ချဲလ်ဆီး နဲ့ ဂျာမနီ တိုက်စစ်မှူးလေး ကိုင်ဟာဗက် ဟာ သူ့ရဲ့ မိခင် နိုင်ငံ အတွင်းမှာ ရေလွှမ်းမိုးမှု ကို ခံစား နေရတဲ့ ဒုက္ခသည်တွေ အတွက် ယူရို ၂ သိန်း ကို လှူဒန်း ခဲ့တယ်လို့ သိရ ပါတယ် ။ ဒါ့အပြင် ဟာဗက် ဟာ အာဆင်နယ် နဲ့ ကစားမယ့် ပွဲစဉ် မှာ ဝတ်ဆင်မယ့် သူကိုယ်တိုင် ဒီဇိုင်းထုတ် ပြုလုပ် ထားတဲ့ ဘောကန်ဖိနပ် ကိုလည်း ပုံစံတူ အစုံ ၁၀၀ ပြုလုပ်ကာ လေလံတင် ရောင်းချပြီး ရန်ပုံငွေ ထပ်မံ ရှာဖွေ သွားဦးမယ်လို့ သိရှိရ ပါတယ် ။

အာဆင်နယ် နည်းပြ မီကေး အာတီတာ ဟာ အော်ဘားမီးယန်း ၊ လာကာဇက် အပါအဝင် စီနီယာ အသင်းသား ၄ ဦး မှာ ကိုဗစ်ပိုး တွေ့ရှိ ခဲ့ပေမယ့် ဘရန့်ဖိုဒ့် နဲ့ ပွဲစဉ် ကို မရွှေ့ဆိုင်း ပေးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစီစဉ်သူတွေကို မကျေနပ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 

ဘာစီလိုနာ နည်းပြ ရော်နယ် ကိုးမန်း ကတော့ စပိန် လူငယ်လေး ပက်ဒရီ ဟာ ယခုအပတ် ကစားမယ့် လာလီဂါ ပွဲစဉ် ကို ပါဝင် ကစားပေးမှာ ဖြစ်ပြီး အဆိုပါ ပွဲအပြီးမှာ ၂ ပတ် အနားပေး သွားမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို ခဲ့ပါတယ် ။

 

ပက်ဒရီ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီကနေ နွေရာသီ နိုင်ငံ ပွဲစဉ်တွေ အထိ ပွဲပေါင်း ၇၀ ကျော် ဆက်တိုက် ကစားလာခဲ့ပြီး မနက်ဖြန် ကစားမယ့် ပွဲဟာ သူ့အတွက် ၇၄ ပွဲ မြောက် ဖြစ်လာမယ်လို့ သိရ ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ် ရဲ့ ပထမဦးစားပေး စဉ်းစားမှုဟာ အသင်းနဲ့ အတူ ပါဝင်ခွင့် ရရှိဖို့ ဖြစ်တယ်လို့ နည်းပြ ဆိုးရှား က သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆို သွားခဲ့ပါတယ် ။ လူငယ် ကစားသမားလေး အာမက် ဒီရယ်လို ကတော့ ဒီရာသီမှာ အငှားထွက် ကစားတာဟာ သူ့အတွက် မှန်ကန်တဲ့ လမ်းကြောင်း ဖြစ်နိုင်တယ်လို့လည်း ဆိုးရှား က ပြောဆို သွားခဲ့ ပါတယ် ။

ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ရဲ့ စာချုပ်ကိစ္စ နဲ့ ပတ်သက်ပြီးတော့လည်း ကစားသမားရဲ့ တာဝန်ရှိသူတွေ နဲ့ ကလပ်တို့ တွေ့ဆုံ ဆွေးနွေး နေကြတယ်လို့ ဆိုးရှားက ပြောဆို သွားခဲ့ ပါတယ် ။

 

ချဲလ်ဆီး ကွင်းလယ်လူ ခရစ်ရှန် ပူလီဆစ် ဟာ ကိုဗစ်ပိုး တွေ့ရှိ ခဲ့တာကြောင့် ယခုအပတ် ကစားမယ့် အာဆင်နယ် နဲ့ ပွဲကို လွဲချော် ခဲ့ရပြီ ဖြစ်ပါတယ် ။

 

ရီးရဲ မက်ဒရစ် ဟာ ဝါရင့်တိုက်စစ်မှူးကြီး ဘန်ဇီးမား ကို ၂၀၂၃ ခုနှစ် အထိ စာချုပ်သစ် ချုပ်ဆိုလိုက်ကြောင်း တရားဝင်ကြေညာ ဖော်ပြသွားခဲ့ ပါတယ် ။

 

