Hazard

၁၉၉၆ခုနှစ် ကနေ ၁၉၉၉ခုနှစ် အထိ ဘာနေဗျူးမှာ ကစားခဲ့တဲ့ တိုက်စစ်မှူး မီဂျာတိုဗစ်က လက်ရှိကွင်းလယ်တိုက်စစ်ကစားသမားဟာဇက်အနေနဲ့ နည်းပြ ဇီဒန်းရဲ့ လက်အောက်မှာ ဖိအားတွေနဲ့ အသားကျနိုင်ဖို့ အချိန်ယူရမှာဖြစ်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် ဘယ်ဂျီယံစတား ဟာဇက်အနေနဲ့ ရော်နယ်ဒို ရရှိထားခဲ့တဲ့ ခြေစွမ်းအဆင့်အတန်းမျိုးကို ရရှိအောင်စွမ်းဆောင်နိုင်မှာ မဟုတ်လောက်ဘူးလို့ လည်း မီဂျာတိုဗစ်က ယူဆနေပါတယ်။ဟာဇက်ဟာ အခုနှစ်နွေရာသီမှာ ချဲဆီးလ် အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့ ရာသီမှာ အခြေအနေဆိုးခဲ့တဲ့ရီးရဲလ်အသင်းတိုးတက်စေဖို့ အရေးပါတဲ့ အရေးပါတဲ့ နေရာမှာပါဝင်နိုင်လိမ့်မယ်လို့ အများကမျှော်လင့်ထားကြတာဖြစ်ပါတယ်။

ဒါပေမယ့် ရီးရဲလ် အသင်းအတွက် ၄၃၈ ပွဲကစား သွင်းဂိုး ၄၅၀ အထိရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ရော်နယ်ဒိုလို စွမ်းဆောင်မှုမျိုးကို ပုံတူကူးနိုင်ဖို့ကတော့ ကစားသမား အတွက် မလွယ်ကူတဲ့ တောင်းဆိုးမှု မျိုးဖြစ်လာနိုင်နေတာဖြစ်ပါတယ်။

ဟာဇက်ဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ ရီးရဲလ် အသင်းအတွက် ပါဝင် ကစားပေးထားခဲ့ပေမယ့် လာလီဂါ ရာသီသစ် မှာတော့ ပွဲထွက် ပါဝင်ထားခြင်းမရှိသေးတာဖြစ်ပါတယ်။သူဟာ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဆယ်တာဗီဂို နဲ့ ပွဲမတိုင်မီမှာတံကောက်ကြော ဒဏ်ရာရရှိသွားခဲ့တာဖြစ်တယ်လို့ တော့ရီးရဲလ် အသင်းကကြေငြာထားပါတယ်။

ဒီပွဲမှာ ကွင်းလယ်လူမိုဒရစ် အနီကတ် ထိခဲ့ပေမယ့် ရီးရဲလ် အသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒါပေမယ့် အခုအပတ် ပွဲစဉ်မှာတော့ ဗယ်လာဒိုးလစ် အသင်းကို ၁ဂိုးစီ သရေသာကစားနိုင်ခဲ့ လို့အမှတ်ပေးဇယားမှာဆီဗီလာ ၊ အေတီကို အသင်းတွေရဲ့ နောက် တတိယနေရာမှာ ရပ်တည်သွားနိုင်ခဲ့ပါတယ်။

Goal ရဲ့ဖော်ပြချက်အရ ဟာဇက်ဟာလေးပတ်အထိ အနားယူရဖို့ရှိနေပြီး ရီးရဲလ် အသင်းရဲ့ နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ ဗီလာရီးရဲလ် နဲ့ ပွဲကိုပါ ထပ်မံလွဲချော်ဖွယ်ရှိနေပါတယ်။သူဟာပွဲဦးထွက် အဖြစ် နိုင်ငံတကာပွဲတွေအပြီးကစားမယ့် လီဗန်တေးနဲ့ ပွဲမှ သာပါဝင်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

ဒီဘယ်ဂျီယံသားဟာ ကမ္ဘာ့အကောင်းဆုံး တွေထဲက တဦးဖြစ်ပေမယ့် ရီးရဲလ် အတွက် ရော်နယ်ဒို လို စွမ်းဆောင်ပေးနိုင်ဖို့ကတော့ မဖြစ်နိုင်လောက်ဘူးလို့ မီဂျာတိုဗစ်က ယုံကြည်နေပါတယ်။Goalနဲ့ အင်တာဗျူး မှာ မီဂျာတိုဗစ်က –

” သေချာတာတခုကတော့ ဟာဇက်ဟာ အရမ်းကောင်းတဲ့ ကစားသမား တဦးဖြစ်ပါတယ်။သူဟာ ဥရောပရဲ့အကောင်းဆုံးတွေထဲက တဦးလည်းဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော့် အမြင်အရတော့ ရော်နယ်ဒို လုပ်ထားခဲ့သလိုသူလုပ်နိုင်မယ်လို့ မျှော်လင့်လို့ မရနိုင်ပါဘူး။

ကျွန်တော်ထင်ပါတယ်၊ ဒါမျိုးမဖြစ်နိုင်ပါဘူး။ရော်နယ်ဒိုလို ကစားနိုင်တဲ့ သူတဦး မှ မရှိပါဘူး။ရီးရဲလ်လို အသင်းမှာုကြုံတွေ့ရမယ်ဖိအားက သူချဲဆီးလ်အသင်းမှာ ကြုံတွေ့တဲ့ ဖိအားတွေနဲ့ မတူပါဘူး။ဒါကိုကိုင်တွယ်နိုင်ဖို့ ဆိုရင်အချိန်တခုတော့ လိုပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

စပိန် လာလီဂါပြိုင်ပွဲရဲ့ အပြောင်းအရွှေ့ဈေးကွက်ဟာစက်တင်ဘာ ၂ရက်နေ့ မှာ ပိတ်သိမ်းမှာဖြစ်လို့ ရီးရဲလ် အသင်းဟာ ကစားသမားသစ် အချို့ ကို ထပ်မံအားဖြည့်ဖွယ်ရှိနေပြီး PSG တိုက်စစ် မှူး နေမာနဲ့ ကောလာဟလတွေကျယ်လောင်နေသေးတာဖြစ်ပါတယ်။ရီးရဲလ်အသင်းရဲ့ ရာသီသစ် အနေအထားတွေ အပေါ် မီဂျာတိုဗစ်က –

” ရီးရဲလ် အသင်းဟာ ကစားသမားကောင်းတွေ နဲ့ အတူ အသင်းကြီးတသင်းအဖြစ် ရှိနေသေးတာဖြစ်ပါတယ်။အသစ်ရောက်လာတဲ့ ကစားသမားတွေအနေနဲ့ အံဝင် အသားကျနိုင်ဖို့ လိုပါတယ်။အသင်းကြီးတသင်းမှာဒါဟာသာမန်ကိစ္စပဲဖြစ်ပါတယ်။

အခုရာသီ ဟာလွယ်ကူနိုင်ချေတော့ ရှိမနေပါဘူး။ဖိအားတွေနဲ့ အတူရီးရဲလ်မှာကစားရတာကလည်း ဘယ်တော့မှ မလွယ်ပါဘူး။ဒါပေမယ့် သူတို့ဟာ ဆုဖလားတွေအတွက် ယှဉ်ပြိုင်သွားနိုင်မယ်လို့ ကျွန်တော်အကောင်းမြင်ထားပါတယ် ” လို့ပြောခဲ့ပါတယ်။

SM