လီယွန်နယ် မက်ဆီ ရဲ့ PSG အသင်းဆီ ပြောင်းရွှေ့ လာမှုဟာ ဘောလုံး သမိုင်းကြောင်း တလျောက် မထင်မှတ် ထားတဲ့ အပြောင်းအရွှေ့ တွေထဲက တခု ဖြစ်လာ စေခဲ့ ပါတယ် ။ ဘာစီလိုနာ ကို ချစ်ပြီး ဘာစီလိုနာ မှာပဲ အရိုးထုတ်ဖို့ ကြံရွယ် ထားတဲ့ မက်ဆီ ဟာ အသင်းက ဥက္ကဌဟောင်း နဲ့ ဘုတ်အဖွဲ့ဝင်ဟောင်း တွေရဲ့ စီမံခန့်ခွဲမှု နဲ့ လုပ်ဆောင်ချက် အမှားတွေ အတွက် ဓားစာခံ ဖြစ်ခဲ့ရကာ ဘာစီလိုနာ နဲ့ စာချုပ် သက်တမ်းမတိုး နိုင်ဘဲ နူးကမ့် ကို နှုတ်ဆက် ခဲ့ရ ပါတယ် ။

ဘာစီလိုနာ ကနေ ထွက်ခွာ အပြီးမှာ PSG ဟာ မက်ဆီ ကို ခေါ်ယူ ဖို့ ရေပန်းအစားဆုံး ဖြစ်လာခဲ့သလို တကယ်တမ်း မှာလည်း မက်ဆီ ဟာ PSG ကစားသမား ဖြစ်လာခဲ့ ပါတယ် ။ ဒီလို အသင်းပြောင်းရွှေ့ ခဲ့မှုဟာ ပြင်သစ် က လူတယောက် ကို မိုင်ပေါင်း ၅၀၀ နီးပါး လမ်းလျောက်ရဖို့ ဖြစ်လာစေခဲ့ တာပါပဲ ။

 

လူသိများတဲ့ YouTuber တဦး ဖြစ်တဲ့ Boume Sama ဟာ မက်ဆီ အနေနဲ့ PSG ကို ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ခန့်မှန်းခဲ့ ဖူးပါတယ် ။ ဒါ့အပြင် သူဟာ မက်ဆီ သာ PSG ကို တကယ် ပြောင်းရွှေ့ ခဲ့ပါက မာဆေး ကနေ ပဲရစ် အထိ ဘောလုံး ကန်ကာ သွားရောက်ပြီး မက်ဆီ ကစားတာကို ကြည့်ရှု ပါမယ်လို့ ဆိုရှယ် မီဒီယာ ထက်မှာ ရေးသားခဲ့ ဖူးပါတယ် ။

 

ဒါကြောင့် အခုလို မက်ဆီ PSG ကို တကယ် ရောက်ရှိ သွားချိန် မှာတော့ Sama ဟာ သူ့ရဲ့ ကတိ စကား အတိုင်း ပဲရစ် ကို ခရီး စတင် ထွက်ခွာ လာခဲ့တယ်လို့ သိရ ပါတယ် ။ မာဆေးလ် ဟာ ပြင်သစ် တောင်ပိုင်း က ဆိပ်ကမ်းမြို့ကြီး ဖြစ်ပြီး ပဲရစ် ကတော့ ပြင်သစ် နိုင်ငံ မြောက်ပိုင်းမှာ တည်ရှိ ပါတယ် ။ အဆိုပါ ၂ မြို့ အကြား အကွာအဝေး ဟာ မိုင်ပေါင်း ၄၈၀ ကျော်ပြီး Google မှာ ဖော်ပြချက် အရ ကားနဲ့ သွားပါက ၇ နာရီ ၃၅ မိနစ် ၊ ရထားစီးသွားပါက ၃ နာရီ ၃၉ မိနစ် ကြာမြင့်မှာ ဖြစ်ပြီး လမ်းလျောက် သွားမယ် ဆိုရင်တော့ နာရီပေါင်း ၁၅၅ နာရီ ကြာမြင့်မယ်လို့ သိရ ပါတယ် ။