ဘိုင်ယန်မြုးနစ် အသင်းကတော့ စွယ်စုံရ ကစားသမား ဂျိုရှုအာ ကင်မစ်ချ် ကို စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေး နိုင်ခဲ့ပြီ ဖြစ်ကာ မကြာခင်မှာ စာချုပ် ချုပ်ဆိုပြီးကြောင်း ကြေညာ နိုင်တော့မယ်လို့ သိရ ပါတယ် ။ ဒါ့အပြင် ဒီရာသီ အကုန်မှာ စာချုပ်ပြည့်မယ့် လီယွန် ဂေါ်ရက်ဇ်ကာ ကိုလည်း သက်တမ်းတိုးဖို့ ဆွေးနွေးမှု ဟာ အဆင်ပြေချောမွေ့ နေတယ်လို့ ကြားသိရ ပါတယ် ။

 

တော့တင်ဟမ် ဟော့စပါး နည်းပြ နူနို ဆန်းတို့စ် က ဟယ်ရီကိန်း ဟာ ဒီကနေ့ အသင်း နဲ့ အတူ လေ့ကျင့်ခဲ့ ပြီး အဆင်ပြေခဲ့ကြောင်း ၊ မနက်ဖြန် မှာ ထပ်မံ လေ့ကျင့်ဦးမှာ ဖြစ်ပြီး ဝုဗ် နဲ့ ပွဲမှာ ပါဝင် ကစားမလား ဆိုတာ ကတော့ သူ့ရဲ့ အခြေအနေ ကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ် သွားမှာ ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

စပါး ကွင်းလယ်လူ အန်ဒွန်ဘီလီ ကတော့ ဝုဗ် နဲ့ လူစာရင်းမှာ ပါဝင်လာမှာ မဟုတ်ဘဲ အပြောင်းအရွှေ့ မပိတ်ခင် မှာ ရောင်းချ သွားနိုင်ဖို့ အသင်းတာဝန်ရှိသူတွေ က ကြိုးစားနေတယ်လို့ သိရှိရ ပါတယ် ။

 

ဆောက်သမ်တန် အသင်းဟာ တိုရီနို အသင်း ရဲ့ ဘရာဇီး ခံစစ်မှူး လိုင်ကို ကို ခေါ်ယူဖို့ လုပ်ဆောင် နေတယ်လို့ သိရ ပါတယ် ။ စပိန် ကလပ် ဆယ်တာဗီဂို နဲ့ ဘက်တစ် တို့ဟာလည်း ဘရာဇီးသား ကို စိတ်ဝင်စား နေပေမယ့် ကာယကံရှင် ကတော့ ပရီးမီးယားလိဂ်ကို ပိုမို စိတ်ဝင်စား နေတယ်လို့ သိရ ပါတယ် ။

 

နယူးကာဆယ် အသင်း နည်းပြကြီး စတိဗ် ဘရုစ် ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ကစားမယ့် အသင်းစာရင်းမှာ ဂိုးသမား ၄ ဦး အထိ ထည့်သွင်းသွားဖို့ ရှိနေပြီး ကစားသမားသစ် ထပ်မံ ခေါ်ယူဖို့ အစီအစဉ်လည်း မရှိတော့ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 

မန်ချက်စတာ စီးတီး ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းနား ဟာ ခြေကျင်းဝတ်မှာ ဒဏ်ရာ ရှိနေပြီး နောဝှစ်စီးတီး နဲ့ ကစားမယ့် စနေနေ့ ပွဲစဉ် အတွက် မသေချာတဲ့ အခြေအနေမှာ ရှိနေတယ်လို့ နည်းပြ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။ ဒါ့အပြင် ဂွာဒီယိုလာ က သူဟာ လက်ရှိ အသင်းရဲ့ လူအင်အားကို ကျေနပ် အားရ နေပါတယ်လို့ ပြောဆို ခဲ့တာကြောင့် လက်ကျန် ရက်တွေမှာ ဟယ်ရီကိန်းကို ခေါ်ယူနိုင်ချေ နည်းပါးလာခဲ့တယ် လို့ သုံးသပ် ခဲ့ကြပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် နှစ် နွေရာသီ အပြောင်းအရွှေ့ မှာ တိုက်စစ်မှူး တဦး ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူဖို့ ပြင်ဆင် ထားတယ်လို့ သိရပြီး ဟာလန်း ၊ ဘာပေ ၊ ဟယ်ရီကိန်း တို့ အနက်က တဦးဦး ဖြစ်လာမယ်လို့ အလေးပေးထားကြပါတယ် ။

 

နာမည်ကျော် တင်းနစ် ကစားသမား ရာဖေး နာဒယ် ဟာ ခြေထောက်မှာ ရရှိ ခဲ့တဲ့ ဒဏ်ရာ အသစ်ကြောင့် ၂၀၂၁ ခုနှစ် အတွင်း လက်ကျန် ပွဲစဉ် အားလုံးကို ကစားနိုင်တော့မှာ မဟုတ်ဘဲ အနားယူရတော့မယ်လို့ ကြားသိရ ပါတယ် ။

 

လီဗာပူး ကွင်းလယ်လူ ဖာဘင်ဟို ရဲ့ ဖခင် ဖြစ်သူ ဟာ ကွယ်လွန် သွားခဲ့ပြီ ဖြစ်တယ်လို့လည်း သတင်းကြားသိရ ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR