ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာ မန်စီးတီး အသင်းဟာ အက်စတွန် ဗီလာ အသင်းကနေ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ဂျက်ဂရီးလစ်ရှ်ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀နဲ့ ခေါ်ယူထားသလို ၊ ၎င်းတို့ဟာ တော့တင်ဟမ် တိုက်စစ်မှူး ဟယ်ရီကိန်းကိုလည်း စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ထပ်ခေါ်နိုင်ဖို့ ကြိုးပမ်းနေပါတယ် ။

ပရီးမီးယားလိဂ် အဖွင့်ပွဲမှာတော့ မန်စီးတီး ဟာ မထင်မှတ်ထားပဲ ၊ တော့တင်ဟမ် အသင်းကို အဝေးကွင်းမှာ ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ် ။ သို့ပေမယ့်လည်း လက်ရှိ ချန်ပီယံ မန်စီးတီး ကပဲ ယခုနှစ် ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ထပ်မံ ဆွတ်ခူးဖို့ အတွက် ထိပ်ဆုံးက ရေပန်းစားလျက် ရှိနေဆဲ ဖြစ်ပါတယ် ။

ဒီကိုနိပ်ပြီး ငွေသား ၁၆၀၀၀၀ကျပ်ရယူပါ။

သို့ပေမယ့် ဒီရာသီ မန်စီးတီးရဲ့ ချန်ပီယံဆုကို ကာကွယ်မယ့် အဖြစ်က မနှစ်က ချန်ပီယံ ဖြစ်ခဲ့စဉ်ကလောက် လွယ်ကူမှာ မဟုတ်တာတော့ သေချာလို့ နေပါတယ် ။ အနီးကပ် ပြိုင်ဖက်တွေ ဖြစ်ကြတဲ့ ချဲလ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတွေဟာ ထိပ်တန်း အင်အားဖြည့်မှုတွေ လုပ်လာကြသလို ၊ လီဗာပူးဟာလည်း မနှစ်ကထက် ဒဏ်ရာ ပြဿနာ နည်းလာပြီး ခံစစ် ပိုမို ကျစ်လျစ်မှု ရှိလာပြီလည်း ဖြစ်ပါတယ် ။

ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ မနှစ်ကလို တကောင်တည်း ပြေးတဲ့ မြင်းပြိုင်ပွဲ သဖွယ် ဖြစ်လာဖို့ မရှိတော့သလို ၊ ထိပ်ဆုံး ၄နေရာက အသင်းတွေဟာ အမှတ်လျော့ဖို့ အတွက် အလားအလာ နည်းနိုင်ပါတယ် ။ သို့ပေမယ့်လည်း အခုမှ ပွဲစဉ် ၁ သာ ရှိသေးတဲ့ အတွက် ဘယ်အရာကိုမှ ပုံသေတွက်လို့ မရသေးပါဘူး ။

အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင် ကတော့ မန်စီးတီး ဟာ ချန်ပီယံဆုကို ကာကွယ်ဖို့ အတွက် အခုအခါမှာ ဟယ်ရီကိန်း ကို ခေါ်ယူဖို့ လိုလာပြီ ဖြစ်ကြောင်းနဲ့ ချဲလ်ဆီး ဟာ အခြား ပရီးမီးယားလိဂ် ကလပ်တိုင်းက အနိုင်ယူဖို့ ကြိုးစားရမယ့် အံ့သြဖွယ် အသင်း ဖြစ်နေကြောင်း သုံးသပ်ခဲ့ပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ ပေါလ်မာဆင် က ” ချဲလ်ဆီး ဟာ သူတို့ အရင်က လက်လွှတ်ခဲ့တဲ့ ရိုမီလူ လူကာကူကို ပေါင်သန်း ၉၀နဲ့ ပြန်ခေါ်ခဲ့ပါတယ် ။ ဒါပေမယ့် ဘယ်သူ့ကိုမှ သူတို့ ဂရုစိုက်မှာ မဟုတ်ပါဘူး ။ ‘ ငါတို့ဟာ ကိုယ် တချိန်က ရောင်းခဲ့ဖူးတဲ့ ကစားသမား တယောက်ကို ကြေး ၃ဆ ပြန်ပေးပြီး ခေါ်လိုက်တော့ လူတိုင်းတော့ ရူးကုန်တော့မှာပဲ ‘ ဆိုပြီး သူတို့ တွေးနေမှာ မဟုတ်ပါဘူး ။ ”

” သူတို့ဟာ ဒီအတိုင်း ခပ်တည်တည်ပဲ ၊ လူကာကူကို မဆိုင်းမတွ ခေါ်ယူခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီ အချိန်တုန်းက လူကာကူ ဟာ ချဲလ်ဆီးမှာ ကစားဖို့ အသင့်မဖြစ်သေးပါဘူး ။ အခုတော့ သူ အသင့်ဖြစ်ပါပြီ ။ သူဟာ ရှုထောင့်ပေါင်းစုံမှာ ပိုကောင်းတဲ့ ကစားသမား တယောက် ဖြစ်လာပါပြီ ။ ”

” သူဟာ ချဲလ်ဆီး အတွက် ကြီးကျယ်တဲ့ ခေါ်ယူမှု ၊ ပွဲအဖြေကို အပြောင်းအလဲ လုပ်ပေးနိုင်မယ့် ခေါ်ယူမှုမျိုး ဖြစ်ပါတယ် ။ အခုဆို မန်စီးတီး ဟာ ဟယ်ရီကိန်းကို မဖြစ်မနေ ခေါ်ယူရပါတော့မယ် ။ ချဲလ်ဆီး ဟာ ခရစ်စတယ် ပဲလေ့စ်နဲ့ ပွဲမှာ မနှစ်က မန်စီးတီးကို အမှတ်ရစေပါတယ် ။ ”

” သူတို့ဟာ ပဲလေ့စ်ကို တပွဲလုံး အသာစီးကနေ ကစားသွားခဲ့တာပါ ။ ဒါဟာ မနှစ်က မန်စီးတီးရဲ့ အိမ်ကွင်းပွဲ အများစု ကစားတာကို မြင်နေရသလိုပါပဲ ။ ပြိုင်ဖက် အသင်းတွေဟာ သူတို့ရဲ့ အိမ်ကွင်းဆီ လာကစားပြီး ၊ အရှုံးပေးရမှာကို သိထားခဲ့ကြပါတယ် ။ ဒီလိုပုံစံမျိုး ကျွန်တော်တို့ဟာ ချဲလ်ဆီး အသင်းဆီကနေ ဒီရာသီမှာ မြင်တွေ့ရဖို့ ရှိနေပါတယ် ။ ”

” ဒါဟာ တကယ် ရူးလောက်စရာပါ ။ နောက်ပြီး ချဲလ်ဆီးဟာ သူတို့ အကယ်ဒမီထွက် ကစားသမားတွေကို ဘာလုပ်လိုက်သလဲ ? တမ်မီ အေဘရာဟမ်ဟာ အသင်းပြောင်းသွားပါပြီ ။ သူတို့ဟာ ထရက်ဗာ ချာလိုဘာ ကို စီနီယာ အသင်းထံ ခေါ်ဆောင်လာခဲ့ပါတယ် ။ သူဟာလည်း ပြီးခဲ့တဲ့ စနေနေ့ကပွဲမှာ အမြင့်မားဆုံး ပုံစံ တရပ်မှာ ရှိနေတဲ့ပုံ ပေါ်ခဲ့ပါတယ် ။ ”

” နောက်ပြီး သူတို့မှာ မေဆင်မောင့် ၊ ရိစ်ဂျိမ်းစ် ၊ ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်းတို့လည်း ရှိပါသေးတယ် ။ ဒါဟာ လုံးဝ ရူးလောက်စရာပါ ။ ဖရန့် လမ်းပတ် ဟာ ဒီ အကယ်ဒမီထွက် ကြယ်ပွင့်တွေကို ပြုစု ပျိုးထောင်ပေးခဲ့ပြီး ၊ ရဲရဲဝံ့ဝံ့ စတင် နေရာပေးနိုင်ခဲ့ပါတယ် ။ ”

” ဒီ ချာတိတ်တွေဟာ ချဲလ်ဆီးမှာ အသက် ၉နှစ် ၊ ၁၀နှစ် ကတည်းက ကစားနေခဲ့ကြသူတွေ ဖြစ်ပြီး ၊ စီနီယာ အသင်းမှာ ကစားခွင့် ရခဲ့ကြတဲ့ သူတွေလည်း ချီးကျူးခံရဖို့ ထိုက်တန်ပါတယ် ။ ဒီရာသီမှာ ပွဲတပွဲချင်းစီကို ထည့်သွင်း စဉ်းစားကြရပါမယ် ။ အခုဆို မန်စီးတီး ဟာ အဖွင့်ပွဲမှာတင် အနောက်မှာ ကျန်ခဲ့ပါပြီ ။ ”

” လူတွေက ဒါဟာ အဖွင့်ပွဲသာ ရှိပါသေးတယ်လို့ ပြောကြမှာပါ ။ ဒါပေမယ့် ကျွန်တော် ကတော့ ဒီရာသီ ထိပ်ဆုံး ၄သင်းဟာ အမှတ်တွေ အများကြီး လျော့လိမ့်မယ်လို့ မထင်မိပါဘူး ။ ဒီအတွက်ကြောင့် ထိပ်ဆုံး ၄သင်းနဲ့ ကျန်တဲ့ အသင်းတွေ အကြားက ကြီးမားတဲ့ ရမှတ် ကွာဟချက်ကို မြင်တွေ့ရနိုင်တယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။