မန်ချက်စတာ စီးတီး အသင်းရဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနား ဟာ ချဲလ်ဆီး ကစား သမား ၂ ဦး ဖြစ်ကြတဲ့ အန်ဂိုလို ကန်တီ ၊ ဂျော်ဂျင်ဟို တို့နဲ့ အတူ UEFA ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမား ဆုအတွက် နောက်ဆုံး စကာတင် ၃ ဦး စာရင်းမှာ ပါဝင် ခဲ့ကြပါတယ် ။ ဒါဟာ UEFA ရဲ့ ဆုပေးပွဲ သမိုင်းမှာ ပထမဆုံး အကြိမ် အဖြစ် ကွင်းလယ်လူ ၃ ဦး စကာတင် နောက်ဆုံး အဆင့်ကို ဝင်ရောက် နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဆုရရှိသူ ကိုတော့ လာမယ့် သြဂုတ် ၂၆ ရက်နေ့မှာ ပြုလုပ်မယ့် ချန်ပီယံလိဂ် အုပ်စု မဲခွဲပွဲမှာ အခြားသော တနှစ်တာ အကောင်းဆုံး ဆုတွေနဲ့ အတူ ကြေညာ ပေးအပ် သွားမှာပါ ။ စကာတင် ၃ ဦး စလုံးဟာ ဒီဆုကို တခါမှ မရရှိဖူးသေးတာကြောင့် ဒီနှစ်မှာ မျက်နှာသစ် ဆုပိုင်ရှင် ထွက်ပေါ်လာဖို့ သေချာ သွားခဲ့ရ ပါတယ် ။

 

ကီဗင် ဒီဘရိုင်းနား ဟာ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း UEFA POTY ဆု မှာ လီဝန်ဒေါ့စကီး ရဲ့ နောက် ၊ ဒုတိယ ဆု ကို ရရှိ ခဲ့ဖူးပါတယ် ။ ဒီဘရိုင်းနား ဟာ ပြီးခဲ့တဲ့ ရာသီက မန်စီးတီး အသင်းရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရေးမှာ အဓိက ကျတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပြီး ချန်ပီယံလိဂ် မှာလည်း ဗိုလ်လုပွဲ အဆင့်ထိ တက်လှမ်း နိုင်ခဲ့ ပါတယ် ။

 

အန်ဂိုလို ကန်တီ ကတော့ မနှစ်က ချဲလ်ဆီး အသင်း ချန်ပီယံလိဂ် မှာ ဗိုလ်စွဲ ခဲ့တဲ့ ပြိုင်ပွဲ လမ်းကြောင်း တလျောက်မှာ ပုံစံကောင်း ပြသ နိုင်ခဲ့ပြီး Man of the Match ဆုတွေကို တောက်လျောက် ရရှိခဲ့ပါတယ် ။ မကြာသေးခင် ကလည်း ကန်တီ ဟာ ချဲလ်ဆီး နဲ့ အတူ ဥရောပ စူပါဖလားကို ဆွတ်ခူး ထားနိုင်ခဲ့ ပါတယ် ။

ဂျော်ဂျင်ဟို ကတော့ စကာတင် ၃ ဦး အထဲမှာ အောင်မြင်မှု အများဆုံး ရရှိထားသူ တဦး ဖြစ်ပြီး ချဲလ်ဆီး နဲ့ ချန်ပီယံလိဂ် ၊ စူပါဖလား တို့ အပြင် နွေရာသီမှာ ကျင်းပ ခဲ့တဲ့ ယူရို ၂၀၂၀ မှာလည်း အီတလီ အသင်းနဲ့ အတူ ဗိုလ်စွဲထား နိုင်ခဲ့ ပါတယ် ။

 

ဒီဆု ဟာ ဥရောပ အတွင်းမှာ ကစားနေတဲ့ ( မည်သည့် တိုက်က ဖြစ်စေ ) ကစားသမားတွေ ရဲ့ တနှစ်တာ အတွင်း ကလပ် နဲ့ နိုင်ငံ အသင်းက စွမ်းဆောင်ရည်တွေ အပေါ် အမှတ်ပေး ရွေးချယ်တဲ့ ဆု ဖြစ်ပါတယ် ။ ဒီဆုကို

