အာဆင်နယ် အသင်းဟာ လာမယ့် အပတ် တနင်္ဂနွေနေ့မှာ မြောက်လန်ဒန်ဒါဘီ အဖြစ် တော့တင်ဟမ် အသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ် ။ ဒီရာသီ ပထမဆုံး ကစားမယ့် မြောက်လန်ဒန် ဒါဘီပွဲ ဖြစ်ပါတယ် ။

ပွဲကစားဖို့ အချိန်တွေ လိုနေသေးပေမယ့် ပွဲကြို သုံးသပ်မှုတွေကတော့ ရှိနေပါပြီ ။ မန်ယူနိုက်တက် ဂန္တဝင် ကွင်းလယ်လူဟောင်း ရွိုင်ကိန်း က မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ် အသင်းဟာ တော့တင်ဟမ် အသင်းထက် ပိုအလေးသာ နေကြောင်း ဆိုပါတယ် ။

 

အာဆင်နယ် နဲ့ တော့တင်ဟမ် အသင်းဟာ ဒီရာသီမှာ ဆန့်ကျင်ဘက် ရလဒ်တွေ ထွက်ပေါ် နေတဲ့ အသင်းတွေ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီရာသီ အဖွင့် ပွဲစဉ် ၃ ပွဲဆက် ရှုံးပွဲ တွေ့ထား​ပေမယ့် နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ရယူထားနိုင်ပါတယ် ။ တော့တင်ဟမ် အသင်းကတော့ အဖွင့်ပွဲစဉ် ၃ ပွဲဆက် နိုင်ပေမယ့် နောက်ဆုံး ၂ ပွဲဆက် ပြန်ရှုံးထားပါတယ် ။

ပြီးခဲ့တဲ့ အပတ်ကစားခဲ့တဲ့ ပွဲမှာလည်း အာဆင်နယ် အသင်းဟာ ဘန်လေကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရခဲ့ပြီး တော့တင်ဟမ် အသင်းကတော့ မြို့ခံပြိုင်ဘက် ချဲလ်ဆီး အသင်းကို ၃ ဂိုး ဂိုးမရှိ နဲ့ ဂိုးပြတ် ရှုံးနိမ့် ထားပါတယ် ။

ရွိုင်ကိန်း က တော့တင်ဟမ် ၀-၃ ချဲလ်ဆီး ပွဲအပြီးမှာလာမယ့် အပတ်မှာ ကစားမယ့် မြောက်လန်ဒန်ဒါဘီ ကို သုံးသပ် သွားခဲ့ပါတယ် ။ ” ပြီးခဲ့တဲ့ အပတ် စွမ်းဆောင်ရည်အရဆိုရင် အာဆင်နယ် အသင်းက အနိုင်ရဖို့ ပိုအလေးသာပါတယ် ၊ တော့တင်ဟမ် အသင်းက တစ်ပတ်အတွင်း ၈ ဂိုးအထိ ပေးခဲ့ရပါတယ် ။ “

” အာဆင်နယ် ပိုအလေးသာတယ် လို့ ပြောပေမယ့် တော့တင်ဟမ် အသင်းကလည်း အရည်အသွေး ရှိတဲ့ အသင်းတစ်သင်းပါ ။ ဒီနေ့ပွဲမှာ ဆွန်က ပွဲထဲ ပါကော ပါရဲ့လားတောင် ဖြစ်နေခဲ့ပါတယ် ၊ ဟယ်ရီကိန်း ပုံစံကောင်းရရင် တော့တင်ဟမ် က နိုင်ပွဲတွေ ရယူနိုင်စွမ်း ရှိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် တွေ့ဆုံမှုမှာတော့ တော့တင်ဟမ် နဲ့ အာဆင်နယ် တစ်ပွဲစီ အနိုင်ရထားပါတယ် ။ တော့တင်ဟမ် အသင်းဟာ အိမ်ကွင်းမှာတုန်းက အာဆင်နယ် ကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီး အာဆင်နယ် ကလည်း သူ့ရဲ့ အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင် ရခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီကြားရက်မှာ ခါရာဘောင်း ဖလားပွဲစဉ် အဖြစ် ဝင်ဘယ်ဒန် အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး တော့တင်ဟမ် ကတော့ ဝုလ်ဗာဟမ်တန် နဲ့ ကစားရမှာပါ ။

SM