါဝင် လာခဲ့ပြီး အသင်းသစ် နဲ့ ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် ရရှိ ခဲ့တာပဲ ဖြစ်ပါတယ် ။ ဂရီလစ်ရှ် ဟာ စီးတီး အတွက် ချေပဂိုးကို ပြန်မသွင်းယူ ပေးနိုင်ခဲ့ ပေမယ့် ဂွာဒီယိုလာ ကတော့ အင်္ဂလန်သား ရဲ့ စိတ်ဓါတ် နဲ့ အရည်အသွေးတွေ အပေါ် အားရ ကျေနပ် မိတယ်လို့ ပွဲအပြီး အင်တာဗျုးမှာ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

 

“သူ ( ဂရီလစ်ရှ် ) က လွှမ်းမိုး နိုင်စွမ်း ရှိတဲ့ ကစားသမားပါ ။ ပွဲအစ မှာ ၃-၄ ခါလောက် လူချ ခံလိုက်ရ ပါတယ် ၊ အဲ့ဒိ နောက်မှာ သူ နိုးထ လာတော့တာပါပဲ ။ သူက ပြိုင်ဘက် ဧရိယာ ထဲမှာ အန္တရာယ် ပေးနိုင်တဲ့ ကစားသမားမျိုးပါ ၊ ကျွန်တော်တို့ ဘောလုံး ရထားတဲ့ အချိန်မျိုးမှာ ဆိုရင် သူက အသင်းအတွက် အားတိုးဆေး တခွက်လိုပါပဲ”

“သူ့အတွက်တော့ ဒီပွဲဟာ တကယ်ကောင်းခဲ့တယ်လို့ ကျွန်တော် မြင်ပါတယ် ။ ဒါက သူ့ရဲ့ ပွဲဦးထွက်ပါ ၊ အစကနေ အဆုံးအထိ အားမလျော့တမ်း ကစားသွားခဲ့တဲ့ သူ့ရဲ့ စိတ်ဓါတ်ကို ကျွန်တော် တကယ်ပဲ သဘောကျမိ ပါတယ်” လို့ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။

 

ဂွာဒီ ဟာ အဆိုပါ ပွဲမကစားခင် တုန်းကလည်း သူတို့ဟာ ဂရီလစ်ရှ် ကို ၄-၅-၆ နှစ် စာချုပ် ချုပ်ဆို ထားတာဖြစ်ပြီး ၁ ပွဲ ၂ ပွဲလောက် နဲ့ အကဲဖြတ် မစောကြဖို့ ၊ ကစားသမားသစ် အပေါ် စိတ်ရှည်ပေး ကြဖို့ တိုက်တွန်း ပြောဆို ထားခဲ့ ပါတယ် ။ စီးတီး တောင်ပံ ကစားသမား စတာလင် ကလည်း ဂရီလစ်ရှ် နဲ့ တွဲဖက် ကစားရမှု အပေါ် သူ့ရဲ့ ခံစားချက် ကို ထုတ်ဖော် ပြောပြ သွားခဲ့ ပါတယ် ။

 

“သူနဲ့ ကျွန်တော် အတူ တွဲ ကစားဖူးခဲ့တာတွေ ရှိပါတယ် ( အင်္ဂလန် အသင်းမှာ ) ၊ အခု ကလပ် အသင်းမှာပါ တွဲကစား နိုင်တာက တကယ်ကောင်းတဲ့ ကိစ္စ ပါပဲ ။ သူ ဒီကလပ် ကို ရောက်တာ အခုမှ ရက်နည်းနည်းပဲ ရှိပါသေးတယ် ။ တယောက် နဲ့ တယောက် နားလည်မှုတွေ ပိုအားကောင်းလာဖို့ လုပ်ယူ သွားမှာပါ ။ ရာသီကုန်ဖို့ အဝေးကြီး ကျန်ပါသေးတယ် ၊ ပွဲတွေ အများကြီး ကစားရဦးမှာပါ ။ အခုပွဲထက် ပိုကောင်းအောင် ကစားနိုင် ကြမယ်လို့ ယုံကြည်ထားပါတယ်” လို့ စတာလင် က ပြောဆို သွားခဲ့ ပါတယ် ။

ဂရီလစ်ရှ် ဟာ မန်ချက်စတာ ညနေခင်း သတင်းစာက သတ်မှတ်ထုတ်ပြန် ခဲ့တဲ့ Match Rating မှာ မန်စီးတီး ကစားသမားတွေ အနက် Rating အကောင်းဆုံး ၂ ဦး ထဲက တဦး ဖြစ်ခဲ့ပြီး Rating 7 ရရှိခဲ့ ပါတယ် ။ ကျန်တဦး ကတော့ ကွင်းလယ်လူ ဂွန်ဒိုအမ် ပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR