မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလေဂန်နာ ဆိုးရှား ဟာ အပြောင်း အရွှေ့ မပြီးဆုံးခင်မှာ ကွင်းလယ် ကစားသမားသစ် တဦးကို ခေါ်ယူဖို့ ဆန္ဒ ရှိနေတယ်လို့ သိရ ပါတယ် ။ ဒါပေမယ့် ဆိုးရှား အနေနဲ့ လက်ရှိ ကွင်းလယ်လူတွေထဲက အရင် ရောင်းချပြီးမှသာ လူသစ် ခေါ်ယူဖို့ လုပ်ဆောင် သွားဖွယ် ရှိတယ်လို့ သိရ ပါတယ် ။

လက်စတာ စီးတီး အသင်းရဲ့ တောင်ပံ ကစားသမားလေး ဟာဗေး ဘန်းစ် ဟာ အသင်း နဲ့ ၄ နှစ် စာချုပ်သက်တမ်းတိုး ချုပ်ဆို လိုက်ပြီလို့ သိရ ပါတယ် ။ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ဘန်းစ် ဟာ မနှစ်က ရာသီမှာ လက်စတာ နဲ့ ခြေစွမ်းပြသခဲ့ပြီး ပြိုင်ပွဲစုံမှာ ၁၃ ဂိုး သွင်းယူ နိုင်ခဲ့ ပါတယ် ။

 

ပဲလေ့စ် နဲ့ လမ်းခွဲ လာခဲ့တဲ့ ဝါရင့် ခံစစ်မှူး ဂယ်ရီ ကာဟေး ဟာ ချန်ပီယံရှစ် ကလပ် ဘုန်းမောက် အသင်းထံ ပြောင်းရွှေ့ ရောက်ရှိ တော့မယ်လို့ သတင်း ကြားသိရ ပါတယ် ။

 

ကာဂလီယာလီ အသင်းရဲ့ ကွင်းလယ်လူ နာဟီတန် နန်ဒက်ဇ် ရဲ့ တာဝန်ရှိသူတွေ ဟာ တော့တင်ဟမ် ဟော့စပါး အသင်းနဲ့ တွေ့ဆုံ ဆွေးနွေး နေပြီး ကစားသမားဟာ အင်္ဂလန် ပရီးမီးယားလိဂ် ကို သွားရောက် ကစားဖို့ စိတ်ဆန္ဒ ရှိနေတယ်လို့ သိရ ပါတယ် ။

 

စပါး ဟာ နန်ဒက်ဇ် ကို တရာသီ အငှား ခေါ်ယူမှာ ဖြစ်ပြီး ရာသီအကုန်မှာ ယူရို ၂၅ သန်းနဲ့ အပြီးသတ် ဝယ်ယူခွင့် နဲ့ စာချုပ် ချုပ်ဆို နိုင်ဖို့ မျှော်လင့် ထားတယ်လို့ သိရ ပါတယ် ။

 

ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ရဲ့ ၂၀၂၁ ခုနှစ် အတွက် တနှစ်တာ အကောင်းဆုံး ကစားသမား နဲ့ နည်းပြ ဆုတွေ အတွက် စကာတင် စာရင်းကို ဒီကနေ့မှာ ထုတ်ပြန် ခဲ့ပြီး ကန်တီ ၊ ဒီဘရိုင်းနား နဲ့ ဂျော်ဂျင်ဟို တို့ဟာ ကစားသမား ဆုအတွက် ပါဝင်ခဲ့ကြပြီး ဂွာဒီယိုလာ ၊ တူချယ် နဲ့ မန်စီနီ တို့ကတော့ နည်းပြဆု အတွက် စကာတင် စာရင်းမှာ ပါဝင် လာခဲ့ကြပါတယ် ။

ချဲလ်ဆီး နဲ့ စပိန် တောင်ပံ ကစားသမားဟောင်း ပက်ဒရို ကတော့ ရိုးမား ကနေ လာဇီယို အသင်းထံ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ် ။

 

လိဒ် ယူနိုက်တက် နည်းပြကြီး မာဆယ်လို ဘီယေဆာ ကတော့ လက်ကျန် အပြောင်းအရွှေ့ ကာလ အတွင်းမှာ အသင်းသားသစ်တွေ ခေါ်ယူဖို့ ဖြစ်နိုင်ဖွယ် မရှိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 

