စပါးကွင်းလယ်လူဟောင်း ဂျေမီအိုဟားရားက ချဲလ်ဆီး လီဗာပူး မန်ချက်စတာစီးတီး နဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ လာမည့် ၁၀ နှစ် ၁၅ နှစ်ထိ ပရီးမီးယားလိဂ် ပြိုင်ပွဲကို လွှမ်းမိုးထားနိုင်မယ့် အသင်းတွေ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ အိုဟားရားက top 4 ပြင်ပက အသင်းတွေ အနေနဲ့ ဒီ ၄ သင်းကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်မယ်လို့ သူမမြင်မိကြောင်း ပြောလိုက်ပါတယ်။

အင်္ဂလန် ကွင်းလယ်လူဟောင်းဟာ အဆိုပါ ၄ သင်းဟာ အခြား ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးသာနေသလို သူတို့ဟာ လက်စတာ နဲ့ စပါး တို့အတွက် တအားကောင်းပြီး တအား ပါဝါကြီးလွန်းနေတယ်လို့ ယုံကြည်နေပါတယ်။

အိုဟားရားက “ကျွန်တော် ကတော့ လာမည့် ၁၀ နှစ် ၁၅ နှစ် အတွင်း ဒီ top 4 အသင်းတွေ (မန်ယူနိုက်တက် မန်စီးတီး လီဗာပူး ချဲလ်ဆီး) တွေကလွဲပြီး အခြား အသင်းတွေ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ မမြင်မိပါဘူး။ ဒီ ၄ သင်းဟာ အခုဆိုရင် ပြိုင်ဘက်အသင်းတွေနဲ့ မတူညီတဲ့ level မှာ ရှိနေကြပါတယ်။ သူတို့ဟာ တအားကောင်းလွန်း နေပါတယ်။ သူတို့ဟာ တအားလည်း ပါဝါကြီး နေပါတယ်။ သူတို့ဟာ ဘယ်ကစားသမားကို မဆို ခေါ်ယူနိုင်စွမ်း ရှိနေကြပါတယ်။” လို့ ပြောလိုက်ပါတယ်။

 

ဝက်ဟမ်းအသင်းဟာ လွန်ခဲ့တဲ့ ၂၀၁၅-၁၆ ခုနှစ်က ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ လက်စတာစီးတီး လိုမျိုး အံ့ဖွယ် သမိုင်းဝင် အောင်မြင်မှုကို ရယူနိုင်စွမ်း ရှိသလား ဆိုတဲ့ မေးခွန်း အပေါ် အိုဟားရားက အဆိုပါ ၄ သင်းရဲ့ ကြီးမားတဲ့ လွှမ်းမိုးမှုကြောင့် ဒီလို ထပ်ဖြစ်လာလိမ့်မယ်လို့ မထင်မိကြောင်း ဝန်ခံသွား ပါတယ်။

အိုဟားရားက “ဝက်ဟမ်းဟာ အကောင်းဆုံး လုပ်ပြနေပါတယ်။ သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေဟာ တကယ့်ကို ချီးကျူးစရာပါ။ ဒါပေမယ့် သူတို့ အဆင့် ၅ ပဲ အများဆုံး ရပါလိမ့်မယ်။ ဒါဟာ ဒီအချိန် သူတို့ ပစ်မှတ်ထားသွားရမယ့် အရှိတရား ပါပဲ။ လာမည့် ၁၀ နှစ်လောက် အထိ ဘယ်အသင်းမှာ ဒီ top 4 အသင်းတွေနားကို ကပ်နိုင်လိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ တကယ့်ကို မမြင်မိတာပါ။

ဒီ ၄ သင်း ကလွဲပြီး အခြား အသင်းတွေ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်လိမ့်မယ်လို့ ကျွန်တော် မမြင်မိပါဘူး။ ဒီ ၄ သင်းဟာ တအားကို တောင့်တင်းလွန်း နေပါတယ်။ သူတို့ ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေကို ကြည့်လိုက်ပါ။ ကစားသမားတွေ အတွက် သူတို့ ငွေကြေး ဘယ်လောက် သုံးစွဲနိုင်သလဲ ဆိုတာ ကြည့်လိုက်ပါ။ ဘယ်သူမှ သူတို့ကို မထိနိုင်ပါဘူး။ သူတို့ကို ကျော်ဖြတ်ကာ အသင်းတစ်သင်း ဗိုလ်စွဲနိုင်မယ် ဆိုရင် ကျွန်တော် နှစ်သက်မိမှာပါ။ ဒါပေမယ့် လက်စတာနဲ့ စပါး တို့ဟာ သူတို့ကို လိုက်မမှီနိုင်ပါဘူး။” လို့ ပြောလိုက်ပါတယ်။

SM