မန်ချက်စတာ ယူနိုက်တက် ဟာ ဒီကနေ့ ညမှာ ဝက်ဟမ်း ယူနိုက်တက် အသင်း နဲ့

အဝေးကွင်း ပွဲစဉ် ကို ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ်ပါတယ် ။

ဒီပွဲ ဟာ ဒီရာသီမှာ ၁၀ မှတ်စီ နဲ့ အခြေအနေ ကောင်းနေ ကြတဲ့ အသင်း ၂ သင်း ထိပ်တိုက် တွေ့ဆုံ ကြတာ ဖြစ်ပြီး

ဘယ်လို ရလဒ် ထွက်ပေါ် လာမလဲ ဆိုတာ စိတ်ဝင်စား စရာ ကောင်းနေပါတယ် ။

ယူနိုက်တက် ရော ဝက်စ်ဟမ်း ပါ ကြားရက်တွေမှာ ဥရောပ ပွဲတွေ ကစား ထားခဲ့ပြီး

ခြားနားတဲ့ ရလဒ်တွေကို ရရှိ ခဲ့ကြပါတယ် ။

ဆိုးရှား ရဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ အဝေးကွင်းမှာ ယန်းဘွိုင်းစ် ကို ရှုံးနိမ့် ခဲ့ပေမယ့်

ဒေးဗစ် မိုရက်စ် ရဲ့ ဝက်စ်ဟမ်း ကတော့ ယူရိုပါလိဂ် မှာ ၃ မှတ် ရခဲ့ ပါတယ် ။

ခုည ပွဲမှာ ဝက်စ်ဟမ်း ရဲ့ အားထားရတဲ့ တိုက်စစ်မှူး အန်တိုနီယို ပါဝင် နိုင်မှာ မဟုတ်ပေမယ့်

ဒီကလန်ရိုက်စ် ၊ တိုမက် ဆူချက် ၊ ဘိုဝင် တို့ အပါအဝင် အင်အား တောင့်တင်းစွာ နဲ့ ဧည့်ခံ နိုင်ဖို့ သေချာ နေပါတယ်

ယူနိုက်တက် ကတော့ ဒီည ပွဲမှာ ရလဒ်ကောင်းကို ယူဆောင်ပြီး ယန်းဘွိုင်းစ် နဲ့ ပွဲက မျက်နှာပျက်မှုကို

ပြန်လည် ချေဖျက် နိုင်ဖို့ ကြိုးစား သွားရမှာပါ ။

ပြီးခဲ့တဲ့ ပွဲတွေ မှာ ဒဏ်ရာကြောင့် မပါဝင် နိုင်တဲ့ စကော့တလန် ကွင်းလယ်လူ မက် တော်မီနေး ဟာ

လန်ဒန် ကို ထွက်ခွာ သွားတဲ့ လူစာရင်းမှာ ပြန်လည် မြင်တွေ့ ခဲ့ရ ပါတယ် ။

ဒါပေမယ့် ဆိုးရှား ကတော့ တော်မီနေး ဒဏ်ရာ ပြန်ရသွား နိုင်တာကြောင့်

ဖရက်ဒ် ကိုသာ ဒီည ပွဲမှာ ဆက်လက် အသုံးပြု သွားဖို့ ရှိနေပါတယ် ။

 

ပေါ့ဘာ နဲ့ ဖာနန်ဒက်စ် တို့ ကတော့ ဖရက်ဒ် နဲ့ အတူ ကွင်းလယ် မှာ ဆက်လက် ပါဝင် လာဦးမှာပါ ။

ရှေ့တန်း မှာတော့ ချန်ပီယံလိဂ် မှာ ထည့်မသုံးဖြစ်ခဲ့တဲ့ မေဆင် ဂရင်းဝုဒ် ပြန်ပါလာ နိုင်ပြီး

ဆန်ချို နဲ့ တောင်ပံ တဘက်စီ မှာ ကစားသွားဖို့ ရှိနေပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို ကတော့ အထောင် တိုက်စစ်မှူး နေရာကနေ ပွဲထွက်လာဖို့ အသေအချာပါပဲ ။

ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာ ဟာ ဒီရာသီ အစမှာ ကောင်းမွန်တဲ့ ပုံစံ တွေကို ပြသနေပြီး

၄ ပွဲ ကစား အပြီးမှာ ၇ ဂိုး အထိ ဖန်တီးပေးထား နိုင်ခဲ့ ပါတယ် ။

ဒါဟာ ပြောင်မြောက်တဲ့ စွမ်းဆောင်ထားနိုင်မှု တခု ဖြစ်ပြီး အကယ်၍သာ ဒီညမှာ ပေါ့ဘာ ဂိုးဖန်တီးမှု

ထပ်လုပ်ပြ နိုင်မယ် ဆိုရင်တော့ ဟယ်ရီကိန်း နဲ့ သီယာရီ အွန်နရီ တို့ ရယူ ထားတဲ့ မှတ်တမ်းကောင်း တခု ကို ကျော်ဖြတ် သွားနိုင် မှာပဲ ဖြစ်ပါတယ် ။

အွန်နရီ နဲ့ ဟယ်ရီကိန်း တို့ ဟာ ပရီးမီးယားလိဂ် အဖွင့် ၅ ပွဲ အပြီးမှာ ၇ ဂိုး ဖန်တီးထားနိုင်မှု နဲ့

အများဆုံး စံချိန်ကို ပူးတွဲ ရယူ ထားခဲ့ကြပါတယ် ။

အွန်နရီ ဟာ ၂၀၀၄-၀၅ ရာသီမှာ ဒီ မှတ်တမ်းကောင်းကို ပထမဆုံး ရခဲ့တာ ဖြစ်ပြီး

ဟယ်ရီကိန်း ကတော့ မနှစ်က ရာသီ တုန်းက ရရှိ ခဲ့တာပဲ ဖြစ်ပါတယ် ။

ပေါ့ဘာ ကလည်း ၄ ပွဲ ကစားအပြီးမှာ ၇ ဂိုး ဖန်တီး ပေးထားနိုင်ပြီ ဖြစ်တာကြောင့်

ဒီညမှာ ၁ ဂိုး ဖန်တီးလိုက်နိုင်ရုံ နဲ့ စံချိန်သစ် ပိုင်ရှင် ဖြစ်လာတော့မှာပါ ။

ဒါ့အပြင် ပေါ့ဘာ ရဲ့ စွမ်းဆောင်မှုကောင်းကြောင့် ဒီရာသီ အကုန်မှာ ပရီးမီးယားလိဂ် ရဲ့ ဂိုးဖန်တီးမှု စံချိန်သစ် ကို ရယူ သွားနိုင် မလား ဆိုတာ စိတ်ဝင်စား စရာ ကောင်းတဲ့ မေးခွန်း ဖြစ်လာခဲ့ ပါတယ် ။

ဒီစံချိန် ကိုလည်း အွန်နရီ နဲ့ ကီဗင် ဒီဘရိုင်းနား တို့ ပူးတွဲ ပိုင်ဆိုင် ထားတာ ဖြစ်ကာ

ဂိုး ၂၀ စီ ဖန်တီး ထားနိုင် ခဲ့ကြတာပဲ ဖြစ် ပါတယ် ။

ပေါ့ဘာ အတွက်တော့ ဂိုး ၂၀ ဖန်တီး နိုင်ဖို့ ဆိုတာ အဝေးကြီး လိုနေ သေးပေမယ့်

၈ ဂိုးမြောက် ဖန်တီးမှု ကို ဒီညမှာ ရရှိ နိုင်မလား ဆိုတာ သိရဖို့ အချိန် သိပ်မလိုတော့ ပါဘူး . . . ။

SPORTS MYANMAR