 

( ၁ ) Euro 2020 မှာ ပါဝင်ယှဉ်ပြိုင် ခဲ့တဲ့ နိုင်ငံ အသင်း ၂၄ သင်းရဲ့ နည်းပြများ

( ၂ ) ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ချန်ပီယံ လိဂ် နဲ့ ယူရိုပါလိဂ် အုပ်စုအဆင့် မှာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြတဲ့ ကလပ် အသင်းပေါင်း ၈၀ ရဲ့ နည်းပြများ

( ၃ ) ဥရောပ အားကစား မီဒီယာ အဖွဲ့ က ရွေးချယ်ပေးထားတဲ့ ဂျာနယ်လစ် ၅၅ ယောက် တို့ရဲ့ မဲပေးမှုတွေ ကနေ အမှတ်အများဆုံး ရရှိသူ ၃ ဦး ကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ် ။ အမှတ်ပေး ရာမှာတော့ ပထမ နေရာ အတွက် ၅ မှတ် ၊ ဒုတိယ နေရာ အတွက် ၃ မှတ် နဲ့ တတိယ နေရာ အတွက် ၁ မှတ် ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ် ။

 

တချိန်က UEFA ရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို လွှမ်းမိုး ကြီးစိုး ထားခဲ့ ကြတဲ့ လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရိုနယ်ဒို တို့ကတော့ ဒီနှစ် မှာ နောက်ဆုံး စကာတင် အဆင့်ကို မရောက်ရှိ နိုင်ခဲ့ ကြပါဘူး ။ ရိုနယ်ဒို ရော မက်ဆီ ပါ မနှစ် က ပြည်တွင်း ရှုံးထွက် ဖလား ၁ လုံးစီ နဲ့ ပြည်တွင်းလိဂ် ရဲ့ ဂိုးသွင်း ဘုရင်တွေ ဖြစ်ခဲ့ကြပေမယ့် ဥရောပ အောင်မြင်မှု ကတော့ မရရှိခဲ့ ကြပါဘူး ။

မက်ဆီ ကတော့ နွေရာသီ မှာ အာဂျင်တီးနား အသင်းနဲ့ ကိုပါ အမေရိက ဖလား ကို ရယူ နိုင်ခဲ့တာကြောင့် ဒီနှစ် အတွက် အကောင်းဆုံး ကစားသမား ဆုတွေကို ရရှိမယ်လို့ ထင်ကြေးပေးထားခဲ့ ကြပါတယ် ။ ဒါပေမယ့် ဥရောပ ဘောလုံးအဖွဲ့ချုပ် ရဲ့ ဆု ဖြစ်တဲ့ UEFA POTY မှာတော့ မက်ဆီ ဟာ အဆင့် ၄ နေရာနဲ့ ကပ်ကျန်ရစ်ပြီး ဆုတခု လွဲချော် ခဲ့ရ ပါတယ် ။

 

UEFA Player of the Year ဆု ရဲ့ စကာတင် ၁၀ ဦး ( အဆင့် ၄ မှတ် ၁၀ အထိ ) –

၄ ။ လီယွန်နယ် မက်ဆီ – ၁၄၈ မှတ်

၅ ။ ရောဘတ် လီဝန်ဒေါ့စကီး – ၁၄၀ မှတ်

၆ ။ ဒွန်နာရမ်မာ – ၄၉ မှတ်

 

၇ ။ အမ်ဘာပေ – ၃၁ မှတ်

၈ ။ ရာဟမ်း စတာလင် – ၁၈ မှတ်

၉ ။ ခရစ္စတီယာနို ရိုနယ်ဒို – ၁၆ မှတ်

၁၀ ။ အာလင်း ဟာလန်း – ၁၅ မှတ်

 

သြဂုတ် ၂၆ ရက်နေ့မှာ ဘယ်သူ အောင်ပွဲခံမလဲ ဆိုတာ စောင့်ကြည့်ကြပါစို့ဗျာ . . .

 

SPORTS MYANMAR