ဘာစီလိုနာ ကနေ မက်ဆီ ထွက်ခွာ သွားခဲ့တာ ၂ ပတ် နီးပါး ရှိခဲ့ ပါပြီ ။ ဒါပေမယ့် ဘာစီလိုနာ ပရိသတ်တွေရဲ့ ရင်ထဲ မှာတော့ လီယွန်နယ် မက်ဆီ က ထာဝရ ရှိနေမှာပါ ။ ဘာစီလိုနာ ကတော့ မက်ဆီ မပါဘဲ လာလီဂါ ရာသီသစ် ကို ခရီးဆက်ခဲ့ ရပါပြီ ။ အဖွင့်ပွဲစဉ် မှာတော့ သူတို့ ပုံစံကောင်း ပြသပြီး နိုင်ပွဲ ရခဲ့ကြပါတယ် ။ မက်ဆီ မရှိဘဲ သူတို့ ဘယ်လောက်ထိ လုပ်ပြ နိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာပါ ။

မက်ဆီ ကတော့ ပြင်သစ် ထိပ်သီး ကလပ် PSG ကို အလွတ်နဲ့ ပြောင်းရွှေ့ သွားခဲ့ပြီး ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့ ပါတယ် ။ မက်ဆီ အသင်းက ထွက်ချင်ခဲ့ပြီး ထွက်ခွင့် တောင်းခဲ့တုန်းက ရောင်းမထုတ်ဘဲ အတင်းဆွဲထားခဲ့တဲ့ အကျိုးဆက် ဟာ ဘာစီလိုနာ ကို ယူရို သန်း ၁၀၀ လောက် ဆုံးရှုံး နစ်နာ သွားစေခဲ့ ပါတယ် ။

 

ခုချိန် မှာတော့ ရွှေဘောလုံး ၆ ဆုရှင် မက်ဆီ ဟာ PSG မှာ ဘာစီလိုနာ အသင်းဖော်ဟောင်း နေမာ ၊ ပြင်သစ် ကြယ်ပွင့်လေး အမ်ဘာပေ တို့နဲ့ ပေါင်းဖက်ပြီး MMN တိုက်စစ်ကို ပုံဖော်ဖို့ အားမွေးနေပြီ ဖြစ်ပါတယ် ။ PSG မှာ ဒီမာရီယာ ၊ ရာမိုစ့် ၊ ဒွန်နာရမ်မာ ၊ ဟာခီမီ ၊ မာကွင်ဟို ၊ ဗာရက်တီ တို့လို ထိပ်တန်း ကစားသမားတွေလည်း အမြောက်အများ ပိုင်ဆိုင် ထားတာကြောင့် ဒီနှစ် ချန်ပီယံလိဂ်ကို ရယူဖို့ ထိပ်ဆုံးက အလေးပေးခံထားရပြီလည်း ဖြစ်ပါတယ် ။

 

မက်ဆီ ဟာ ပရော်ဖက်ရှင်နယ် စီနီယာ ကစားသမား ဘ၀ ကို ၂၀၀၃-၀၄ ရာသီမှာ ဘာစီလိုနာ နဲ့ စတင် ခဲ့ပြီး အသင်းကြီး မှာ ၁၇ နှစ်ကြာအောင် ကစားခဲ့တဲ့ အတောအတွင်းမှာ ဆုတံဆိပ် များစွာ ၊ ဆုဖလား များစွာကို ရယူ ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။ အဲ့ဒိ အထဲမှာ လာလီဂါ အမှတ်ပေး ချန်ပီယံ ဆယ်ကြိမ် ကတော့ အသင်းရဲ့ သမိုင်းမှာ ရော လိဂ် ရဲ့ သမိုင်းမှာပါ အရေအတွက် အများဆုံး အဖြစ် မှတ်တမ်းဝင်ခဲ့ ပါတယ် ။

မက်ဆီ ဟာ ဥရောပ ကလပ် အသင်းတွေ အတွက် အမြင့်ဆုံး အောင်ပွဲ ဖြစ်တဲ့ ချန်ပီယံလိဂ် ဖလားကြီး ကိုလည်း ၂၀၀၆ ၊ ၂၀၀၉ ၊ ၂၀၁၁ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ လေးကြိမ်တိုင် ရယူပိုင်ဆိုင် ထားနိုင်ခဲ့သလို ပြည်တွင်း ရှုံးထွက် ဖလားတွေ ၊ ဥရောပ စူပါဖလားတွေ နဲ့ ကလပ် ကမ္ဘာ့ဖလားတွေ ကိုလည်း ရရှိခဲ့ ပါတယ် ။

 

တဦးချင်း ဆုတံဆိပ် မှာလည်း မက်ဆီ ဟာ လာလီဂါ ရဲ့ တလတာ အကောင်းဆုံး ဆုတွေ ၊ တနှစ်တာ ဆုတွေ ၊ ဂိုးသွင်းဘုရင်ဆုတွေ ၊ ဖန်တီးရှင်ဆုတွေကို နှစ်တိုင်းလိုလို ရရှိခဲ့သလို ဥရောပ အဆင့် နဲ့ ကမ္ဘာ့ အဆင့် ဆုပေါင်း များစွာကိုလည်း နှစ်စဉ် ရရှိခဲ့ပါတယ် ။

 

ဒီလိုများပြားလှတဲ့ ဆုဖလား နဲ့ ဆုတံဆိပ်တွေကြောင့် မက်ဆီ ဟာ ပြင်သစ် ကို ပြောင်းရွှေ့ ချိန်မှာ သူ ရရှိ ခဲ့တဲ့ အောင်ပွဲအချို့ ကို ဘာစီလိုနာမှာ ချန်ရစ် ထားခဲ့ဖို့ ဖြစ်လာခဲ့ ပါတယ် ။ စပိန် သတင်းစာ AS ရဲ့ ဖော်ပြချက် အရ မက်ဆီ ဟာ သြဂုတ် ၈ ရက်နေ့ မှာ ဘာစီလိုနာ အဝတ်လဲခန်း ထဲမှာ ရှိတဲ့ သူ့ရဲ့ လော့ကာခန်းကို ရှင်းလင်း ခဲ့တယ်လို့ သိရ ပါတယ် ။

ဒီလို ရှင်းလင်း ရာမှာတော့ မက်ဆီ ဟာ ဆုတံဆိပ် နဲ့ ဖလား အချို့ ကို လော့ကာခန်း ထဲမှာ ဆက်လက် ထားရစ် ခဲ့ဖို့ အသင်းနဲ့ သဘောတူညီမှု ရယူခဲ့တယ်လို့ သတင်းစာက ဖော်ပြခဲ့ ပါတယ် ။ ဒီဆုတွေ အထဲမှာ Man of the Match ဆုတွေ အများဆုံး ပါဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ရာသီကြို ဖလား ဖြစ်တဲ့ ယိုဟန် ဂမ်ပါ ဖလား ပွဲက ဆုလည်း ပါဝင်ခဲ့တယ်လို့ သိရ ပါတယ် ။

 

မက်ဆီ ဟာ ဘာစီလိုနာ မှာ ရှိခဲ့စဉ် အတွင်း အသင်း နဲ့ ဆုဖလား ၄၅ ခု ၊ တဦးချင်းဆု အခု ၄၀ ရရှိခဲ့တာပဲ ဖြစ်ပါတယ် ။ မက်ဆီ မရှိတော့ပေမယ့် သူ့ရဲ့ ဂုဏ်သတင်း ကတော့ ဘာစီလိုနာ အသင်းမှာ မွှေးပျံ့နေဆဲ ဖြစ်နေမှာ ဖြစ်ပြီး သူချန်ထားခဲ့တဲ့ လော့ကာခန်းထဲက ဆုတံဆိပ်တွေ ဟာ အသင်းမှာ လက်ရှိ ကစားနေတဲ့ သူ အချို့ရရှိ ဖူးတာတွေထက်ပင် များပြား နေသေးတယ်လို့ သိရှိရ ပါတယ် ။

 

SPORTS MYANMAR