အေစီမီလန် အသင်းဟာ ချဲလ်ဆီး ကွင်းလယ်လူ ဘာကာယိုကို ကို ခေါ်ယူဖို့ အတွက် ကစားသမားရဲ့ အေးဂျင့် နဲ့ ဆွေးနွေး နေတယ်လို့ သိရ ပါတယ် ။ ဘာကာယိုကို ဟာ အေစီမီလန် ကို အငှားနဲ့ လာရောက် ကစားဖူးသူ ဖြစ်ပြီး ဒီတကြိမ် မှာလည်း အငှား + အပြီးသတ် ခေါ်ယူခွင့် နဲ့ ထပ်မံ ခေါ်ယူဖို့ လုပ်ဆောင် နေတယ်လို့ သိရ ပါတယ် ။

 

မန်ချက်စတာ စီးတီး ဟာ တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ကို မခေါ်ယူ ဖြစ်ခဲ့ပါက လက်ကျန် အပြောင်းအရွှေ့ ကာလ အတွင်း အချိန်မီ အစားထိုး နိုင်ဖို့ အတွက် စပါး အသင်းက စိတ်ဝင်စား နေတဲ့ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ် ကို စောင့်ကြည့် လာခဲ့တယ်လို့ သိရ ပါတယ် ။

ဖီအိုရင်တီးနား အသင်း ဥက္ကဌ ရော့ကို ကွန်မစ်ဆို ကတော့ ဗလာဟိုဗစ် အနေနဲ့ အသင်းပြောင်းလိုပါက အဆိုပါ အကြောင်းကို လာမယ့်နှစ်မှာ ဆွေးနွေး ပေးမယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပြီး သူတို့အသင်းရဲ့ တိုက်စစ်မှူးကို လက်မလွှတ်လိုကြောင်း ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

 

မန်စီးတီး ဟာ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ကို အသင်းပြောင်းရွှေ့ဖို့ ခွင့်ပြု ထားပေမယ့် လက်ရှိ အချိန်အထိ ပေါ်တူဂီ ကွင်းလယ်လူ အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး မရရှိသေးဘူး လို့ ကြားသိရ ပါတယ် ။

 

အာဆင်နယ် ကို ရောက်ရှိ လာမယ့် ကွင်းလယ်လူ မာတင် အိုဒီဂတ် ဟာ ယခုအပတ် မှာ ကစားမယ့် ချဲလ်ဆီး နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကို ပါဝင် ဖို့ အချိန်မီ မှာ မဟုတ်ဘူးလို့ သိရ ပါတယ် ။

 

ချဲလ်ဆီး နောက်ခံလူ အီမာဆင် ပယ်မာရီ ဟာ ဒီကနေ့ မှာ လိုင်ယွန် အသင်းထံ ပြောင်းရွှေ့ဖို့ အတွက် ဆေးစစ်မှု ပြုလုပ် သွားမယ်လို့လည်း ကြားသိရ ပါတယ် ။

 

ဘွန်ဒစ်လီဂါ ကလပ် ဒေါ့မွန် အသင်းဟာ ဒီနှစ် ရာသီ မှာ ဝတ်ဆင်မယ့် တတိယမြောက် ဂျာစီ အတွက် Puma က ထုတ်လုပ် လိုက်တဲ့ ဒီဇိုင်း အပေါ် ဒေါသထွက်ခဲ့ပြီး ပယ်ချ ခဲ့တယ်လို့ သိရ ပါတယ် ။ ပူးမား ဟာ ဒီရာသီမှာ ယခင်နှစ်တွေနဲ့ မတူဘဲ ဆန်းပြားတဲ့ ဒီဇိုင်းကို ပြုလုပ် ခဲ့ပြီး သူ့ရဲ့ တတိယ အသင်းဂျာစီတွေဟာ အသင်းရဲ့ အမှတ်တံဆိပ် မပါဝင်ဘဲ အလှဝတ် တီရှပ်တွေနဲ့ ဆင်တူ နေခဲ့တယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

 

အဆိုပါ ဂျာစီ ကို မန်စီးတီး နဲ့ အေစီမီလန် အသင်းတို့ကတော့ အကြောင်းပြချက် မပေးခဲ့ကြပေမယ့် ဒေါ့မွန် ကတော့ အသစ်ပြန်လည် ပြုလုပ်ပေးဖို့ တောင်းဆို ခဲ့တယ်လို့ သိရှိရ ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR