စပါး ဟာ ဆုဖလားတွေ ဆွတ်ခူးနိုင်ခြင်း မရှိခဲ့ရင် (သို့) ချန်ပီယံလိဂ် ဝင်ခွင့် တနေရာစာ ရယူနိုင်ခြင်း မရှိဘူး ဆိုရင် ကိန်း ကို အသင်းကနေ ထွက်ခွာပေးဖို့ ဥက္ကဌကြီး လီဗေး ကိုယ်တိုင် သဘောတူညီမှု ပေးထားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ပေးထားတဲ့ ကတိ ကို အလေးထားခြင်း မရှိတာကြောင့် လက်ရှိမှာတော့ ကာယကံရှင် ကစားသမားဟာ တော်တော်လေး စိတ်ပျက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ မစတင်မှီ စပါး အသင်း ဥက္ကဌ နဲ့ ကိန်း တို့အကြား တွေ့ဆုံကာ ၊ အဆိုပါ သဘောတူညီမှု ကို ထားခဲ့တာ ဖြစ်တယ်လို့ Telegraph သတင်းမှာ ဖော်ပြထားပါတယ်။

စပါးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ကာရာဘောင် ဖလား ဗိုလ်လုပွဲမှာလဲ မန်စီးတီး အသင်းကိုလဲ ရှုံးနိမ့်ခဲ့သလို ၊ ရာသီ အကုန်မှာလဲ အဆင့် 4 အတွင်း ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဟယ်ရီ ကိန်း က အထက်ဖော်ပြပါ ထားခဲ့တဲ့ “Gentleman Agreement” အရ ၊ လက်ရှိ အပြောင်းအရွှေ့မှာ အသင်းပြောင်းခွင့် ရလိမ့်မယ်လို့ ယုံကြည်ထားတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အဲဒီလို ပြောင်းရွှေ့ သွားချိန်မှာ သူနဲ့ စပါး ပရိသတ်တွေ အကြား ခိုင်ခိုင်မာမာ ရှိထားတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကိုလဲ ပျက်ပြယ်သွားမှာ မလိုလားပါဘူး။ ဒါကြောင့် ကိန်း ဟာ အပြုံးတွေ နဲ့ လမ်းခွဲ နှုတ်ဆက်ပြမယ့် ဇာတ်ဝင်ခန်းမျိုး ဖြစ်လာဖို့ အတွက် မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေ အရတော့ မန်စီးတီး ဟာ ဟယ်ရီ ကိန်း အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း 100 နဲ့ ကမ်းလှမ်းခဲ့တာ မဟုတ်ပဲ ၊ စုစုပေါင်း ပမာဏ က ပေါင် 125 သန်း အထိတောင် ရှိခဲ့တယ်လို့ သိရပါတယ်။ သို့သော် လီဗေး ကတော့ အဲဒီ ကမ်းလှမ်းမှုကိုတောင် ပယ်ချကာ ၊ ဟယ်ရီ ကိန်း ဟာ ရောင်းချမယ့် ကစားသမားမျိုး မဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

ဒါကြောင့် အပြောင်းအရွှေ့ ကိစ္စ နဲ့ ပတ်သက်ပြီး လက်ရှိ အချိန်ထိ မန်စီးတီး နဲ့ စပါး တို့ အကြား တစုံတရာ ဆွေးနွေး ပြောဆိုခြင်း မစတင် နိုင်ကြသေးပါဘူး။

မန်စီးတီး ဘက်ကတော့ တိုက်စစ်မှုး တဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေတဲ့ အခြေအနေကြောင့် ၊ သြဂုတ် လ 31 ရက် မတိုင်ခင် ဟယ်ရီ ကိန်း အတွက် နောက်ဆုံး တကြိမ် ကမ်းလှမ်းမှုတော့ လုပ်ဆောင်သွားဦးမယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှာ ပြောဆိုနေကြပါတယ်။

ဟယ်ရီ ကိန်း ဟာ ပေါ်တူဂီ ကို သွားရောက်ပြီး ယူရိုပါလိဂ် Play Off ပွဲ စဉ် ကစားမယ့် စပါး ကစားသမား စာရင်း 25 ယောက်မှာ ပါဝင်နေသော်လဲ အသင်းနဲ့ အတူ လိုက်ပါဖွယ် မရှိဘူးလို့ ယူဆရပါတယ်။

ကိန်း ရဲ့ မိတ်ဆွေ တချို့ ကတော့ အင်္ဂလန် အသင်းခေါင်းဆောင်ဟာ စပါး ရဲ့ ရာသီ အကြို ပြင်ဆင်မှုတွေ ကို ပါဝင် ပူးပေါင်းဖို့ လုံး၀ နောက်ကျတာမျိုး မရှိဘူးလို့ ပြောဆိုလိုက်ပြီး ၊ ကလပ် အသင်းဘက်က အားလပ်ရက် ခရီးစဉ် ကို ပိုပေးထားတဲ့ အတွက် အချိန်ပိုယူခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကို ပရိသတ်တွေ နဲ့ ကစားသမား အကြား ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ဆောင်ခဲ့တဲ့ ကလပ် တာဝန် ရှိသူရဲ့ လုပ်ရပ်ကိုလဲ ကိန်း က တော်တော်လေး ဒေါသ ထွက်လျှက် ရှိပါတယ်။

အကယ်၍ မန်စီးတီး ကို ပြောင်းခွင့် လုံး၀ မရဘူး ဆိုရင်တောင် ၊ ကိန်း ဟာ သူ့ရဲ့ ပရိုပီသတဲ့ ခံယူချက် အတိုင်း စပါး အတွက် အေးအေးဆေးဆေး ပြန်လည် ကစားပေးဖို့ အထိတောင် ရည်ရွယ်ထားပါတယ်။ သို့သော် တချိန်တည်းမှာပဲ မန်စီးတီး ဘက်က သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ထပ်မံ ရောက်ရှိလာခဲ့ရင် သူ့ရဲ့ ဆန္ဒကို စပါး ပရိသတ်တွေရော ၊ ဥက္ကဌကြီး လီဗေး ကပါ နားလည်ပေးကြဖို့ မျှော်လင့်နေပါတယ်။

သေချာတာ တခုက ကိန်းဟာ အပြောင်းအရွှေ့ လုပ်ဆောင်ခွင့် ရရှိဖို့ အတွက် စပါး အသင်းဆီ တရားဝင် တောင်းဆိုတာမျိုး ၊ ဆန္ဒပြတာမျိုးတွေ လုံး၀ လုပ်ဆောင်သွားမှာ မဟုတ်ပါဘူး။