တော့တင်ဟမ် အသင်း ရဲ့ ကြယ်ပွင့် လူးကပ်စ် မော်ရာ က ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ ကစားမယ့် မြောက်လန်ဒန် ဒါဘီမှာ မြို့ခံပြိုင်ဘက် အာဆင်နယ် အသင်းကို အနိုင် ကစားပြီး သူတို့ဟာ အင်အား တောင့်တင်းတဲ့ အသင်း ဖြစ်နေပြီဆိုတာကို သက်သေပြသွားမယ်လို့ ကြုံးဝါး သွားခဲ့ပါတယ် ။

တော့တင်ဟမ် အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပိမ်ကွင်းမှာ နယူးကာဆယ် အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့် သွားခဲ့ပြီး ဒီရာသီ ပထမဆုံး ရှုံးပွဲ နဲ့ ကြုံ တွေ့သွားခဲ့ရပါတယ် ။ တော့တင်ဟမ် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ( ၃ ) အပြီးမှာ တစ်ပွဲနိုင် ၊ တစ်ပွဲသရေ ၊ တစ်ပွဲရှုံးနဲ့ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည် နေပါတယ် ။

ယခု တစ်ပတ်မှာတော့ တော့တင်ဟမ် အသင်းဟာ အမ်းမရိတ် ကွင်းမှာ ခါးသီးလှတဲ့ မြို့ခံ ပြိုင်ဘက် အာဆင်နယ် အသင်းနဲ့ ကစားရမှာလည်း ဖြစ်ပါတယ် ။ တော့တင်ဟမ် အသင်း ကွင်းလယ် ကြယ်ပွင့် လူးကပ်စ် မော်ရာ ကတော့ အာဆင်နယ် အသင်းကို အနိုင်ကစားဖို့ ယုံကြည်မှု အပြည့်ရှိနေကြောင်း ကြွေးကြော် သွားခဲ့ပါတယ် ။

မော်ရာ က Standard Sport နဲ့ အင်တာဗျူးမှာ ” နယူးကာဆယ် အသင်းကို ရှုံးနိမ့် ပြီးတဲ့နောက် အာဆင်နယ် အသင်းနဲ့ ပွဲမှာ အနိုင် သုံးမှတ် ရယူပြီး ကျနော်တို့ဟာ အကောင်းဆုံး အရည်အသွေးနဲ့ ပြန်လာနိုင်တယ် ဆိုတာ သက်သေ ပြဖို့ ကြိုးစား သွားမှာပါ ။ ”

” ပွဲတိုင်းကတော့ မတူညီပါဘူး ။ ခုက ရာသီအသစ် ဖြစ်သလို ကစားသမားသစ်တွေလည်း ရှိနေပါတယ် ။ ကျွန်တော်တို့ အသင်းက အရင်နှစ်တွေ ကထက် ပိုကောင်းတဲ့ အသင်း တစ်သင်း ဖြစ်နေပြီလို့တော့ ထင်ပါတယ် ။ ကျွန်တော်တို့ နေရာမရွေး ပွဲတိုင်းကို အနိုင် ကစားနိုင်တဲ့ အသင်း တစ်သင်း ဖြစ်နေပါပြီ ။ ”

” နယူးကာဆယ် အသင်း နဲ့ ပွဲက ကျွန်တော်တို့ အတွက် ရလဒ် ဆိုးရွားခဲ့တဲ့ ပွဲတစ်ပွဲ ပါပဲ ။ ကျွန်တော်တို့ ကြိုးစား ကစားခဲ့ ပေမယ့် သူတို့က တစ်ဂိုး ရသွားတာနဲ့ နောက်တန်းမှာ စုပြုံ ပိတ်ဆို့ ကစားနေကြတော့ အရမ်း ကစားရ ခက်ခဲ ခဲ့ပါတယ် ။ ”

” ဂိုးဧရိယာထဲမှာ ကစားသမား အားလုံး နီးပါး ရှိနေတာကြောင့် နေရာလွတ်တွေ လုံးဝ ရှာမရ ခဲ့ပါဘူး ။ ကျွန်တော် ကိုယ်တိုင်လည်း အပိုင် အခွင့်အရေး တစ်ကြိမ် လွဲချော် ခဲ့တာကြောင့် ကိုယ့်ကိုယ်ကို စိတ်ပျက် မိပါတယ် ။ ဒီတစ်ပတ်မှာ အကောင်းဆုံး ပြန်လည် ပြင်ဆင်ပြီး အာဆင်နယ် အသင်းကို အနိုင် ကစားသွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက အမ်းမရိတ်ကွင်းမှာ ကစားခဲ့စဉ်တုန်း က တော့တင်ဟမ် အသင်းဟာ အာဆင်နယ် အသင်းကို လေးဂိုး နှစ်ဂိုး နဲ့ ဂိုး ပြတ် ရှုံး နိမ့် ထား ပါ တယ် ။ အဆိုပါ ပွဲမှာ တော့တင်ဟမ် အသင်းဟာ ပထမပိုင်းမှာ နှစ်ဂိုး တစ်ဂိုး နဲ့ ဦးဆောင် နိုင်နေပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုး နဲ့ အနိုင်ဂိုးတွေ ပြန်လည် ခွင့်ပြု ခဲ့ရပြီး ရှုံးနိမ့် သွားခဲ့တာပါ ။

SPORTS MYANMAR