မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီကနေ့ နံနက်ပိုင်း က ဘန်လေ အသင်း နဲ့ ခြေစမ်းပွဲ ကစားခဲ့ပြီး အဆိုပါ ပွဲကို ပရိသတ်တွေ ကြည့်ရှုခွင့် မရဘဲ တံခါးပိတ် ကျင်းပ ခဲ့တာ ဖြစ်ပါတယ် ။ ယူနိုက်တက် ကစားသမားသစ် ဂျေဒန် ဆန်ချို ဟာ အဆိုပါ ပွဲမှာ ပါဝင် ကစား သွားခဲ့ ပေမယ့် နောက်ခံလူသစ် ရာဖေး ဗာရန်း ကတော့ ကျန်ရစ်ဆဲ ကျန်ရစ် ခဲ့ပါတယ် ။

ဒီပွဲဟာ လာမယ့် အပတ်မှာ ဆောက်သမ်တန် နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၂ အတွက် ဆိုးရှား ရဲ့ ကြိုတင် ပြင်ဆင်မှု ဖြစ်ဖွယ် ရှိနေပြီး ဆန်ချို ကို မြင်တွေ့ရကာ ဗာရန်း ကိုတော့ ဆက်လက် အားမွေး စေဖို့ ရှိနေတယ်လို့ သုံးသပ် လာခဲ့ကြပါတယ် ။

ဒီပွဲ မှာတော့ ယူနိုက်တက် က ဘန်လေ ကို ၃ – ၁ နဲ့ အနိုင် ရရှိ ခဲ့ပြီး မက်ဂွဲယား ၊ လင်ဂတ် နဲ့ ဖရက်ဒ် တို့က သွင်းယူ ပေးခဲ့ကြပါတယ် ။

စီးရီးအေ ကလပ် ရိုးမား ကတော့ ချဲလ်ဆီး တိုက်စစ်မှူးလေး တမ်မီ အေဘရာဟမ် ကို ခေါ်ယူ လိုက်ပြီ ဖြစ်ပါတယ် ။ ရိုးမား ဟာ အေဘရာဟမ် အတွက် ယူရို သန်း ၄၀ ကို အရစ်ကျ ပေးချေ သွားမှာ ဖြစ်ကာ အပိုဆုကြေး ယူရို ၅ သန်းလည်း ပါရှိတယ်လို့ သိရ ပါတယ် ။

အေဘရာဟမ် ဟာ ၂၀၂၅-၂၆ ရာသီ အထိ ရိုးမား နဲ့ စာချုပ် ချုပ်ဆို ခဲ့ပြီး ချဲလ်ဆီး ကတော့ နောက် ၂ ရာသီ အကြာမှာ ယူရို သန်း ၈၀ နဲ့ ပြန်လည် ဝယ်ယူခွင့်ကို ထည့်သွင်း ချုပ်ဆို ထားခဲ့ ပါတယ် ။

ရိုးမား နည်းပြ မော်ရင်ဟို ကတော့ အေဘရာဟမ် ဟာ အသင်းသစ် မှာ ရည်မှန်းချက်သစ် တွေနဲ့ တက်ကြွ နေတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ အင်္ဂလန် တိုက်စစ်မှူးလေး ဟာ ရိုးမား နဲ့ ချက်ချင်း လေ့ကျင့်ခန်း ဆင်းခဲ့တယ်လို့ လည်း သိရ ပါတယ် ။

ရီးရဲ မက်ဒရစ် နည်းပြကြီး ကားလိုစ့် အန်ဆယ်လော့တီ ဟာ ရိုနယ်ဒို ကို မက်ဒရစ် ကလပ်ထံ ပြန်လည် ခေါ်ယူ နိုင်သလား ဆိုတဲ့ မေးခွန်းတွေ နဲ့ ပတ်သက်ပြီး ပေါ်တူဂီသားကြီး ဟာ ရီးရဲမက်ဒရစ် ဂန္ထဝင် တဦး ဖြစ်ပြီး သူ အလွန်လေးစားသူ ဖြစ်ပေမယ့် ပြန်လည် ခေါ်ယူမယ့် အစီအစဉ်မျိုး မရှိပါဘူးလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နဲ့ အက်သလက်တီကို မက်ဒရစ် တို့ဟာ အင်တာမီလန် တိုက်စစ်မှူးလေး လူတာရို မာတီနက် ကို အပိုဆုကြေး အပါအဝင် ယူရို သန်း ၉၀ ဝန်းကျင် နဲ့ အသီးသီး ကမ်းလှမ်းခဲ့ ပေမယ့် အင်တာမီလန် ဘက်ကတော့ လူတာရို ကို ရောင်းချဖို့ အစီအစဉ် မရှိတာကြောင့် ပယ်ချခဲ့တယ်လို့ သိရ ပါတယ် ။

လီဗာပူး ရဲ့ ဘယ် နောက်ခံလူ အန်ဒီ ရောဘတ်ဆန် ဟာ အသင်းရဲ့ လေ့ကျင့်ခန်း မှာ ပြန်လည် မြင်တွေ့ ခဲ့ရပြီး ဘန်လေ နဲ့ ယှဉ်ပြိုင် ကစားမယ့် ပွဲစဉ် မှာ ပါဝင် နိုင်ဖို့ ရှိတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ပရီးမီးယားလိဂ် ရဲ့ တန်းတက် အသင်း နောဝှစ်ချ် စီးတီး ဟာ မန်ယူနိုက်တက် လူငယ်လေး ဘရန်ဒွန် ဝီလ်ယံ ကို အငှား ခေါ်ယူဖို့ လုပ်ဆောင် နေတယ်လို့လည်း သိရှိရ ပါတယ် ။

အီတလီ စီးရီးအေ ကလပ် ယူဗင်တပ် ကတော့ ဆာဆူအိုလို ရဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်လူ လိုကာတယ်လီ ကို ခေါ်ယူ နိုင်တော့မှာ ဖြစ်ပါတယ် ။ ယူရို ၂၀၂၀ ချန်ပီယံ အသင်းသား ဟာ ယူဗင်တပ် ကိုသာ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေတာကြောင့် ဒီအပြောင်း အရွှေ့ ဖြစ်မြောက် လာခဲ့တာ ဖြစ်ပြီး ယူရို ၃၅ သန်း ဝန်းကျင် ကို ယူဗင်တပ် က ပေးအပ် ရဖွယ် ရှိပါတယ် ။

နယူးကာဆယ် အသင်းဟာ လူငယ် ကွင်းလယ်လူ မက်တီ လောင်းစတပ်ဒ် ကို အငှား စေလွှတ်ဖို့ စီစဉ် နေပြီး ချဲလ်ဆီး နောက်ခံလူ ၂ ဦး ဖြစ်ကြတဲ့ အီသန် အမ်ပါဒူ နဲ့ မာလန်ဆား တို့ကို အငှား ပြန်လည် ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့လည်း သတင်း ကြားသိရ ပါတယ် ။

SPORTS MYANMAR