ဖူလ်ဟမ် အသင်းရဲ့ ကွင်းလယ်လူဟောင်း ဒန်နီ မာဖီ က လီဗာပူး နဲ့ အာဆင်နယ် အသင်းတို့ရဲ့ကစားသမား အဆင့်အတန်းချင်း ကွာဟမှု အပေါ် သုံးသပ် ပြောကြား လိုက်ပြီး ရာသီအကုန်မှာ လီဗာပူး ရဲ့ အဆင့်ကို ကြည့်ဖို့ အာဆင်နယ်တို့ အာကာသမှန်ပြောင်း လိုအပ်လိမ့်မယ်လို့ အရွှန်းဖောက် သွားခဲ့ပါတယ် ။

လီဗာပူး အသင်း နဲ့ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက အန်ဖီးလ် မှာ ထိပ်တိုက် တွေ့ဆုံ ခဲ့ကြပြီး အိမ်ရှင် လီဗာပူး အသင်းက သုံးဂိုး တစ်ဂိုး နဲ့ ဂိုးပြတ် အနိုင် ရသွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းတိုက်စစ်မှူး တွေဖြစ်တဲ့ အူဘာမီယန်း နဲ့ လာကာဇက် တို့ဟာ ပထမပိုင်းမှာ ပွဲအဖြေပြောင်းလဲ ပေးနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းတော့ မရှိတာကြောင့် ဂန်းနားတို့ နစ်နာခဲ့ရပါတယ် ။

လီဗာပူး အသင်းဟာ ပထမပိုင်း ပြီးခါနီးမှာ နောက်ခံလူ မာတစ် ရဲ့ ခေါင်းတိုက် သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပြီး ၊ ဒုတိယပိုင်းမှာလည်း ဆာလတ် ရဲ့ ပင်နယ်တီ သွင်းဂိုး တစ်ဂိုး အပါအဝင် သွင်းဂိုး နှစ်ဂိုး နဲ့ အာဆင်နယ် အသင်းကို ဂိုးပြတ် အနိုင်ရပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ဦးဆောင် နိုင်ခဲ့ပါတယ် ။

ဖူလ်ဟမ် အသင်းရဲ့ ကစားသမားဟောင်း ဒန်နီမာဖီ ကတော့ လီဗာပူး နဲ့ အာဆင်နယ် ပွဲကို ကြည့်ရတာဟာ လူကြီး နဲ့ ကလေး ယှဉ်ပြိုင် ကစားတာကို ကြည့်နေရသလို ဖြစ်ခဲ့ကြောင်း နဲ့ နည်းပြ အူနိုင်း အမ်မရီ ရဲ့နည်းစနစ်ပိုင်းကိုလည်း ဝေဖန် ထောက်ပြ သွားခဲ့ပါတယ် ။

မာဖီ က talkSPORT မှာ ” ရာသီအကုန်မှာ လီဗာပူး ရဲ့ အဆင့်ကို ကြည့်ဖို့ အာဆင်နယ်တို့ အာကာသမှန်ပြောင်းတောင် လိုပါလိမ့်မယ် ။ ကလေး နဲ့ လူကြီး ကစားသလို ဖြစ်နေခဲ့တာပါ ။ လီဗာပူး အသင်း အတွက် အများကြီး အားစိုက်စရာ မလိုခဲ့တဲ့ လွယ်ကူတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ် ။ ”

” အာဆင်နယ် အသင်း နည်းပြ အမ်မရီ ရဲ့ နည်းစနစ်ပိုင်းကြောင့် လီဗာပူးအသင်း အတွက် final-third ဇုန်ထဲ ဝင်ရတာ တော်တော်လေး လွယ်ကူ နေခဲ့ပါတယ် ။ အာဆင်နယ် အသင်းက နောက်တန်း လေးယောက် နဲ့ အထိုင် ကစားပေမယ့် အသင်းကြီးတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့ အခါမျိုးမှာ အဆင်မပြေပါဘူး ။ ”

” သူတို့ရဲ့ တောင်ပံ တိုက်စစ် ကစားသမားတွေကို စိတ်ကြိုက် ကစားခွင့် ပေးလိုက်သလို ဖြစ်သွားပါတယ် ။ အထူးသဖြင့် လီဗာပူး ရဲ့ full-back တွေ အတွက် စိတ်ကြိုက် ဖြစ်သွားခဲ့ပါတယ် ။ လီဗာပူး နဲ့ ရင်ဆိုင်တိုင်း ဘာလို့ ဒီကစားကွက်ပဲ သုံးနေတာလဲဗျာ ။ တခြား ကစားကွက်လေး ဘာလေး ပြောင်းဖို့ မကြိုးစားတော့ဘူးလားဗျာ ။ ”

” လီဗာပူး နဲ့ ရင်ဆိုင်တိုင်း အာဆင်နယ် အသင်းရဲ့ အလုပ် မဖြစ်တဲ့ နည်းစနစ်ပိုင်းပါပဲ ။ ရာသီအကုန်မှာ လီဗာပူး ရဲ့ အဆင့်ကို ကြည့်ဖို့ အာဆင်နယ်တို့ အာကာသမှန်ပြောင်းတောင် လိုပါလိမ့်မယ် ။ သူတို့ ပွဲကို ထိန်းချူ ပ် ကစားနိုင်ခဲ့ခြင်း မရှိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR