ပရီးမီးယားလိဂ် ဟာ ဒီနှစ်ဘောလုံး ရာသီမှာ စည်းမျဉ်းတော်တော်များများ ကို ပြောင်းလဲကာ စတင် အသုံးပြုခဲ့ပါတယ်။

အထူးသဖြင့် 18 ကိုက် ဧရိယာ အတွင်း တော်ရုံ လှဲချတဲ့ ပုံစံမျိုး နဲ့ မတော်တဆ လက်ထိဘောတွေ ဆိုရင် ပင်နယ်တီ သတ်မှတ်ပေးတော့မှာ မဟုတ်သလို ၊ ပွဲကစားချိန် အတွင်း Soft Fouls ပုံစံမျိုးတွေ ရှိခဲ့ရင်လဲ ၊ ပွဲရဲ့ Tempo ကျဆင်းသွားမှာ စိုးတဲ့ အတွက် ၊ ပြစ်ဒဏ်ဘော ကန်ခွင့်ရမယ့် အသင်းက ဘောလုံးကို ဆက်လက် ပိုင်ဆိုင်ထားပါက ပွဲ ကိုဆက် ကစားခွင့်ပေးထားတာမျိုးတွေ ရှိခဲ့ပါတယ်။

သို့သော် ယာဂန် ကလော့ပ် ကတော့ အဲဒီ စည်းမျဉ်း အပြောင်းလဲ ကို ဝေဖန်လိုက်ပြီး ၊ ခေတ်နောက်ပြန် ရေးဆွဲထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

အထူးသဖြင့် လီဗာပူး နည်းပြကြီးဟာ အက်ရှ်လေ ဘန်း နဲ့ ခရစ္စ ဝုဒ် တို့ရဲ့ ဘောလုံး ဝင်လုပုံ ကြမ်းတမ်းခဲ့တဲ့ အခိုက်အတန့် မှာ ပွဲကို ထိန်းသိမ်းခြင်း မရှိခဲ့တဲ့ အပေါ် ဒေါသ ဖြစ်ခဲ့တာပါ။ ဒိုင်လူကြီး မိုက်ဒင်း ကလဲ ဘန်လေ ဟာ ပြစ်ဒဏ်ကျူးမှု စုစုပေါင်း 12 ကြိမ် အထိ ရှိခဲ့သည့်တိုင်အောင် အဝါကဒ် ကို တခါမှ ထုတ်သုံးခြင်း မရှိခဲ့ပြန်ပါဘူး။

ပွဲအပြီးမှာတော့ ဂျာမန်သားကြိး က “ အဲဒီလို လူချနေတာတွေ ကြည့်ချင်ရင် ၊ နပန်းပွဲတွေကိုပဲ သွားကြည့်ကြပေါ့ဗျာ။ ကျနော့် ကစားသမားတွေ ကလဲ ဘောလုံး ယှဉ်လုဖို့တော့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။

ဒါပေမယ့် အက်ရှ်လေ ဘန်း နဲ့ ခရစ္စ ဝုဒ် တို့နှစ်ယောက် က ဗန်ဒိုက် နဲ့ မာတစ် တို့ကို ဝင်လုံးတဲ့ ပုံကို မြင်လိုက်ကြတယ် မို့လား။ ဒီ အနေအထားမှာ ဒိုင်လူကြီးတွေ ဟာ မှန်မှန်ကန်ကန် ကိုင်တွယ်ခဲ့တာလို့ ကျနော်တော့ မခံစားမိပါဘူး။

စည်းမျဉ်းသစ် အပြောင်းအလဲတွေ က လွန်ခဲ့တဲ့ 15 နှစ်ဆီ နောက်ပြန်သွားသလိုပါပဲ။ ဒီပုံစံ အတိုင်းသာ ဆက်ပြီး ကျင့်သုံးသွားမယ် ဆိုရင်တော့ ခံစစ် ကစားသမားတွေ အနေနဲ့ အခုလို သပ်သပ်ရပ်ရပ် ကစားပြီး ခုခံဖို့ မလွယ်တော့ပါဘူး။

အခု ဖြစ်နေတဲ့ ပုံစံက ပွဲကို ဆက်ပြီး ကစားခိုင်းမယ် ဆိုတာချည်းပါပဲ ၊ ဒီ အဓိပ္ပါယ်က ဘာလဲ ဆိုတာ ဘယ်သူမှလဲ အပြည့်အ၀ နားလည်မှာ မဟုတ်ပါဘူး။ ကျနော်တို့ က ဘောလုံးပဲ ကစားချင်တာ ဖြစ်ပေမယ့် ၊ အခုပုံစံမျိုးက အရမ်းကို အန္တရယ် များလွန်းပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ အခု အပြောင်းအလဲ က တိုက်စစ် ကို ဦးတည် ကစားတဲ့ အသင်းတွေ အတွက် အခွင့်အလမ်းသာအောင် လုပ်ပေးတာ နားလည်ပါတယ်။ ကြိုလဲ ကြိုဆိုပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ ကစားသမားတွေ ကိုလဲ အပြည့်အ၀ ကာကွယ်ပေးထားနိုင်ရမယ်လေ။ ဒီအချက်ကို လစ်လျူရှုထားလို့ မရပါဘူး။

ပွဲချိန် တော်တော်များများ မှာ ကျနော့် အသင်းက ဂိုးမသွင်းနိုင်ဘူး ဆိုပေမယ့် တော်တော်လေး ကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တချို့ အခိုက်အတန့်တွေမှာ အပြင်းအထန်ကို တိုက်ပွဲ ဝင်လိုက်ရတာပါ။ နိုင်ပွဲရပေမယ့် ၊ ဘယ်သူမှ ဒဏ်ရာ ရ မသွားတာပဲ ကံကောင်းတယ်လို့ ပြောရမှာ ဖြစ်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

BBC Sports ရဲ့ အစီအစဉ် တင်ဆက်သူ စပါး ကစားသမား ဟောင်း ဂျာမိန်း ဂျီးနပ် ကတော့ အပြောင်းအလဲတွေ လုပ်လာတာ ကြိုဆိုရမှာ ဖြစ်ပေမယ့် ၊ ကလော့ပ် လို သြဇာကြီးမားတဲ့ နည်းပြ တယောက်ဆီကနေ ထောက်ခံချက် အပြည့်အ၀ ရှိတာမျိုး ဖြစ်သင့်တယ်လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“Fouls တွေ ဖြစ်တိုင်း ခရာကို ခဏခဏ မှုတ်နေမယ် ဆိုရင် ကျနော်တို့ အားလုံး ပရီမီးယားလိဂ် ဆိုတဲ့ ဂုဏ်ပုဒ်ကို မေ့သွားနိုင်ပါတယ်။ ဒါကြောင့် ကျနော် ကတော့ အခုလို အပြောင်းအလဲတွေ လုပ်လာတာ ကြိုဆိုပါတယ်။

စည်းမျဉ်းသစ် အပြောင်းလဲ နဲ့ ပတ်သက်လို့ ကျနော် သတိထားမိသလောက်တော့ ကလော့ပ်ဟာ ပထမဆုံး ဝေဖန်လာတဲ့ နည်းပြပါ။ သူ့စိတ်ထဲမှာ ခေတ်နောက်ပြန်သွားသလို ဖြစ်နေတယ်လို့ ပြောလိုက်တော့ စိတ်တော့ မကောင်းဘူးပေါ့။

လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ဒိုင်လူကြီးတွေ ခဗျာလဲ VAR အသုံးပြုပုံ နဲ့ ပတ်သက်လို့ အမြဲတမ်း ဝေဖန်ခံခဲ့ရတာပါ။ ဒါကြောင့် အခုလို ပုံစံမျိုး နဲ့ ပြင်ဆင်နိုင်ဖို့ ချဉ်းကပ်လာတယ် လို့ မြင်ပါတယ်။

ကလော့ပ် လို နည်းပြ တစ်ယောက် က အပြောင်းအလဲတွေကို ထောက်ခံပေးတာမျိုးတော့ ဖြစ်စေချင်တာပေါ့။ ဒါပေမယ့် ဒီနေ့ပွဲ မှာ ဆိုရင် သူ့ရဲ့ ဗဟိုခံစစ်မှုး နှစ်ယောက်ဟာ ရုပ်ပိုင်းဆိုင်ရာ အားပြုပြီး တော်တော်လေး ကစားသွားရတာ သိသာလွန်းပါတယ်” လို့ သုံးသပ်သွားခဲ့ ပါတယ်။

SM