ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ မန်ချက်စတာ ယူနိုက်တက် တကျော့ပြန် ခရီးဟာ ပရီးမီးယားလိဂ် ကို ရော ယူနိုက်တက် ကိုပါ များစွာ အကျိုးအမြတ် ဖြစ်ထွန်း စေခဲ့ ပါတယ် ။ ရိုနယ်ဒို ကို ခေါ်ယူ စာချုပ် အပြီး နာရီ အနည်းငယ် အတွင်းမှာ ယူနိုက်တက် ရဲ့ အစုရှယ်ဟာ တန်ဖိုးဟာ ထိုးတက် ခဲ့သလို ဆိုရှယ်မီဒီယာ ထက် မှာလည်း ပရိသတ်တွေ သန်းချီ တိုးပွား လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် မှာ ရိုနယ်ဒို ဘယ် ဂျာစီကို ဝတ်ဆင် ရမလဲ ဆိုတာ သိရဖို့ ကိုတော့ ရက်အနည်းငယ် စောင့်ခဲ့ရ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် ပရိသတ်တွေ ကတော့ ရိုနယ်ဒို ရဲ့ အမည်ပါ ဂျာစီတွေကို ကြိုတင် မှာယူ ၊ ဝယ်ယူ နေကြပါပြီ ။

ယမန်နေ့ ညမှာတော့ ရိုနယ်ဒို ဟာ ယခင်က သူ ဝတ်ဆင် ခဲ့တဲ့ ကျောနံပါတ် ၇ ကို ပြန်လည် ဝတ်ဆင် ခွင့် ရရှိကြောင်း မန်ချက်စတာ ယူနိုက်တက် က ကြေညာ သွားခဲ့ ပါတယ် ။ လက်ရှိ နံပါတ် ၇ ပိုင်ရှင် ကာဗာနီ ဟာ လိဒ် ကို ပြောင်းသွားတဲ့ ဒန်နီရယ် ဂျိမ်းစ် ရဲ့ နံပါတ် ၂၁ ကို ဝတ်ဆင် သွားမှာပါ ။

ဒီကြေညာချက် ထွက်ပေါ် အပြီး မှာတော့ ရိုနယ်ဒို ရဲ့ အမည် နဲ့ ကျောနံပါတ် ၇ ပါတဲ့ ဂျာစီ အမှာစာတွေ ဟာ နာရီတိုင်းမှာ ထောင်သောင်းချီ ရှိလာခဲ့ ပါတယ် ။ ယူနိုက်တက် ရဲ့ ဂျာစီ စပွန်ဆာ ဖြစ်တဲ့ Adidas ကိုယ်တိုင် ဂျာစီတွေကို သတ်မှတ် ချိန် အတွင်း ရောင်းချ နိုင်ဖို့ အခက်အခဲတွေ ရှိလာခဲ့တယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။ ဒါဟာ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ အကျိုးသက်ရောက်မှု ပါပဲ ။

ရိုနယ်ဒို ဟာ လာမယ့် စက်တင်ဘာ ၁၁ ရက်နေ့ မှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက် – နယူးကာဆယ် ပွဲစဉ် မှာ ယူနိုက်တက် နဲ့ စတင်ပွဲထွက် မယ်လို့ သတင်းကြီး နေပြီး အဆိုပါ နေ့မတိုင်ခင် ဂျာစီ ရောင်းအားဟာ စံချိန်တင်လောက်မယ် လို့ ခန့်မှန်း ထားကြပါတယ် ။

ဒါပေမယ့် Adidas ကတော့ ဂျာစီတွေကို အလျင်းမီအောင် ထုတ်လုပ်ဖို့ ခက်ခဲ နေပါတယ် ။ ဗိယက်နမ် မှာ ရှိတဲ့ သူတို့ရဲ့ စက်ရုံတွေဟာ ကိုဗစ်ကြောင့် ပိတ်သိမ်း ထားရပြီး Adidas ဂျာစီ ထုတ်လုပ်ရေးရဲ့ ၂၅% ကို တာဝန်ယူ ပေးနေတဲ့ ဒီစက်ရုံတွေ ပိတ်ထားရမှုဟာ နာမည်ကျော် ဘောလုံး ထုတ်ကုန်ကြီးကို ထိခိုက် နစ်နာစေခဲ့ ပါတယ် ။

“အရမ်းကို ရောင်းအား မြင့်မားလာမယ့် အခြေအနေ အတွက် ကျွန်တော်တို့ မန်ယူနိုက်တက် အသင်းနဲ့ အတူ ချိတ်ဆက် လုပ်ဆောင် နေပါတယ် ။ ဒါပေမယ့် လက်ရှိ အနေအထား နဲ့ ကတော့ မျှော်လင့် ထားသလောက် ရနိုင်ဖို့ မလွယ်ကူပါဘူး” လို့ Adidas ရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောဆို သွားခဲ့ ပါတယ် ။

ဒီကြာမြင့်မှု ဟာ ၄ လ ခန့်အထိ ရှည်ကြာနိုင်ပြီး ရိုနယ်ဒို ရဲ့ အမည် နဲ့ ကျောနံပါတ် ၇ ပါဝင်တဲ့ ဂျာစီ အချို့ဟာ ဆိုရင် နိုဝင်ဘာ အထိစောင့်ရနိုင်တယ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဝက်ဘ်ဆိုက်မှာပင် အသိပေး ထားတယ်လို့ သိရ ပါတယ် ။ ယူနိုက်တက် အတွက်တော့ ကြီးမားတဲ့ အမြတ်အစွန်း ရရှိမှု ကို လက်လွှတ် ရတော့မယ့် ပုံပါပဲ ။

ရိုနယ်ဒို ကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပေါ်တူဂီ အတွက် ၂ ဂိုး သွင်းယူ ခဲ့ပြီး ၁၁၁ ဂိုးနဲ့ လက်ရွေးစင် အသင်း သမိုင်းတလျောက် ဂိုးအများဆုံး သွင်းယူသူ အဖြစ် အလီဒါယီ ရဲ့ အရေအတွက် ကို ကျော်ဖြတ်ကာ စံချိန်သစ်ရှင် ဖြစ်လာခဲ့ ပါတယ် ။ အဲ့ဒိ ပွဲမှာ အကျီချွတ် အောင်ပွဲ ခံခဲ့တာကြောင့် အဝါကတ် ထိခဲ့ပြီး ရိုနယ်ဒို ဟာ အဇာဘိုင်ဂျန် နဲ့ ကစားမယ့် ပွဲကို လွဲချော် သွားခဲ့ ပါတယ် ။

ဒီလို လွဲချော်မှုကြောင့် တိုက်စစ်မှူးကြီး ဟာ ပေါ်တူဂီ အသင်း ကနေ စောစော အိမ်ပြန်ခွင့် ရခဲ့ပြီး ယူနိုက်တက် နဲ့ ပြန်လည် ပူးပေါင်း ဖို့ အတွက် အင်္ဂလန် မှာ ၅ ရက် ကွာရန်တင်း ဝင်ရောက် နိုင်တော့ မှာပဲ ဖြစ်ပါတယ် ။ နယူးကာဆယ် နဲ့ ကစားမယ့် ပွဲက လက်မှတ်တွေ ဟာလည်း ပြန်ရောင်း ဈေးကွက်မှာ ပေါင် ၇၀၀ ကနေ ပေါင် ၂၅၀၀ အထိ ဈေးတက် သွားခဲ့တယ်လို့လည်း ကြားသိရ ပါတယ် ။

SPORTS MYANMAR