Telegraph ရဲ့ ဖော်ပြချက်အရ အာဆင်နယ် အမျိုးသမီး အသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံ ၂ ဆုရှင် အမေရိကန် တောင်ပံ တိုက်စစ် ကစားသမား Tobin Heath ကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူ နိုင်ဖို့ နီးစပ် နေပြီ ဖြစ်တယ်လို့ သိရပါတယ် ။

အာဆင်နယ် အမျိုးသမီး အသင်းဟာ Tobin Heath ကို နှစ်နှစ် စာချုပ် ချုပ်ဆို သွားမှာ ဖြစ်ပြီး စာချုပ် ကိစ္စ မကြာခင် အပြီးသတ်နိုင်တော့မယ်လို့ သိရပါတယ် ။ Tobin Heath ဟာ အာဆင်နယ် အသင်းရဲ့ အမာခံ ပရိသတ် တစ်ဦး ဖြစ်ပြီး အမ်းမရိတ်ကွင်းကို လာရောက် လည်ပတ်ဖူးသလို အော်ဘာမီယန်း နဲ့လည်း ဓါတ်ပုံတွဲရိုက်ဖူးပါတယ် ။

အမေရိကန် လက်ရွေးစင် Tobin Heath ဟာ မန်ယူနိုက်တက် အမျိုးသမီး အသင်း နဲ့ လမ်းခွဲပြီးနောက် free agent ဖြစ်နေသူ ဖြစ်တာကြောင့် အပြောင်းအရွှေ့ကာလ ကုန်ဆုံးသွားပြီ ဖြစ်ပေမယ့်လည်း အာဆင်နယ် အမျိုးသမီး အသင်းကို ပြောင်းရွှေ့လို့ ရပါတယ် ။

အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ Tobin Heath ဟာ အမေရိကန် လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း ၁၇၇ ပွဲ ကစားပေးထားပြီး ၊ မနှစ်က ယူနိုက်တက်မှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိခဲ့သူပါ ။

တိုက်စစ်မှာ နေရာစုံ ကစားနိုင်တဲ့ Tobin Heath ဟာ သူ့ရဲ့ စီနီယာ ကစားသမားဘဝ ကို New Jersey Wildcats အသင်းမှာ စတင် ခဲ့သူဖြစ်ပြီး ၊ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက် အတွက် ၈ ပွဲ ကစားပြီး ၄ ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။

ပြီးခဲ့တဲ့ရာသီက Tobin Heath ရဲ့ အမှတ်ရဖွယ် အခိုက်အတန့်ဟာ မြို့ခံပြိုင်ဘက် မန်စီးတီး အမျိုးသမီး အသင်းဘက်ကို သွင်းယူ ခဲ့တဲ့ အခိုက်အတန့်ပါ ။ Heath ဟာ မန်စီးတီးဂိုး ညာဘက် အပေါ်ထောင့်ကို လှလှပပ ကန်သွင်းပြီး ယူနိုက်တက် အတွက် အဖိုးတန် သရေတစ်မှတ် ရယူ ပေးခဲ့ပါတယ် ။

ဒါပေမယ့်လည်း နောက်ပိုင်းမှာ Heath ဟာ ခြေချင်းဝတ် နဲ့ ဒူးဒဏ်ရာကြောင့် အမေရိကန် ကို ပြန်ပြီး ဆေးကုသမှု ခံယူခဲ့ရပါတယ် ။ Heath ဟာ အမေရိကန် အမျိုးသမီး လက်ရွေးစင် အတွက်လည်း ၃၅ ဂိုးသွင်းယူ ပေးထားပြီး ၂၀၂၁ တိုကျို အိုလံပစ်မှာ ကြေးတံဆိပ်ဆုရတုန်းကလည်း အသင်းလူစာရင်းတွင် ပါဝင် ခဲ့ပါတယ် ။

အာဆင်နယ် အသင်းအနေနဲ့ Heath ကို ခေါ်ယူနိုင်တော့မယ့် အပေါ် ကျွမ်းကျင်သူတွေက တကယ့်ကို ကောင်းမွန်တဲ့ ခေါ်ယူမှုလို့ သုံးသပ် နေကြပါတယ် ။ အာဆင်နယ် အမျိုးသမီး အသင်းဟာ ဒီရာသီမှာ တိုက်စစ် အင်အားကို အထူး ဖြည့်တင်းထားပြီး အက်စတွန်ဗီလာ မှ အီဝါဘူချီ နဲ့ လိုင်ယွန် မှ ပဲရစ် တို့ကို ခေါ်ယူ ထားပါတယ် ။

အာဆင်နယ် အသင်းတိုက်စစ်မှာ အမျိုးသမီး စူပါလိဂ် ရဲ့ သွင်းဂိုးအများဆုံး ကစားသမားတွေ ဖြစ်ကြတဲ့ မီဒမ်မာ နဲ့ ပဲရစ် တို့ ရှိနေချိန်မှာ Heath ပါ ထပ်ရောက်လာတော့မှာ ဖြစ်တာကြောင့် တကယ့်ကို ရင်ခုန် စိတ်လှုပ်ရှားဖွယ်ရာ တိုက်စစ် အစုအဖွဲ့ကို မြင်တွေ့ခွင့်ရတော့မှာပါ ။

အာဆင်နယ် အမျိုးသမီး အသင်းဟာ အမျိုးသမီး စူပါလိဂ် အဖွင့်ပွဲစဉ် အဖြစ် လက်ရှိ ချန်ပီယံ ချဲလ်ဆီး အမျိုးသမီး အသင်း နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။

SM