မက်ဆီ ဟာ ပြီးခဲံတဲ့ အပတ် က ကစားခဲ့တဲ့ လီဂူးဝမ်း ပွဲစဉ် မှာ PSG အတွက် ပါဝင် လာခဲ့ခြင်း မရှိဘဲ သြဂုတ် ၂၉ ရက်နေ့ မှာ ကစားမယ့် အဝေးကွင်း ပွဲစဉ် မှသာ အသင်းသစ် နဲ့ စတင် ပွဲထွက်ဖွယ် ရှိတယ်လို့ သိရ ပါတယ် ။ ဒါကြောင့် Sama အနေနဲ့ နာရီပေါင်း ၁၅၅ နာရီ သွားရမယ့် ခရီးအတွက် ကြိုတင်ပြင်ဆင်ကာ သြဂုတ် ၂၉ ရက်နေ့ မတိုင်မီ ပဲရစ်ကို ရောက်ရှိစေဖို့ အတွက် ယမန်နေ့ ကတည်းက စတင် ထွက်ခွာ လာခဲ့တာပဲ ဖြစ်ပါတယ် ။

 

မက်ဆီ ကတော့ ယမန်နေ့ က PSG အသင်းသားတွေ နဲ့ အတူ လေ့ကျင့်ခန်း ဆင်းခဲ့ပြီး ပရိသတ် များစွာ လာရောက် ကြည့်ရှု ခဲ့ကြတယ်လို့ သိရ ပါတယ် ။ သွေးပူလေ့ကျင့်မှု အပြီး ၂ သင်းခွဲကာ လေ့ကျင့်ရာမှာတော့ မက်ဆီ ဟာ နေမာ ၊ ဘာပေ ၊ ဒီမာရီယာ တို့နဲ့ တသင်းတည်း အတူ ကျရောက်ခဲ့ပြီး ပရိသတ်တွေ ကတော့ “ကမ္ဘာ့ မျှတမှု မရှိဆုံး မီနီ ကစားပွဲ” အဖြစ် ခေါင်းစဉ်တပ် ရေးသား ပြောဆို ခဲ့ကြပါတယ် ။

 

PSG ဟာ လီဂူးဝမ်း အဖွင့် ပွဲစဉ် ၂ ပွဲမှာ ထရွိုင်းစ် နဲ့ စထရာဘော့ တို့ကို အနိုင် ကစား ထားခဲ့ပြီး လာမယ့် စနေနေ့ မှာတော့ ဘရတ်စ် အသင်းနဲ့ အဝေးကွင်း ပွဲစဉ်ကို ယှဉ်ပြိုင် ကစား သွားရမှာ ဖြစ်ပါတယ် ။ အဲ့ဒိ နောက်မှာတော့ သြဂုတ် ၂၉ ရက်နေ့ မှာ Reims အသင်းနဲ့ အဝေးကွင်းပွဲစဉ် ကို ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲမှာ မက်ဆီ ပါဝင်လာဖွယ် ရှိတယ်လို့ သတင်းကြီး နေခဲ့ ပါတယ် ။

YouTuber Sama အနေနဲ့ ကတော့ အဆိုပါပွဲ မတိုင်မီ မှာ ပဲရစ် ကို ရောက်ရှိဖို့ ရှိနေပြီး မက်ဆီ နဲ့ ဘယ်လို ဘယ်ပုံတွေ့ဆုံ နိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့် ရမှာ ဖြစ်ပါတယ် ။ Reims ဟာ ပဲရစ် ရဲ့ အရှေ့ဘက် မှာ တည်ရှိပြီး ရထားနဲ့ သွားရောက်ပါက ၄၅ မိနစ်သာ ကြာမြင့်မှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR