နူနို ဆန်းတိုစ့် ရဲ့ တော့တင်ဟမ် ဟော့စပါး ကတော့ ယမန်နေ့ ညက ကစားခဲ့တဲ့ ယူရိုပါ ကွန်ဖရန့်လိဂ် ခြေစစ်ပွဲ ပထမ အကျော့ မှာ ပေါ်တူဂီ အသင်းငယ်လေး ပက်စကို ဒီ ဖာရဲရား ကို ၁ – ၀ နဲ့ အဝေးကွင်းမှာ ရှုံးနိမ့် သွားခဲ့ ပါတယ် ။ နည်းပြ မော်ရင်ဟို ရဲ့ ရိုးမား ကတော့ အဝေးကွင်းမှာ ၂ – ၁ နဲ့ အနိုင် ရရှိ ခဲ့တယ် လို့ သိရ ပါတယ် ။

ဝုဗ် ရှေ့တန်းလူ ပက်ဒရို နက်တို ဟာ ဒူးဒဏ်ရာ ကနေ ပြန်လည် သက်သာဖို့ လုပ်ဆောင် နေစဉ် အတွင်းမှာ ဒဏ်ရာ ပြန်လည် ရရှိ သွားခဲ့တာကြောင့် ၂၀၂၂ ခုနှစ် အစောပိုင်း အထိ အနားယူရဖွယ် ရှိလာခဲ့တယ် လို့ သတင်း ကြားသိရ ပါတယ် ။

 

ဖိလစ်ပိုင် လက်ဝှေ့ အကျော် အမော် မန်နီ ပက်ကွီအို ဟာ ၂၀၁၅ တုန်းက အမှတ်နဲ့ ရှုံးနိမ့် ခဲ့ဖူးတဲ့ ရှုံးပွဲ မရှိ လက်ဝှေ့ ချန်ပီယံဟောင်း ဖလွိုက်မေဝဲသာ နဲ့ မကြေပွဲ တကြိမ် ပြန်လည် ထိုးသတ်ဖို့ စိတ်ဆန္ဒ ပြင်းပြ နေတယ်လို့ ကြားသိရ ပါတယ် ။

 

ရီးရဲ မက်ဒရစ် အသင်းသား တွေဟာ ယမန်နေ့က ပြန်လည် ပြုပြင် မွမ်းမံ နေတဲ့ သူတို့ရဲ့ စတေဒီယေဂို ဘာနေဗျူး ကွင်းကြီးကို သွားရောက် လည်ပတ် လေ့လာ ခဲ့ကြတယ်လို့ သိရ ပါတယ် ။ ဘာနေဗျူးကွင်းဟာ ပြုပြင် မွမ်းမံ နေဆဲ ဖြစ်ပြီး သတ်မှတ်ထားတဲ့ ရက်ထက် နောက်ကျပြီးမှ အသုံးပြု နိုင်ဖို့လည်း ရှိနေ ပါတယ် ။

 

အော်ဘားမီးယန်း ၊ လာကာဇက် နဲ့ အဲလက်စ် ရူနာဆန် တို့ ၃ ဦး ဟာ ပြီးခဲ့တဲ့ အပတ်တုန်းက ကိုဗစ်ပိုး တွေ့ရှိ ခဲ့တာ ဖြစ်ကြောင်း အာဆင်နယ် အသင်းက အတည်ပြု ကြေညာ သွားခဲ့ ပါတယ် ။ အော်ဘားမီးယန်း ကတော့ လက်ရှိ မှာ ပိုးကင်းစင် သွားပြီ ဖြစ်တာကြောင့် ယခုအပတ် ကစားမယ့် လန်ဒန် ဒါဘီ မှာ ပါဝင်လာဖွယ် ရှိနေတယ်လို့ သိရ ပါတယ် ။

Adidas က ထုတ်လုပ်လိုက်တဲ့ ယူဗင်တပ် အသင်း ရဲ့ တတိယ ဂျာစီ ဟာလည်း ကြေညာ အပြီးမှာ ဝေဖန်သူတွေ အလွန် များပြား ခဲ့ပြီး ဂျာစီ ဒီဇိုင်းဟာ ဘောလီဘော ဘောလုံး နဲ့ အလွန်ဆင်တူ နေခဲ့တယ်လို့ ပြောဆို လာခဲ့ ကြပါတယ် ။

