အန်ဖီးလ် မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူး အသင်းက အာဆင်နယ် အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရ ခဲ့ပါတယ်။ဒါကြောင့် လည်းရာသီ သစ် ပရီးမီးယားလိဂ်မှာ ပွဲတိုင်း အနိုင်ရတဲ့ တသင်းတည်းသော အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီး အမှတ်ပေးဇယားကို ဆက်ပြီးဦးဆောင်သွားနိုင်ခဲ့ပါတယ်။

အင်္ဂလန် ရဲ့ အအောင်မြင်ဆုံး အသင်းတသင်းဖြစ်တဲ့ လီဗာပူးတို့ဟာ ပရီးမီးယားလိဂ် လို့ အမည်ပြောင်း ပြီးကတည်းက အမှတ်ပေးချန်ပီယံဆုကြီးနဲ့ ဝေးနေခဲ့တာဖြစ်ပါတယ်။နည်းပြကလော့ပ်ရဲ့ လက်ထက်မှာတော့ အဆိုပါအောင်မြင်မှု နဲ့အတော်လေးနီးနီးစပ်စပ်အခြေနေတွေကို ပိုင်ဆိုင်နေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ စုစုပေါင်း ၉၇ မှတ်အထိ ရခဲ့ပေမယ့် ချန်ပီယံမန်စီးတီး အသင်းရဲ့ နောက်တမှတ်အကွာ ဒုတိယနေရာသာ ရရှိခဲ့လို့ ကပ်လွဲခဲ့ရပါတယ်။ဒါပေမယ့် သူတို့ရဲ့ သမိုင်းတလျှောက် ဆဋ္ဌမမြောက် ချန်ပီယံလိဂ် ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ရာသီ ကလိုပဲ အခုရာသီမှာလည်း မန်စီးတီး အသင်းကို ဖိအားတွေ ပေးသွားဖို့ ရှိနေတာဖြစ်ပြီး လတ်တလောမှာ ရမှတ် ၂မှတ် အသာရနေတာဖြစ်ပါတယ်။ယူနိုက်တက်ဂန္တဝင် တဦးဖြစ်တဲ့ ဂယ်ရီနဗီးလ်ကတော့ ပရီးမီးယားလိဂ်ဆုဖလားကြီးဟာ လီဗားပူး အသင်း မရရအောင် လုပ်ရမယ့် အရာတခုဖြစ်တယ် လို့ ဆိုပါတယ်။

Blood Red အစီအစဉ်မှာ နဗီးလ် က- ” လီဗာပူး အသင်းရအောင်လုပ်ရမယ့် အရာ တခုတည်းပဲရှိပါတယ်။သူတို့အနေနဲ့ ပရီးမီးယားလိဂ်ဖလားကြီးကို ရအောင် လုပ်ရမှာဖြစ်ပါတယ်။နည်းပြကြီးကလော့ပ်အနေနဲ့ ဒီကိုရောက်နေတာသုံး လေး ရာသီကြာနေပြီဖြစ်ပြီး အသင်းကလည်း နှစ်တိုင်းတိုးတက်မှုတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကဆိုရင် ချန်ပီယံလိဂ်ဖလားကြီးကို ရယူနိုင်ခဲ့ပြီး မန်စီးတီး အသင်းကို သူတို့လိုက်လံဖိအားပေးခဲ့တဲ့အမှတ်ပေးဖလားအားပြိုင်မှု မျိုး ကျွန်တော် အရင်က မြင်တောင်မမြင်ဖူးပါဘူး။သူတို့စုဆောင်းရရှိခဲ့တဲ့ အမှတ်တွေကလည်း အံ့မခန်းပါပဲ။

ဒါပေမယ့် ပရီးမီးယားလိဂ်ဖလားဆိုတာသူတို့ မရမနေ ရှာဖွေသွားဖို့ လိုတဲ့ အောင်မြင်မှု တခုဖြစ်ပါတယ်။ဒီဆုကို လီဗာပူး အသင်းမရခဲ့တာ လည်း အတော်လေးကြာနေပါပြီ။ဒါပေမယ့်မန်စီးတီး အသင်းပဲထပ်ပြီး ဗိုလ်စွဲဦးမယ်လို့တော့ကျွန်တော်ယူဆပါတယ်။

ရာသီအစပိုင်းရက်သတ္တပတ်တွေမှာတော့ သူတို့ ၂ သင်းဟာတူညီတဲ့ ပုံစံမျိုးတွေမှာရှိနေပါတယ်။တသင်းနဲ့ တသင်းအမှတ်အကွာမခံကြပါဘူး။ဒီအချိန် လီဗာပူး အသင်းရဲ့ ခြေစွမ်းကတော့ အံ့မခန်းပဲ လို့ ကျွန်တော်ကတော့ထင်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ လာမယ့်ပွဲစဉ်မှာ ဘန်လေ အသင်းကို အဝေးကွင်းမှာသွားရောက် ရင်ဆိုင်ရမှာဖြစ်ပါတယ်။