ပြီးခဲ့တဲ့ ရာသီတုန်းက ပြည်တွင်းရော ဥရောပ မှာပါ ကျရှုံးခဲ့ အပြီးမှာတော့ ယူဗင်တပ် ဟာ သူတို့ရဲ့ ကျဆင်းလာမှုကို ပြန်လည် ပြင်ဆင်ဖို့ အတွက် စတင်လုပ်ဆောင် လာခဲ့ပါတယ် ။ အဲ့ဒိ လုပ်ဆောင်မှုရဲ့ ပထမ ခြေလှမ်း ကတော့ နည်းပြဟောင်း အယ်လီဂရီ ကို ပြန်လည် တာဝန် ပေးအပ် ခဲ့တာပါပဲ ။ နောက်ဆုံးမှာတော့ အယ်လီဂရီ ဟာ သူ့ရဲ့ အောင်မြင် တူရင်ကို ပြန်နင်း ခဲ့ရပြန်ပါပြီ ။

အယ်လီဂရီ ဟာ ဂွာဒီယိုလာ ၊ မော်ရီဇီယို ဆာရီ တို့လို နည်းစနစ်ပိုင်း ကို အလွန်အမင်း အားကိုးသူ တယောက် မဟုတ်ပါဘူး ။ ဒါပေမယ့် သူဟာ အီတလီ ဆန်တဲ့ ကစားပုံကို ချစ်မြတ်နိုးသူ တယောက်ဖြစ်ပြီး ကျစ်လျစ်တဲ့ ခံစစ် ၊ လျှင်မြန်တဲ့ တန်ပြန် တိုက်စစ်တွေ နဲ့ ပုံဖော် ကစားတတ်တဲ့ နည်းပြ တဦးပါ ။

 

သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ယူဗင်တပ် ဟာ အမှတ်ပေး ချန်ပီယံဆုကို နှစ်တိုင်း ရခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကိုလည်း ၂ ကြိမ် ရောက်ရှိခဲ့ ပါတယ် ။ နောက်ဆုံး ၁၁ နှစ် အတွင်းမှာ ချန်ပီယံလိဂ် ဖိုင်နယ် ကို အီတလီ ကလပ်တွေ ၂ ကြိမ်သာ ရောက်နိုင်ခဲ့ပါတယ် ၊ အဲ့ဒိ ၂ ကြိမ်က အယ်လီဂရီ ရဲ့ ယူဗင်တပ် ပါပဲ ။

 

လက်ရှိ ယူဗင်တပ် ဟာ အတွေ့အကြုံရင့် ကစားသမားတွေ နဲ့ လူငယ်သွေးသစ်တွေကို အချိုးကျကျ ပေါင်းစပ် ဖွဲ့စည်းထားပါတယ် ။ ဒါပေမယ့် အသင်းလိုက် လှုပ်ရှားမှု နဲ့ နည်းဗျုဟာ ကျကျ ကစားမှုတွေ မှာ အတော်လေး အားနည်းနေခဲ့တာပါ ။ ဒီပြဿနာကို ဖြေရှင်းမယ့်သူ ဟာ အယ်လီဂရီ ကလွဲရင် အခြားသူ မရှိနိုင်ဘူးလို့ ယူဗင်တပ် အကြီးအကဲတွေက လက်ခံ ခဲ့ကြပါတယ် ။ ဘာကြောင့်လည်းဆိုတော့ အယ်လီဂရီ မှာ ယူဗင်တပ် DNA ပိုင်ဆိုင် ထားလို့ပါပဲ ။

အယ်လီဂရီ ကလည်း အသင်းကို ပြန်ရောက်တဲ့ အချိန်မှာဘဲ အချိန်မဆိုင်းဘဲ သူလုပ်ရမယ့် ကိစ္စတွေကို အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါတယ် ။ သူ ပထမဆုံး လုပ်ရတဲ့ အလုပ်တွေထဲက တခုကတော့ ရိုနယ်ဒို ရဲ့ အခန်းကဏ္ဍကို ပြောင်းလဲ ပေးရတာပါ ။ ပြီးခဲ့တဲ့ ရာသီက အထိ ပေါ်တူဂီသားဟာ တူရင် ကလပ်ရဲ့ အဓိက ဂိုးသွင်းရှင် ဖြစ်ခဲ့ပါတယ် ၊ ဒါပေမယ့် အယ်လီဂရီ ကတော့ ရိုနယ်ဒို အတွက် အခြားတာဝန်တခု စီစဉ်ထားပြီးသားပါ ။

 

“ရိုနယ်ဒို က ဖရီးကစ် ကုန်လုံးကို ကန်ရတော့မှာ မဟုတ်ပါဘူး ။ ပြီးတော့ သူ့အနေနဲ့ ဒီရာသီမှာ အရင်ကထက် ပိုပြီး တာဝန်ယူမှု ၊ တာဝန်ခံမှု အပိုင်းတွေကို ပိုပြီး လုပ်ပေးရပါမယ် ။ အသင်းမှာ လူငယ်တွေ အများကြီး ရောက်နေ ပါပြီ ၊ ဒီလူငယ်တွေ အတွက် ဦးဆောင်ပေးမယ့်သူ ၊ တာဝန်ခံပေးမယ့်သူတွေ လိုအပ်လာပါပြီ” လို့ အယ်လီဂရီ က သူ့ရဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆို သွားခဲ့ ပါတယ် ။

 

ဒီပြောဆိုမှု အရ ရိုနယ်ဒို ဟာ ယူဗင်တပ် မှာ ပွဲထွက် ကစားသမား အဖြစ် ဆက်ရှိနေနိုင် ပေမယ့် အရင် ရာသီတွေ တုန်းကလို မရှိမဖြစ် ကစားသမားမျိုး မဟုတ်တော့ဘဲ အသင်းရဲ့ အစိတ်အပိုင်း တခု ၊ ဝါရင့် ကစားသမား တဦး အဖြစ်နဲ့သာ ရှိနေဖို့ များလာခဲ့ပါတယ် ။ တနည်းအားဖြင့် ပြောရရင်တော့ ရိုနယ်ဒို အပေါ် အသင်းက အားကိုးနေရမှုကို လျော့ချဖို့ ကြိုးစားလိုက်တာပါပဲ ။

 

ဒါဆိုရင် မေးစရာ ရှိလာပါပြီ ၊ ရိုနယ်ဒို ထမ်းပိုး ထားရတဲ့ ဝန်ကို ဘယ်သူယူမှာလဲ ၊ သူ့လို တရာသီ ဂိုး ၂၀ အနည်းဆုံး သွင်းနိုင်မယ့်သူ ယူဗင်တပ် မှာ ရှိနေပြီလား ။ ဒီမေးခွန်း အတွက် အယ်လီဂရီ ရဲ့ အဖြေကတော့ ကစားသမား ၂ ယောက်ရဲ့ အမည်တွေ ပါပဲ ။ ပေါ်လို ဒိုင်ဘားလား နဲ့ ဖက်ဒရီကို ချီယေဆာ တို့ပါ ။

Napoli 03/03/2019 – campionato di calcio serie A / Napoli-Juventus / foto Insidefoto/Image Sport
nella foto: Paulo Dybala-Massimiliano Allegri

အယ်လီဂရီ ဟာ အသင်းကို ပြန်ပြီး ကိုင်တွယ်တာ နဲ့ ဒိုင်ဘားလား ရဲ့ အခန်းကဏ္ဍ ကို ချက်ချင်း မြှင့်ပေးခဲ့ ပါတယ် ။ အာဂျင်တီးနားသားဟာ အခုဆိုရင် အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင် ဖြစ်လာခဲ့ပါပြီ ။ ဆာရီ ၊ ပီယာလို တို့ လက်ထက်မှာ မှေးမှိန် ခဲ့ရတဲ့ ဒိုင်ဘားလား ရဲ့ သွင်းဂိုးတွေ ၊ ဖန်တီးမှုတွေ ၊ ကစားပုံတွေကို ဒီနှစ် ပြန်မြင်ရလာတော့မှာပါ ။ ဖရီးကစ် ဂိုးတွေလည်း အပါအဝင်ပေါ့ ။

 

ဖက်ဒရီကို ချီယေဆာ ကတော့ ဘောလုံးစင်မြင့်ထက်ကို နေရာယူဖို့ အရှိန်အဟုန်နဲ့ ပြေးလွှားနေသူ တယောက်ပါ ။ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ယူရို ၂၀၂၀ မှာ မြင်တွေ့ ခဲ့ကြပြီးပါပြီ ။ လက်ရှိ မှာတော့ ဘောလုံး နဲ့ ဆွဲပြေးတဲ့ နေရာမှာ အကောင်းဆုံးတွေထဲက တယောက်လို့တောင် ပြောရမှာပါပဲ ။ ဒီလို တက်လမ်း ရှိတဲ့ လူငယ် တယောက်ကို အယ်လီဂရီ နေရာပေးတာ ဟာ မှားယွင်းတဲ့ ကိစ္စ ဘယ်နည်းနဲ့မှ မဟုတ်နိုင်ပါဘူး ။

 

ပြောရရင်တော့ လက်ရှိ ယူဗင်တပ် ဟာ ၁၉၉၅ ဝန်းကျင်က ဖာဂူဆန် ရဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ဆင်တူပါတယ် ။ အဲ့ဒိတုန်းက ဂစ် ၊ နဗီးလ် ၊ စခိုး ၊ ဘက်ခမ်း တို့လို အလားအလာရှိတဲ့ လူငယ်လေးတွေကို ဝါရင့် တိုက်စစ်မှူးကြီး အဲရစ်ကန်တိုနာ ရဲ့ ဦးဆောင်မှုနဲ့ အတူ အောင်ပွဲတွေ ရယူစေခဲ့ ပါတယ် ။ အခုလည်း ရိုနယ်ဒို ဟာ ၉၅ ဝန်းကျင်က ကန်တိုနာ ရဲ့ နေရာလိုမျိုးကနေ ဝက်စတန် မက်ကိန်း ၊ ချီယေဆာ တို့အတွက် ဦးဆောင်လမ်းပြ လုပ်ပေးရတော့မှာပါ ။

 

ယူဗင်တပ် တို့ စီးရီးအေ ဖလားကို အင်တာမီလန် လက်ထဲကနေ ပြန်ယူနိုင်မလား ဆိုတာထက် အယ်လီဂရီ လက်အောက်မှာ ဘယ်လို စွဲမက်ဖွယ်ရာ ကောင်းတဲ့ ကစားပုံကို ဖော်ဆောင်မလဲ ဆိုတာက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေမှာ အမှန်ပါပဲ . . .

 

SPORTS MYANMAR