ပရီးမီးယားလိဂ် ဘောလုံး ရာသီသစ် ကတော့ ဒုတိယမြောက် ပွဲစဉ် ကို ရောက်ရှိလို့ လာခဲ့ပါပြီ ။ ဒီတပတ် မှာတော့ အဖွင့်ပွဲမှာ ရှုံးနိမ့် ခဲ့တဲ့ ချန်ပီယံ မန်စီးတီး တို့ နိုင်ပွဲ ပြန်ရအောင် ကစားသွား နိုင်ဖွယ် ရှိနေ ပေမယ့် အာဆင်နယ် ကတော့ ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးဖွယ် ရှိနေပါတယ် ။ စပါးကတော့ နည်းပြ နူနို ရဲ့ အသင်းဟောင်း ဝုဗ် နဲ့ ယှဉ်ပြိုင် ကစားရမှာပါ ။

ဒါကြောင့် ဒီတပတ် ကစားကြမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် Sky Sports သတင်းဌာန က ခန့်မှန်းသူ လူးဝစ် ဂျုံးစ် ရဲ့ သုံးသပ် ခန့်မှန်းချက်တွေကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။

 

၁ ။ လီဗာပူး – ဘန်လေ

နွေရာသီ အပြောင်းအရွှေ့ ကာလက လီဗာပူးရဲ့ အားရကျေနပ်စရာ အကောင်းဆုံး လုပ်ဆောင်ချက်ကတော့ အသင်းသားတွေကို စာချုပ်သက်တမ်း တိုးနိုင်ခဲ့တာပါပဲ ။ အခုဆိုရင် မိုဟာမက် ဆာလာ ပဲ ကျန်တော့ပြီး သူနဲ့လည်း ဆွေးနွေးမှု အဆင်ပြေနေတယ်လို့ ကြားသိရ ပါတယ် ။ ဒါက အသင်းအတွင်းက စည်းလုံးမှုကို ဆက်ထိန်းထား နိုင်ပြီး ကွင်းထဲ အထိ ခေါ်ဆောင် သွားမှာပါ ။

 

ဘန်လေ ကတော့ ရာသီတိုင်းလိုလို ကစားလာတဲ့ ကစားကွက် နဲ့ လူစာရင်းကိုပဲ အသုံးပြု သွားဦးမှာပါပဲ ။ ဗာဂျယ် ဗန်ဒိုက် ပြန်ပါလာတဲ့ လီဗာပူး ခံစစ်ဟာ ဘန်လေ ရှေ့တန်းက ကာယအားကောင်းတဲ့ ခရစ်စ် ဝုဒ် ရဲ့ ဖိအားပေးမှုကို ကောင်းကောင်း တားဆီးနိုင်မှာပါ ။ လီဗာပူး နိုင်ဖို့ကလွဲပြီး အခြားနည်းလမ်းကို မမြင်မိပါဘူး ။

ခန့်မှန်းချက် – လီဗာပူး ၂ – ၀ ဘန်လေ

 

၂ ။ မန်ချက်စတာ စီးတီး – နောဝှစ်ချ်

အဖွင့်ပွဲက ရှုံးနိမ့်မှုကို အိမ်ကွင်းမှာ စီးတီး တို့ ပြန်လည် ချေဖျက် ပြမှာပါ ။ ဒါပေမယ့် အထောင် တိုက်စစ်မှူးကောင်း ရှိမနေသေးတာက သူတို့ရဲ့ သွင်းဂိုးတွေကို ကန့်သတ် နေဦးမှာပါပဲ ။ အသင်း ၂ သင်း အကြားက ကွာခြားချက် ကတော့ ပြောပြဖို့တောင် လိုမှာမဟုတ်ပါဘူး ။ နောဝှစ်ချ် အတွက်ကတော့ အသင်းကြီး ၂ သင်းနဲ့ ဆက်တိုက် ကစားဖို့ စီစဉ်ပေးတဲ့ ပရီးမီးယားလိဂ် ကိုပဲ အပြစ်တင်ရတော့မှာပါ ။ စီးတီး တို့ ဂိုးစောစော ရမယ်ဆိုရင်တော့ ဂိုးမိုးရွာသွားဖို့တောင် ရှိနိုင်ပါတယ် ။

ခန့်မှန်းချက် – မန်စီးတီး ၃ – ၀ နောဝှစ်ချ်

 

၃ ။ ဆောက်သမ်တန် – မန်ချက်စတာ ယူနိုက်တက်

အသင်းရဲ့ အဓိက ကစားသမား အချို့ကို လက်လွှတ် ဆုံးရှုံးထားရတဲ့ ဒဏ်ကို ဆောက်သမ်တန် တို့ အဖွင့် ပွဲစဉ်မှာ ကြုံတွေ့ ခဲ့ရ ပါတယ် ။ ဒီအပတ် မှာလည်း ဒါကို ပြန်ပြီး ပြောင်းပြန်လှန်ဖို့ မလွယ်ကူသေး ပါဘူး ။ မန်ချက်စတာ ယူနိုက်တက် ဟာ အဖွင့်ပွဲစဉ်မှာ အပျံစား ခြေစွမ်း နဲ့ ရလဒ်ကို ယူဆောင် နိုင်ခဲ့တာကြောင့် စိတ်ဓါတ် တက်ကြွ နေမှာပါ ။ ဒီပွဲမှာ ယူနိုက်တက် တို့ မရှုံးခဲ့ဘူး ဆိုရင် အာဆင်နယ် ရဲ့ ၂၀၀၄ တုန်းက အဝေးကွင်း ရှုံးပွဲ မရှိ အများဆုံး စံချိန်ကို လိုက်မီ သွားတော့မှာပါ ။ ဒါက ယူနိုက်တက် အတွက် အားဆေး တခွက်လိုပါပဲ ။

ခန့်မှန်းချက် – ဆောက်သမ်တန် ၀ – ၂ မန်ယူနိုက်တက်

၄ ။ ဝုဗ် – တော့တင်ဟမ်ဟော့စပါး

ဒီတပတ် ရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲတပွဲလို့ ဆိုနိုင်ပါတယ် ။ နည်းပြအပြောင်းအလဲ ပြုလုပ်ထားတဲ့ အသင်း ၂ သင်း ၊ တသင်းမှာ ဟယ်ရီကိန်း ပါဖို့ မသေချာ သလို နောက်တသင်း ကလည်း အဓိက တိုက်စစ်မှူး ဂျီမီနက်ဇ် ဆီက အပြည့်အ၀ မရနိုင်သေးပါဘူး ။ ၂ သင်းစလုံးရဲ့ အင်အားက မျှတနေပြီး ဆွန်ဟောင်မင် ကတော့ စပါးကို နှာတဖျား အသာရစေ နိုင်ပါတယ် ။ နည်းပြ နူနို ရဲ့ မိုလီနက်စ် တကျော့ပြန် ခရီးဟာ ပျော်ရွှင်စရာ အဆုံးသတ် ဖြစ်သွားဖို့ အလားအလာ ရှိနေပါတယ် ။

ခန့်မှန်းချက် – ဝုဗ် ၁ – ၂ စပါး

 

၅ ။ အာဆင်နယ် – ချဲလ်ဆီး

ဒီ ၂ သင်း ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲမှာ အာဆင်နယ် တို့ နိုင်ထားခဲ့ ပါတယ် ။ ဒါပေမယ့် အခုချိန် မှာ အရာ အတော်များများက ပြောင်းလဲ နေပါပြီ ။ ချဲလ်ဆီး နည်းပြ က သောမတ်စ် တူချယ် ဖြစ်နေပြီး သူတို့မှာ ရိုမီရို လူကာကူ လည်း ရှိလာခဲ့ပါပြီ ။ ချဲလ်ဆီး ဟာ အာဆင်နယ် အနိုင် ကစားခဲ့တဲ့ အသင်းမျိုးမဟုတ်တော့ ပါဘူး ။

တူချယ် ကိုင်တွယ်ခဲ့တဲ့ ကာလတလျောက်မှာ ချဲလ်ဆီး ဟာ ပရီးမီးယားလိဂ် မှာ ပေးဂိုးအနည်းဆုံး ၊ Clean Sheet အများဆုံး နဲ့ ဂိုးပေါက်တည့်မှု အများဆုံး အသင်းဖြစ်ခဲ့ ပါတယ် ။ အခုသူတို့မှာ ပျောက်ဆုံးနေတဲ့ အဆုံးသတ်စွမ်းရည်အတွက် လူကာကူလည်း ရောက်လာခဲ့ပါပြီ ။ အာဆင်နယ် က အခုမှ ပြန်လည် တည်ဆောက်မှုရဲ့ အစောပိုင်း ကာလမှာပဲ ရှိနေပါသေးတယ် ၊ ကစားသမားတွေ နဲ့ နည်းပြတို့ရဲ့ ပေါင်းစပ်မှုက အသားကျ ချောမွေ့မနေသေးပါဘူး ။ ဒီလို အနေအထားမှာ ဥရောပ ဘုရင်ကို သူတို့ အနိုင်ကစားနိုင်မယ်လို့ မထင်မိပါဘူး ။

ခန့်မှန်းချက် – အာဆင်နယ် ၀ – ၂ ချဲလ်ဆီး

 

အခြားပွဲစဉ် ခန့်မှန်းချက်များ –

 

၆ ။ ဗီလာ ၁ – ၂ နယူးကာဆယ်

 

၇ ။ လိဒ် ယူနိုက်တက် ၁ – ၁ အဲဗာတန်

 

၈ ။ ပဲလေ့စ် ၁ – ၂ ဘရန့်ဖိုဒ့်

 

၉ ။ ဘရိုက်တန် ၀ – ၁ ဝက်ဖိုဒ့်

 

၁၀ ။ ဝက်စ်ဟမ်း ၂ – ၁ လက်စတာ စီးတီး

 

SPORTS MYANMAR