ဂါဘီအဘွန်လာဟောက ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို ချဲလ်ဆီး အသင်း ဗိုလ်စွဲသွားလိမ့်မယ်လို့ တစ်ပေးသွားခဲ့ကာ မန်ချက်စတာယူနိုက်တက် နဲ့ လီဗာပူး တို့ကတော့ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ရန် လုံလောက်တဲ့ အရန်အင်အား ရှိမနေဘူးလို့ ဆိုသွားပါတယ်။ ချဲလ်ဆီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ခရစ်စတယ်ပဲလေ့စ် နဲ့ အာဆင်နယ် တို့ကို အနိုင်ရထားကာ အန်ဖီးမှာ လီဗာပူးကို ဒုတိယပိုင်း တစ်ပိုင်းလုံး လူတစ်ယောက်လျော့နဲ့ ၁ ဂိုးစီ သရေကစား နိုင်ခဲ့ပါတယ်။

 

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ လူစာရင်းကို စီးရီးအေ ထိပ်တန်း ဂိုးသွင်းရှင် ရိုမီလူလူကာကူ နဲ့ အက်သလက်တီကို ကွင်းလယ်လူ ဆာအူးနီဂွက်ဇ် တို့ကို အားဖြည့်ထား ခဲ့ပါတယ်။ မန်ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ရော်နယ်ဒို ၊ ဆန်ချို နဲ့ ဗာရန်း တို့ကို ခေါ်ယူထားကာ မန်စီးတီး ကလည်း ဂျက်ဂရီလစ်ချ်ကို အားဖြည့် ထားခဲ့ပေမယ့်လည်း ဗီလာ တိုက်စစ်မှုးဟောင်းက မန်ချက်စတာကလပ် ၂ ခုစလုံးဟာ အဓိက နေရာတွေမှာ ကစားသမား လိုအပ်မှုတွေ ရှိနေတယ်လို့ ယုံကြည် နေပါတယ်။

အဘွန်လာဟောက “ရော်နယ်ဒိုကို ခေါ်ယူလိုက်ပြီးနောက် မန်ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့ အတွက် လုံလောက် သွားပြီလား? ကျွန်တော် ကတော့ ဒီလို မထင်ပါဘူး။ သူတို့ဟာ ပွဲတွေကို ထိန်းချုပ်ကစားနိုင်တဲ့ ကွင်းလယ်လူ တစ်ဦး ခေါ်ယူဖို့ လိုအပ်နေပါသေးတယ်။ ဂျော်ဂျင်ညိုဟာ ချဲလ်ဆီးရဲ့ ကစားကွက်ကို ကွင်းလယ်ကနေ ထိန်းကျောင်းပေးနေသလို ဂွန်ဒိုဂန် ကလည်း မန်စီးတီး အတွက် ဒီလို လုပ်ပေးနေပါတယ်။ ဒါဟာ ဘောလုံးရဲ့ အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ စတား player ရှိနေရုံနဲ့ မလုံလောက်ပါဘူး။

ကျွန်တော် ကတော့ ဒီရာသီ အမှတ်ပေးဖလား အတွက် ချဲလ်ဆီး နဲ့ မန်စီးတီး တို့ပဲ အဓိက ယှဉ်ပြိုင် သွားရလိမ့်မယ်လို့ ထင်ပါတယ်။ ဂျက်ဂရီလစ်ချ်ဟာ စီးတီးကို ပုံစံတစ်မျိုး ပေးစွမ်းနိုင်မယ့် အပြင် သူတို့ကို ပိုပြီး အရည်အသွေး မြင့်သွားစေမှာပါ။ အမှန်ပါပဲ။ သူတို့ တိုက်စစ်မှုး တစ်ဦး ခေါ်ယူခဲ့သင့်ပေမယ့် ဖာရန်းတောရက်စ်ဟာ ဒီနေရာမှာ ကစားနိုင်စွမ်း ရှိတယ်ဆိုတာ ပြသထားပါတယ်။

ဒါ့အပြင် ဒီရာသီ ပုံစံကောင်းကို ပြသနေတဲ့ ဂါဘရီရယ်ဂျီဆုလည်း ရှိနေပါသေးတယ်။ ဒါ့ကြောင့င် စီးတီးဟာ အပြောင်းအရွေ့ဈေးကွက်မှာ ကောင်းမွန်တဲ့ အားဖြည့်မှု လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် ကတော့ ချဲလ်ဆီးကသာ အတောင့်တင်းဆုံး အသင်းလို့ ယူဆပါတယ်။ သူတို့ဟာ စီးတီးကို ပွတ်ကာသီကာ အသာရကာ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။” လို့ ဆိုသွားပါတယ်။

 

ဆက်လက်ပြီး အဘွန်လာဟောက ပြီးခဲ့တဲ့နွေရာသီက နောက်ခံလူ ကိုနာတေး တစ်ဦးတည်းကိုသာ အားဖြည့်ခဲ့တဲ့ လီဗာပူးရဲ့ အရန်အင်အား မတောင့်တင်းမှုကို စိုးရိမ်မိတယ်လို့ ပြောလိုက်ပါတယ်။

ဗီလာ တိုက်စစ်မှုးဟောင်းက “လီဗာပူးဟာ ထိပ်တန်း အသင်းအဖြစ် ရှိနေဆဲပါ။ ဒါပေမယ့် အဓိက ကစားသမားတွေသာ ဒဏ်ရာ ပြသနာတွေသာ ကြုံတွေ့ခဲ့ရမယ် ဆိုရင် သူတို့ အတော် ဒုက္ခရောက်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အရန်လူစာရင်းဟာ ထိပ်တန်း အဆင့်မှာ ရှိမနေလို့ပါ။ ချဲလ်ဆီးနဲ့ ပွဲမှာ ကလော့ဟာ သူ့ရဲ့ အရန်ခုံတန်းကို ကြည့်ခဲ့ပြီး ကီတာ ၊ ချိန်ဘာလိန် နဲ့ မီနာမီနို တို့ကိုပဲ တွေ့ခဲ့ကာ ရောဘတ်ဆန် ရဲ့ နေရာမှာ ဆီမီကတ်စ် ကိုပဲ ထည့်သွင်းနိုင်ခဲ့ပါတယ်။ နိုင်ပွဲရယူဖို့ လိုအပ်နေတဲ့ အချိန်မှာ အရန်အင်အားဟာ အရေးကြီးလှပါတယ်။

ချဲလ်ဆီးတို့ ဂိုးရှေ့မှာ လူ ၁၀ ယောက်လောက်နဲ့ ပိတ်ဆို့ ကစားနေတဲ့ အချိန်မှာ ကိုယ့်အသင်း သွင်းဂိုး လိုအပ်နေတဲ့ အခါ ချိန်ဘာလိန် နဲ့ မီနိုမီနို တို့ဟာ ပွဲကို အဆုံးအဖြတ် မဖြစ်စေနိုင်ပါဘူး။ ကျွန်တော် ကတော့ လီဗာပူးရဲ့ အရန်အင်အား မတောင့်တင်းမှုဟာ သူတို့ကို ဆုံးရှုံးမှုတွေ ရှိစေလိမ့်မယ်လို့ ထင်ပါတယ်။” လို့ ပြောခဲ့ပါတယ်။

SPORTS MYANMAR