 

အေစီမီလန် ဟာ ရိုးမား နောက်ခံလူ အလက်ဆန်ဒရို ဖလော်ရန်ဇီ ကို အငှား + အပြီးသတ် ဝယ်ယူခွင့် နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိ သွားခဲ့ပြီလို့ သိရ ပါတယ် ။ မီလန် ဟာ ချဲလ်ဆီး ကွင်းလယ်လူ ဘာကာယိုကို ကို အငှား ခေါ်ယူဖို့လည်း ကြိုးစား နေတယ်လို့ သိရ ပါတယ် ။

 

UEFA ဟာ တနှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမား ဆု ရဲ့ နောက်ဆုံး စကာတင် ၃ ဦး ကို ကြေညာခဲ့ ရာမှာ လီကီ မာတင် ၊ ဂျန်နီ ဟာမိုဆို နဲ့ အလက်စီယာ ပူတဲလက်စ် တို့ ပါဝင် သွားခဲ့ ကြပြီး သူတို့ ၃ ယောက်စလုံးဟာ ဘာစီလိုနာ အမျိုးသမီး အသင်းသူတွေ ဖြစ်ခဲ့ကြပါတယ် ။

 

ဘာစီလိုနာ အမျိုးသမီး အသင်းသူတွေဟာ ကနဦး စကာတင် ၁၂ ဦးမှာ ၇ နေရာ အထိ ပါဝင် ခဲ့တာ ဖြစ်သလို နောက်ဆုံး စကာတင် မှာလည်း ၁၀၀% ပါဝင် ခဲ့တာကြောင့် အသင်းအတွက် ဂုဏ်ယူ စရာ ဖြစ်စေခဲ့ ပါတယ် ။

 

ရီးရဲ မက်ဒရစ် အသင်းရဲ့ တိုက်စစ်မှူးကြီး ကာရင် ဘန်ဇီးမား ဟာ အသင်း နဲ့ ၂၀၂၃ ခုနှစ် အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆိုဖို့ သဘောတူညီမှု ရယူပြီး သွားခဲ့ပြီလို့ သိရ ပါတယ် ။

အင်္ဂလန် ကို ပြန်လည် ရောက်ရှိ လာခဲ့ပြီး ကျူဝင်နေရတဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးကြီး အီဒီဆင် ကာဗာနီ ဟာ ယမန်နေ့က စတင် လေ့ကျင့်ခန်း ဆင်းခဲ့ပြီလို့ သိရ ပါတယ် ။ ဒါပေမယ့် တိုက်စစ်မှူးကြီး ဟာ ယခု အပတ် ပွဲစဉ် မှာ ပါဝင်ဖို့ မရှိသေးဘူးလို့ ကြားသိရ ပါတယ် ။

 

ယူနိုက်တက် ကွင်းလယ်လူ အန်ဒရေ ပါရဲရား ကတော့ ဘရာဇီး ကလပ် ဖလာမင်ဂို အသင်းထံ အငှား နဲ့ ပြောင်းရွှေ့ဖို့ အတွက် စာရွက် စာတမ်း ကိစ္စတွေ ပြီးမြောက် ခဲ့ပြီ ဖြစ်ပါတယ် ။ ဖလာမင်ဂို ဟာ ပါရဲရား ကို အငှား + အပြီးသတ် ဝယ်ယူခွင့် နဲ့ ပြောင်းရွှေ့ မှာ ဖြစ်တယ်လို့ သိရ ပါတယ် ။

 

ဆောက်သမ်တန် အသင်း ဟာ သူတို့ရဲ့ အသင်းခေါင်းဆောင် ဂျိမ်းစ် ဝက် ပရောက်စ် ကို ၂၀၂၆ ခုနှစ် အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆို လိုက်တယ်လို့လည်း သိရှိရ ပါတယ် ။

 

လိဒ်ယူနိုက်တက် တိုက်စစ်မှူး ပက်ထရစ် ဘန်ဖိုဒ့် ဟာလည်း အသင်းနဲ့ ၅ နှစ် ထပ်မံ သက်တမ်းတိုး လိုက်ကြောင်း အတည်ပြု ထုတ်ပြန် ကြေညာ သွားခဲ့ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR